“ပြည်ခိုင်ဖြိုး၊ ပြန်လာနိုင်ဦးမလား”

“ပြည်ခိုင်ဖြိုး၊ ပြန်လာနိုင်ဦးမလား”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က နေပြည်တော် ဂရင်းအမရာ ဟော်တယ်မှာ ရွေးကောက်ပွဲ လွန်ကာလ ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် တိုင်းနဲ့ပြည်နယ်က ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတွေ၊ ရွေးကောက်ပွဲ အရာရှိတွေလည်း တက်ကြပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ပြန်လည် သုံးသပ်တာပါပဲ။ ဒီကနေ့ အဲဒီ လုပ်ငန်းစဉ်တွေကို ပြန်ပြော၊ ပြန်ဝေဖန်ဖို့ မရည်ရွယ်ပါဘူး။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကြောင့် ပြောင်းလဲသွားတော့မယ့် ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအကြောင်းနဲ့ အပြတ်အ သတ် ရှုံးနိမ့်သွားရတဲ့ ပြည်ခိုင်ဖြိုးပါတီ စင်မြင့်ပေါ် ပြန်ရောက်လာနိုင်ပါ့ဦးမလားဆိုတဲ့ မေးခွန်းကို ဖြေကြည့်ဖို့ပဲ ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီ အပြတ်အသတ် အနိုင်ရရှိမှုဟာ ဖွဲ့စည်းခဲ့ပြီဖြစ်တဲ့ လွှတ်တော်သစ်နဲ့ သိပ်မကြာခင် ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ် ပုံစံကို အပြောင်းအလဲ ဖြစ်စေမယ်ဆိုတာ အားလုံးသိကြပေမယ့် လာမယ့်ရွေးကောက်ပွဲတွေ အားလုံးအတွက် လည်း အပြောင်းလဲကြီး ပြောင်းလဲသွားတော့မယ် ဆိုတာကို သိသူက နည်းလှပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုရင် အရေးကြီးတာက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေပါ။ အရင်တုန်းကတော့ ဒီဥပဒေ နည်းဥပဒေတွေကို စစ်အာဏာရှင်တွေက တဖက် သတ် ရေးဆွဲ ပြဌာန်းခဲ့ကြပြီး အဲဒီ ဥပဒေတွေနဲ့ပဲ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။ ဒါကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်လို ဘယ်သူကမှ အသိအမှတ်မပြုတဲ့ ရလာဒ်မျိုး ထွက်ပေါ် လာတာဖြစ်ပါတယ်။

ခုဆိုရင် လွှတ်တော်ကို အင်န်အယ်လ်ဒီ က လွှမ်းမိုးထားနိုင်ပြီ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ဖွဲ့စည်းပုံနဲ့အညီ စိတ်ကြိုက် ပြင်ဆင်နိုင်ကြပါတော့ မယ်။ ပြင်လည်းပြင်ဆင် ကြလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါဆို နောင်လာမယ့် ရွေးကောက်ပွဲတွေဟာ ၂၀၁၀ တုန်းကထက်၊ လက်ရှိ ၂၀၁၅ ထက် ပိုပြီး တရားမျှတလာမှာဖြစ်ပြီး အဲလို အခြေအနေတွေ အောက်မှာ တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အခြေအနေ ကောင်းလာဖို့တော့ သိပ် လမ်းမမြင်နိုင်ပါဘူး။

ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်ဆိုရင် ဒုတိယ အရေးကြီးတာက ဒိုင်လို့ခေါ်တဲ့ ကော်မရှင် ဥက္ကဋ္ဌပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင်စစ်အာဏာရှင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးသိန်းစိုးကို ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဆိုးရွား လှတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်ဆိုတာ ထွက်ပေါ်လာပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးတင်အေးကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ထွက်ပေါ်လာ ပြီဖြစ်တဲ့အတွက် ဦးတင်အေးရဲ့ လုပ်ရပ်ကို ထပ်ပြီး မဝေဖန်တော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာ ခင် အင်န်အယ်လ်ဒီ သမ္မတတစ်ယောက် ထွက်ပေါ်လာပါတော့မယ်။ နောက်ပိုင်း အဲဒီသမ္မတက ခန့်အပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ယောက် ပေါ်ပေါက်လာမှာဖြစ်ပြီး သူဟာ ကြားဖြတ်ရွေးကောက်ပွဲတွေ၊ ၂၀၂၀ ရွေးကောက်ပွဲတွေကို ဒိုင်အဖြစ် တာဝန်ယူ ကျင်းပပါလိမ့်မယ်။

သေခြာတာကတော့ အဲဒီ ကော်မရှင်ဥက္ကဋ္ဌဟာ မျှမျှတတ တာဝန်ထမ်းဆောင်မယ် ဆိုတာပါ။ ရွေးကောက်ပွဲတွေကိုလည်း လွတ်လွတ်လပ်လပ် ကျင်းပပေးပါလိမ့်မယ်။ ကော်မရှင်ဥက္ကဋ္ဌမှာ လုပ်ကိုင် ခွင့်တွေ အများကြီး ရှိနေပါတယ်။ သူဟာ ကော်မရှင် အဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနဲ့ ကြီးကြပ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် ခေတ်ကတည်းက ဖွဲ့စည်းပေးခဲ့တဲ့ လက်ရှိ ကော်မရှင် အဆင့်ဆင့်ကို ပြောင်းလဲနိုင်စွမ်း ရှိနေပါတယ်။ သူဟာ မဲဆန္ဒနယ်မြေတွေကို သတ်မှတ် တာနဲ့ ပြင်ဆင် သတ်မှတ်တာ လုပ်နိုင်ပါတယ်။

ဒီအတွက် အရင် စစ်အာဏာရှင်တွေ ခေတ်က သတ်မှတ်ထားတဲ့ သဘာ၀ မကျတဲ့ မဲဆန္ဒနယ်မြေ သတ်မှတ်မှုတွေကို ပြင်ဆင်နိုင်ပါတယ်။ ဥပမာ ကိုကိုးကျွန်းလို နေရာကို မဲဆန္ဒနယ် တစ်ခု သတ်မှတ်ပြီး နေရာကျဉ်းကျဉ်းလေး တစ်နေရာကနေ အမတ် (၃) ယောက် ရွေးချယ်တာကို ပြင်ဆင်သတ်မှတ်တာမျိုး လုပ်ပါလိမ့်မယ်။ ဒီလို ပြုပြင် ပြင်ဆင် မှုတွေလုပ်လိုက်ရင် တပ်မတော်သား မဲဆန္ဒရှင်တွေသက်သက်ကို အားကိုးပြီး မဲရအောင် ကြိုးစားမယ့် ပြည်ခိုင်ဖြိုးပါတီ အခက်ကြုံရပါလိမ့်မယ်။ ဒါက နမူနာ တစ်ခုပါ။

နောက်ထပ် အရေးကြီးတာက ကော်မရှင် ဥက္ကဌဟာ မဲဆန္ဒရှင် စာရင်းပြုစုတာ ပြင်ဆင်တာ လုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး ပြည်ပရောက် မြန်မာနိုင်ငံသား သန်းနဲ့ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။ ပြည်သူများစွာ မဲစာရင်းထဲ မပါပဲ မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။ အင်န်အယ်လ်ဒီ သမ္မတ က ခန့်အပ်မယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကတော့ ပြည်သူတွေ မဲပေးခွင့် မဆုံးရှုံးအောင် လုပ်ပါလိမ့်မယ်။

ဒီလို အခြေအနေမှာဆိုရင် ပြည်ခိုင်ဖြိုးရမဲ့ မဲရလာဒ်ဟာ ၂၀၁၅ တုန်းကထက် အများကြီး ဆိုးသွားနိုင်ပါသေးတယ်။ နောက်ထပ် အရေးကြီးတစ်ခုကတော့ အင်န်အယ်လ်ဒီ လွှတ်တော်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟာ PR လို တိုင်းပြည်နဲ့ မသင့်တော် သေးတဲ့ ရွေးကောက်ပွဲစနစ် တစ်ခုကိုလည်း ဘယ်တော့မှ တင်သွင်းမှာ မဟုတ်ဘူး ဆိုတာပါ။

ဒါတွေကတော့ တိုင်းပြည်အခြေအနေ တည်ငြိမ်ရင်၊ အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြည်သူလူထု ထောက်ခံမှု အပြောင်းအလဲ မရှိဘူးဆိုရင် ထွက်လာမယ့် အဖြေရလာဒ်ပါ။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော် ကျောထောက်နောက်ခံပြု ပါတီအဖြစ်ကနေ ပြောင်းလဲလိုက်ရင်၊ ပြည်သူ့ အကျိုးစီးပွားကို ဗဟိုပြုတဲ့၊ ဒီမိုကရေစီ ပါတီအဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ရင်တော့ နည်းနည်း အခြေအနေ ကောင်းနိုင်ပါတယ်။ ဒါပေမယ့် သေခြာတာကတော့ တပ်မတော်သား အမတ်တွေနဲ့ ပေါင်းပြီး သမ္မတခန့်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့၊ ရွေးကောက်ပွဲမှာ ၃၄ ရာခိုင်နှုန်းလောက် ရဖို့ကတော့ဖြင့် မလွယ်ရေးချ မလွယ်တော့ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly