ရှေ့လာမည့် ရွေးကောက်ပွဲများတွင် သတင်းမီဒီယာတင်ဆက်မှု ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရန် လိုအပ်

ရှေ့လာမည့် ရွေးကောက်ပွဲများတွင် သတင်းမီဒီယာတင်ဆက်မှု ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရန် လိုအပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။            ။ ရှေ့လာမည့် ရွေးကောက်ပွဲများတွင် သတင်းမီဒီယာတင်ဆက်မှု စံချိန်စံညွန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဟု ရွေးကောက်ပွဲ   စောင့်ကြည့်သူများနှင့်   မီဒီယာများက အလံပြ ဘုရားလမ်းရှိ Park Royal ဟိုတယ်တွင် ဖေဖော်ဝါရီ ၁၇ရက်က ပြုလုပ်သော ၂၀၁၅ ရွေးကောက်ပွဲမီဒီယာဖော်ပြမှုများ ဆွေးနွေးပွဲတွင် သုံးသပ် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအား လေ့လာကြည့်ရာ ပုဂ္ဂလိကမီဒီယာအများစုမှာ နိုင်ငံရေးပါတီများ အကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်(UEC) အကြောင်းများစွာ ဖော်ပြကြသော်လည်း အဓိကမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီကြီး နှစ်ခု အကြောင်းသာဖြစ်သည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့် Myanmar Institute for Democracy မှ ဒါရိုက်တာ ဦးမျိုးမင်းဇော်က ပြောကြားသည်။

''ပါတီငယ်တွေအကြောင်းနည်းသေးတယ်။ သတင်းတင်ပြမှုအပိုင်းမှာ ပါတီစုံ နဲ့ ကွဲပြားတဲ့တင်ပြမှုတွေ မီဒီယာကလိုအပ်နေသေးတယ်လို့တွေ့ရှိရတယ်။ အများအားဖြင့်အပေါ်ယံ အချက်အလက်ပေးတာပဲ တွေ့ရတယ်။'' ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲအသိပညာပေးခြင်း၊ လှုံ့ဆော်ပေးခြင်း၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ပေးခြင်း စသည့်အရေးကြီးကဏ္ဍများကို မီဒီယာက လုပ်ဆောင်ပေးခဲ့သည်ဟု King School of Myanmar ၏ ဥက္ကဋ္ဌ ဒေါ်ခင်မမမျိုးကပြောသည်။

''ဒါပေမယ့် ကျားမတန်းတူညီမျှရေး ကဏ္ဍမှာ အားနည်းတယ်လို့ထင်ပါတယ်။ ပါတီထဲမှာဆိုလည်း အမျိုးသမီးခေါင်းဆောင်တွေအကြောင်း အာရုံစိုက်ဖို့၊ အမျိုးသမီးဆို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲမဟုတ်ဘဲ အခြားအမျိုးသမီးတွေအကြောင်းလည်း ဖော်ပြသင့်တယ်။'' ဟု ၎င်းကအကြံပြုသည်။

Myanmar Network for Free and Fair Election အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါ်ဇင်မာဦးက ကျားမတန်းတူညီမျှရေး လုပ်ရမည်ဆိုသည်ကိုသိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ခဏမေ့ထားလိုက်ကာ လာမည့် ရွေးကောက်ပွဲများတွင် လုပ်ရန်အစီအစဉ်ရှိပြီး လုပ်ဖို့လည်း လိုအပ်ကြောင်း ပြောကြားသည်။

DVB သတင်းဌာနမှ ဦးသန်းဝင်းထွဋ်က ''ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ DVB က လိုသလောက် မလုပ်နိုင်ခဲ့ဘူး။ လူထုအသံကို ပိုပြီး အာရုံစိုက်လုပ်ခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်၊ ခေါင်းဆောင်၊ ရွာသူရွာသားတွေထိ မြန်မာပြည်အနှံ့က အသံမဲ့သူတွေရဲ့အသံတွေရအောင် ရွေးကောက်ပွဲကာလမှာ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ကောင်းအောင် ထပ်ပြီး ကြိုးစားရဦးမှာပါ။'' ဟု ပြောသည်။

ဦးမျိုးမင်းဇော်(MID) က ရှေ့လာမည့် ကာလများတွင် အမျိုးသမီးကဏ္ဍ၊ တိုင်းရင်းသားကဏ္ဍ၊ ငြိမ်းချမ်းရေးကဏ္ဍများအား ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်သွားပါမည်ဟုဆိုသည်။

ထိုသို့ မီဒီယာစောင့်ကြည့်မှု ပြုလုပ်ရခြင်းမှာ ပြည်သူလူထုက ဓမ္မဓိဌာန်ကျသော အချက်အလက်များ ရရှိနိုင်ပြီး ဝင်ရောက်အရွေးချယ်ခံသည့် ကိုယ်စားလှယ်များ၏ အချက်အလက်တွေ၊ ပါတီနှင့် ပတ်သက်သော သတင်းမှန်မှန်ကန်ကန်ရရှိကာ မီဒီယာက များများ တင်ပြမှ ပြည်သူလူထုက ဘယ်လိုလူမျိုးကို ရွေးချယ်ရမည် ဆိုတာသိလာမှာဖြစ်သည်ဟုပြောသည်။

ဓမ္မဓိဌာန်ကျ သတင်းပေးပို့ခြင်းသည် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အရေးပါသောကြောင့် သတင်း မီဒီယာလွတ်လပ်မှုနှင့် အမှီအခိုကင်းမှုတို့ကိုလေးစားသင့်ပြီး အာဏာပိုင်များက မီဒီယာနှင့် စာနယ်ဇင်း သမားများ၏ လုပ်ဆောင်မှုများလွတ်လပ်ခွင့်ကို အားနည်းသွားစေနိုင်သည့် ဝင်ရောက် စွက်ဖက်မှု ပြုလုပ်ခြင်းမှရှောင်ရှားသင့်သည်ဟု မြန်မာနိုင်ငံအစိုးရသစ်သို့ MID က ယနေ့ အစီရင်ခံစာထုတ်ပြန်၍ အကြံပြုခဲ့သည်။

MID အဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရုပ်မြင်သံကြား (၅) လိုင်း၊ ရေဒီယို (၈) လိုင်း၊ သတင်းစာ (၁၀) စောင်၊ အင်တာနက်မီဒီယာ (၃) ခုတိုကို လေ့လာစောင့်ကြည့်ခဲ့ပြီး ယနေ့ အစီရင်ခံစာထုတ်ပြန် ခြင်းသည် စတုတ္ထအကြိမ်ဖြစ်သည်။

MID ကို (EU) မှ ရန်ပုံငွေမတည်ထားသည့် STEP Democracy စီမံကိန်းနှင့် National Endowment for Democracy (NED) တို့ကပံ့ပိုးကူညီပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly