ထိုင်းရော်ဘာ စိုက်ခင်းတွင် RPG လောင်ချာထိပ်ဖူး ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးသေဆုံး

ထိုင်းရော်ဘာ စိုက်ခင်းတွင် RPG လောင်ချာထိပ်ဖူး ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦးသေဆုံး

ထိုင်းနိုင်ငံ အရှေ့ပိုင်းပြည်နယ် မောင်းခရိုင်အတွင်းက ရော်ဘာစိုက်ခင်းတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက RPG-7 လောင်ချာထိပ်ဖူး ပေါက်ကွဲမှုဖြစ်ဖွယ်ရှိသည့် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာတွင်   မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး သေဆုံးကြောင်း ရဲဌာနက ပြောသည်။

သတင်းကြားသိပြီးနောက် မိုင်းဖယ်ရှားရှင်းလင်းရေးရဲယူနစ်၊ ရိန်းဂျားတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် ဆေးအဖွဲ့တစ်ဖွဲ့တို့ကို ဖြစ်ပွားရာ ဘန်ခလွန်ဆန်းအရပ်က ရော်ဘာစိုက်ခင်းသို့ ပို့ဆောင်လိုက်ကြောင်း ဌာနေရဲမှူးက ပြောသည်။

ရော်ဘာစိုက်ခင်းမှာ လမ်းမနှင့် ၄ ကီလိုမီတာခန့်အကွာ ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။

ရော်ဘာစိုက်ခင်းအရောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာများရထားသည့် အသက် ၂၅ နှစ်နှင့် ၂၀ နှစ်ရှိ မြန်မာအလုပ်သမားနှစ်ဦးကို တွေ့ရှိရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ရော်ဘာစေးခြစ်ရန် အငှားခန့်ထားသည့် အလုပ်သမားများဖြစ်သည်။

တာဝန်ရှိသူများ ရောက်သွားချိန်တွင် အသက် ၂၀ အရွယ်မြန်မာအလုပ်သမားက အသက်ရှင်လျက်ရှိနေသေးဆဲဖြစ်ပြီး ဆေးရုံတင်ပို့ရာ လမ်းတွင် သေဆုံးခြင်းဖြစ်သည်။

လောင်ချာထိပ်ဖူးကို ၎င်းတို့က တိုးတိုက်မိခြင်းဖြစ်ဖွယ်ရှိပြီး ထပေါက်ကွဲခြင်းဖြစ်ဖွယ်ရှိကြောင်း မိုင်းရှင်းလင်းရေးရဲယူနစ်က ယူဆသည်။ ယင်းလောင်ချာထိပ်ဖူးက စစ်အတွင်းက ကမ္ဘောဒီးယားဖက်က ပစ်ခတ်ခဲ့ပြီး ထိုင်းနယ်စပ်ဖက်သို့ လာကျသည့် ဗုံးလောင်ချာထိပ်ဖူးဖြစ်ဖွယ်ရှိကြောင်းလည်း ယူဆထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly