ခန္တီးလေဆိပ််တွင် တရားဝင် သယ်ဆောင်နိုင်သည့် ပစ္စည်းကို ငွေကြေးကောက်ခံသည့် ရဲများကို စုံစမ်း စစ်ဆေးနေ

ခန္တီးလေဆိပ််တွင် တရားဝင် သယ်ဆောင်နိုင်သည့် ပစ္စည်းကို ငွေကြေးကောက်ခံသည့် ရဲများကို စုံစမ်း စစ်ဆေးနေ

 မန္တလေး၊ (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးလေဆိပ်တွင် နိုင်ငံတော်မှ တရားဝင် သယ်ဆောင်ခွင့် ပေးသည့် ပစ္စည်းများအား ရဲတပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံနေမှုကို စုံစမ်းစစ်ဆေးရေးခုံဖွဲ့၍ စစ်ဆေးနေကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက မဇ္ဈိမကို ပြောသည်။

မေလ (၈) ရက်နေ့ နေ့လည် (၂) နာရီခန့်က ပိုက်ဆံသိန်း (၂၀၀) ကို လေယာဉ်ဖြင့် သယ်ဆောင်ခွင့်ရရန်အတွက် ရဲတပ်သားများက ငွေသုံးသောင်းတောင်းခဲ့ပြီး ယခုလို ငွေတောင်း ခံမှုများမှာ ယခင်ကတည်းက ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ခန္တီးလေဆိပ်တွင် ငွေတောင်းခံရသူ ကိုအောင်ဆန်းမြင့်က “ကျွန်တော့်ကို ဒီလိုတောင်းတဲ့ အတွက် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို မေလ (၁၈) ရက်နေ့က တိုင်စာပို့တယ်။ မနေ့က ကျွန်တော့ကို စစ်တယ်။ ယူတယ်ဆိုတာ ဟုတ်လား ဆိုပြီးမေးတယ်။ ကျွန်တော်က ဟုတ်တယ်လို့ ဖြေတယ်။ တစ်ခြား ဒီလိုတောင်းခံရတဲ့ သူတွေကိုလည်း မေးတယ်။ ကျွန်တော်က ဒီကိစ္စကို လူမှုကွန်ရက်ပေါ် တင်လိုက်တော့ သူတို့က ဖျက်ပေးပါလို့ ပြောတယ်။ ဒီလိုတောင်းတာ အမှန်ဖြစ်တဲ့ အတွက် ကျွန်တော်ကလည်း ဖျက်မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ သူတို့က အသရေ ဖျက်မှုနဲ့ တရားစွဲမယ်ဆိုပြီး ပြောလာတယ်” ဟု ပြောသည်။

ယခုအမှုသည် ဖြစ်လေ့ဖြစ်ထရှိသည့် လူတစ်ဦးချင်း၏ စိတ်သဘောထားကြောင့် ဖြစ်ပြီး ငွေကြေး တောင်းခံသည့် ရဲတပ်သားများအား အရေးယူမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက “လက်ရှိမှာ မနေ့က (ဇွန် ၂၆ ရက်) စပြီး ဒီငွေတောင်းခံမှုနဲ့ ပတ်သတ်လို့ စတင်စစ်ဆေးနေပြီ။ မနေ့ကဆိုရင် ငွေတောင်းတယ်လို့ စွပ်စွဲတိုင်ကြားတဲ့ သူဖြစ်တဲ့ ကိုအောင်ဆန်းမြင့်ကို စစ်တယ်။ သူ့လို အတူဖြစ်တယ်ဆိုတဲ့ သူတွေကိုလည်း စစ်ပါတယ်။ တစ်ဘက်လူကို တရားစွဲမယ်လို့ ပြောထားခြင်း မရှိပါဘူး။ လက်ရှိက စစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် ဘာမှပြောလို့ မရသေးပါဘူး” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags