၂၀၁၆ Education UKပညာရေးပြပွဲကျင်းပ

၂၀၁၆ Education UKပညာရေးပြပွဲကျင်းပ
ဓာတ်ပုံ-Burtish Council facebook

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။ ။ ဗြိတိသျှကောင်စီမှ ကြီးမှူးပြီး ၂ဝ၁၆ Education UK ပညာရေးပြပွဲကို ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ဖေဖော်ဝါရီ ၆ရက်က ကျင်းပခဲ့သည်။

အဆိုပါပြပွဲတွင် ယူကေရှိ ထိပ်တန်းတက္ကသိုလ် နှင့် ကောလိပ်ပေါင်း ၂၁ခု ပါဝင်ပြသခဲ့ပြီး တက္ကသိုလ်အချို့မှလည်း Light up your career ခေါင်းစဉ်အောက်တွင် ဟောပြောပွဲများကျင်းပခဲ့သည်။

“ဒီပွဲမျိုးကို တစ်နှစ်တစ်ခါလောက် လုပ်ဖြစ်အောင် စီစဉ်ပေးပါတယ်။ UKမှာကျောင်းသွားတက်ချင်တဲ့ ကျောင်းသားကျောင်းသူတွေ ကျောင်းကိုယ်စားလှယ်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရပြီး ကိုယ်ဘာတွေလိုအပ်နေလဲ၊ ဘာတွေပြင်ဆင်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပွဲကိုစီစဉ်ဖြစ်တာပါ” ဟု ဗြိတိသျှကောင်စီ၏ Education Programme manager ဒေါ်မြတ်လေးတင့်က ပြောသည်။

ထိုပွဲလာရောက်သူများအနေဖြင့် မိမိတက်ရောက်လိုသော ဘာသာရပ် နှင့် ပတ်သက်သည့် ပညာသင်ဆု၊ လိုအပ်သောပညာအရည်အချင်း၊ ယူကေတွင် ပညာသင်ကြားရင်းရနိုင်သော လုပ်ငန်းခွင် အတွေ့အကြုံနှင့် အခွင့်အရေးများအကြောင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးတိုင်ပင်ခွင့်ရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံကလည်း ပွင့်လန်းတိုးတက်လာပြီဖြစ်တာကြောင့် ကျွန်မတို့ လူငယ်တွေအနေနဲ့ အင်္ဂလိပ်စာကောင်းကောင်းပြင်ဆင်ပြီး နိုင်ငံတကာအသိအမှတ်ပြုဘွဲ့တွေ ယူသင့်လာပြီလို့ထင်ပါတယ်။ အခုခေတ်က ပြည်တွင်းဘွဲ့တစ်ခုတည်းနဲ့ ကျေနပ်သင့်တဲ့ကာလမဟုတ်တော့ပါဘူး” ဟု အဆိုပါပွဲကို တက်ရောက်လာသူတစ်ဦးဖြစ်သည့် မသစ္စာဝင့်က ပြောသည်။

အဆိုပါ ၂၀၁၆ Education UK ပညာရေးပြပွဲကို  နံနက် ၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပခဲ့ပြီး လူငယ်အများအပြားတက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly