အသက် ၁၂ နှစ်နဲ့ နိုင်င့့ံလက်ရွေးစင်ဖြစ်လာသူ ခြေဗလာအပြေးသမား ပပ

17 February 2016
အသက် ၁၂ နှစ်နဲ့ နိုင်င့့ံလက်ရွေးစင်ဖြစ်လာသူ ခြေဗလာအပြေးသမား ပပ

PA PA The Best Foot Runner  လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့ မြန်မာ့လက်ရွှေးစင် အပြေးအားကစားသမား မပပရဲ့ အားကစားရုပ်ပုံလွှာတချို့ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် အပြေးပြိုင်ပွဲဝင်တဲ့အခါ ဖိနပ်မပါ ခြေဗလာနဲ့ ဝင်ပြေးလေ့ရှိတဲ့ မပပရဲ့ ရုပ်ပုံလွှာက မီဒီယာလောကအတွက် ထူးခြားနေတဲ့သဘော ရှိပါတယ်။

သူ့အနေနဲ့ အားကစားလောကထဲ ရောက်ရှိလာပုံနဲ့ အစပြု မိတ်ဆက်ပေးပါရစေ။ သူက ရမည်းသင်းမြို့သူလည်း ဖြစ်ပါတယ်။ သူ ဘာပြုလို့ ခြေဗလာနဲ့ ပြေးရသလဲ။ မြန်မာ့ အပြေးလက်ရွေးစင် မပပက အခုလို စတင်ပြောပြပါတယ်။

အဲဒီတုန်းက အသက်က ၉နှစ်အရွယ်လောက်ပဲ ရှိအုံးမှာပေါ့နော်။ ဒီရပ်ကွက်က အစ်မတွေပေါ့နော် သူတို့က လွတ်လပ်ရေး ပွဲအတွက် ကွင်းထဲမှာ လေ့ကျင့်ခန်း သွားဆင်းကြတယ်။ ကျောင်းပွဲတော်အတွက်ပေါ့။ သွားဆင်းတော့ အဲဒီမှာ ကျွန်တော်က လိုက်သွားတယ်။ လိုက်သွားတော့ သူတို့ပြေးတာ အားမရတာနဲ့ ကိုယ်ကိုယ်တိုင် ဝင်ပြေးလိုက်တာပေါ့။ ဝင်ပြေးပြီးတော့ ကွင်းထဲမှာ ဆရာဦးသံချောင်းဆိုတာ ရှိတယ်လေ။ သူ့က အပတ် ၂၅ ပတ်လောက် ပတ်နေတော့ သူ့နောက်ကနေ တောက်လျှောက် လိုက်ပြေးတယ်။ ဒီကလေးလေးက ပြေးနိုင်တယ်ဆိုပြီးတော့ သမီး ပြိုင်ပွဲ ဝင်ပြေးမလားတဲ့၊ ဟုတ်ကဲ့လို့ သမီးပြိုင်ပွဲပြေးချင်တယ်ဆိုပြီးတော့ အဲဒါကနေပြီးတော့ ပြိုင်ပွဲဝင်ပြေးတာပေ့ါ။ လွတ်လပ်ရေးပွဲတော်လည်းကျရော ရမည်းသင်းမြို့မှာ စနေနေ့တိုင်း ကျင်းပတယ်ပေါ့နော်။ စနေ့နေ့တိုင်း ကျင်းပတော့ လေးလလုံးမှာ ပထမရခဲ့တယ်။

လွတ်လပ်ရေး အပြေးပြိုင်ပွဲတွေမှာ စတင်မျိုးစေ့ချခဲ့တဲ့ သူမရဲ့ အားကစား စိတ်ဓာတ်ဟာ တစ်ဖြေးဖြေးနဲ့ တိုင်းလက်ရွေးစင် နိုင်ငံလက်ရွေးစင် အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။ အောင်မြင်တဲ့အားကစားသမားတစ်ယောက်ရဲ့ အဆင့်ဆင့်ဖြတ်သန်းလာခဲ့ရပုံကိုလည်း မပပက အခုလို ပြောပြပါတယ်။

ရမည်းသင်းမြို့နယ်ကနေ မန္တလေးတိုင်းသွားပြိုင်တယ်။ သွားပြိုင်ရာကနေ မန္တလေးတိုင်းမှာလည်း ကျုံးပတ်လည် ပြေးရတယ်။ ကျုံးပတ်ပြေးရင်းကနေ ပထမရတော့ မန္တလေးတိုင်း လက်ရွေးစင် စဖြစ်တာပေါ့။ မန္တလေးတိုင်း လက်ရွေးစင်ကနေ ရန်ကုန်ကို ၉၀ ခုနှစ် စရောက်တယ်ပေါ့။ ၉၀ခုနှစ်မှာ မိတာ ၁၀၀၀ နဲ့ မီတာ ၅၀၀၀ ပြေးတာပေါ့ါနော်။ တတိယတော့ ရခဲ့တယ်ပေါ့။ တတိယ ရခဲ့တော့ အဲဒီမှာ တိုင်းနှင့်ပြည်နယ်က တစ်ဆင့် အဲမှာ ဒါပေမယ့် တိုင်းကို ပြန်မလာတော့ပဲနဲ့ ရန်ကုန်မှာပဲ training လိုက်ဆင်းတာ။ ဒီမြန်မာ့လက်ရွေးစင်ဖြစ်ချင်လို့ ၉၃ လည်းရောက်တဲ့အခါ ဆီးဂိမ်း လူရွေးပွဲပေါ့။ အဲဒီမှာ ဆရာက ဝင်ပြေးခိုင်းတာ။ မိတာ တစ်သောင်းပေါ့နော်။ အဲမှာ ဝင်ပြေးတော့ ပထမရတယ်။ အဲဒီအချိန်က အသက်ငယ်ဆုံးလည်း ဖြစ်တယ်။ ဆီးဂိမ်းလည်း အတွေ့ကြုံရအောင်ဆိုပြီးတော့ စင်ကာပူ ဆီးဂိမ်းကို ခေါ်သွားတာ။ အဲဒီမှာ မိတာ တစ်သောင်းနှင့် မိတာ သုံးထောင်ပြေးရတယ်။ အဲတုန်းက ဒုတိယဆု နှစ်ဆုပေါ့နော် ၉၃မှာ မြန်မာ့လက်ရွေးစင်စဖြစ်တာ။ လူတွေသိသွားတော့ အဲမှာ အသက်ငယ်ဆုံးပေါ့နော်။ ဆီးဂိမ်းလည်းစ မြန်မာ့လက်ရွေးစင်လည်း စဖြစ်တာဆိုတော့ အဲတုန်းက ဘယ်သူမှ အသက်အငယ်ဆုံး မဖြစ်ဖူး ဘူးလေ။ အဲတုန်းက အသက်က ၁၂ အရွယ်လောက်ပဲ ရှိအုံးမယ်။ မြန်မာ့လက်ရွေးစင် စဖြစ်တာ။ စင်ကာပူ ဆီးဂိမ်းကနေပြန်လာပြီးတော့ ပပဆိုတာ အကုန်လုံး သိသွားကြတာ။

နောက်ပိုင်း နိုင်ငံတကာ ပွဲအတွေ့ကြုံတွေလည်း ပိုများလာပြီး ဆုတွေလည်း ရယူပေးနိုင်ခဲ့တဲ့ သူမဟာ ယခု ၂၀၁၅ ခုနှစ်အထိဆိုရင် မြန်မာ့လက်ရွေးစင် သက်တမ်းအနေနဲ့ ၂၅နှစ်သက်တမ်းကို ဖြတ်သန်းလာခဲ့ပြီးပါပြီ။

ကြားပွဲတွေ ပွဲမြင့်တဲ့ ပွဲမျိုးတွေလည်း ရှိတာပေါ့။ ပေါ်တူဂီ ပြိုင်ပွဲတို့ ကမ္ဘာ့လူငယ် ပြိုင်ပွဲတို့ အဲသလိုမျိုးပေါ့။ နောက်လူငယ်ပြိုင်ပွဲတို့ ဆီးဂိမ်းတိုင်းတော့ အဲလိုမျိုးပေါ့နော်။ ဆုတံဆိပ် လွတ်တယ်ဆိုတာ မရှိပါဘူး။  ဆုတံဆိပ်တွေကတော့ ပထမသာ မရခဲ့ပေမယ့် ဒုတိယ တတိယတော့ အမြဲချိတ်ခဲ့ပါတယ်။

နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု ၁၅ ဆုကျော်ကို စွတ်ခူးပေးနိုင်ခဲ့တဲ့ မပပနဲ့ ပတ်သက်ပြီး တစ်ချို့သူတွေက ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ ဒါကတော့ သူမ ဖိနပ်မစီးပဲ ပြိုင်ပွဲဝင်တာဟာ သူမမှာ ဖိနပ်ကောင်းကောင်း မရှိလို့များလား။ ဒါမှမဟုတ် ဖိနပ်တွေကို သူမ ဘာတွေ လုပ်ပစ်ခဲ့လို့လဲ။ ဟိုဟိုဒီဒီ ဝေဖန်ခဲ့တဲ့ စကားသံတွေ ထွက်ပေါ်ခဲ့ဖူးတာပါပဲ။ သူ ဘာ့ကြောင့် ဖိနပ်မစီးခဲ့တာလဲဆိုတာကိုလည်း မပပက ဆက်လက် ရှင်းပြပါတယ်။

ကျွန်တော်ဖိနပ်မစီးတဲ့ ကိစ္စနဲ့ တစ်ချို့တွေက မျိုးစုံပေါ့နော်။ ဖေ့ဘုတ်မှာလည်း တင်ထားကြတယ်ပေါ့။ ကျွန်တော့်အကြောင်းကိုပေါ့။ ဒီဖိနပ်မစီးတဲ့ ကိစ္စကလည်း ဟို ၉၀ စပြေးပါပြီဆိုကတည်းက ဖိနပ်က နဂိုကတည်းကလည်း မစီးတတ်ဘူး။ ဖိနပ်ကတော့ မျိုးစုံရှိတယ်ပေါ့နော်။ နိုင်ငံတော်ကလည်း ပေးတယ်။ အလှူရှင်တွေကလည်း ဖိနပ်တွေ ပေးတယ်။ ဒါပေမယ့် ဖိနပ်က ဘယ်တော့မှ မစီးတတ်တဲ့အတွက် ပြိုင်ပွဲတိုင်း ဖိနပ်ကို ချွတ်ပစ်တယ်။ ဒါပေမယ့် အခုချိန် ၂၀၁၅ ကျမှ ဒီအကြောင်းကြီးက ဘာဖြစ်လို့ ပေါ်လာတာလဲပေါ့။ ကိုယ်လည်း အသက်က ကြီးလာပြီ အခုအချိန်ထိ လုပ်လာတာဆိုတော့ နိုင်ငံတော်အတွက်လည်း သိပ်ပြီး မလုပ်ပေးနိုင်တော့ဘူး။ ဘာဖြစ်လို့ ငါ့ကို ဒီလိုပြောတယ်ဆိုပြီး ကိုယ့်စိတ်ထဲမှာတော့ စိတ်မကောင်းတော့ ဖြစ်မိတာပေါ့နော်။ အခုမှပြေးတာ မဟုတ်ဘူး ဟိုငယ်ငယ်လေးကတည်းက ဖိနပ်ချွတ်ပြေးလာတာ အဲကတည်းက မပြောပဲနဲ့ အခုကျမှ ဘာလို့ ပြောရတာလဲ။ ကိုယ့်ကို ဝမ်းလည်း ဝမ်းနည်းတယ်။ ကိုယ်က နိုင်ငံတော်အတွက် မလုပ်ပေးနိုင်တော့ဘူးလား။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ့်ဘက်က အနေသာကြီးလေ။ ကိုယ်က မဟုတ်တဲ့အတွက် အားကစားလောကမှာလဲ ပပကို စုံစမ်းကြည့်လို့ ရပါတယ်။ ပပ ဘယ်လိုလဲဆိုတာပေါ့နော်။

အမျိုးသားလုပ်သူက လစာသွားထုတ်တော့ ရန်ကုန်မှာ ဖိနပ်တွေ အားကစား ပဒေသာမှာ တွေ့တယ်တဲ့။ ပပတို့ နာမည်ပေါ့နော်။ ဥက္ကဋ္ဌက ဖိနပ်နှစ်ရံစီပေးတယ်။ နှစ်ရံစီမှာ နှစ်ရံမရပဲနဲ့ ကျွန်တော်တို့က ဖိနပ်တစ်ရံပဲ ရတယ်။ တစ်ရံကို မပေးပဲနဲ့ သူတို့က ဖိနပ်ဘူးမှာ နာမည်လေးတွေ ရေးထားတော့ အားကစား ပဒေသာမှာ ရောင်းတာတွေ့တယ်။ တွေ့တော့ ကိုယ့်နာမည်လေးတွေနဲ့ ရောင်းတာတွေ့တော့ တစ်ချို့ မြင်မှာပဲလေ။ ဒီဖိနပ်လာဝယ်တဲ့ သူတွေက ကျွန်တော်တို့ နာမည်နဲ့ဆို ကျွန်တော်တို့ လာရောင်းထားတယ်လို့ သူတို့က ထင်မှာပဲ။

အရှေ့တောင်အာရှ ပြေးခုန်ပစ်လောကမှာ ဆိုရင်လည်း သူမကို PA PA The Best Foot Runner  လို့တောင် လူသိများပါတယ်။ ခြေဗလာနဲ့ပြေးရတာကို ပိုပြီးတော့ အားရတယ်ဆိုတဲ့ မပပဟာ အခုဆိုရင် အားကစားလောကနေ အနားယူတော့မှာပါ။ နောင်တက်လာတဲ့ မျိုးဆက်သစ်တွေကိုလည်း နေရာပေးချင်တဲ့ အပြင် လက်ရှိမှာ ဒုတိယ ကိုယ်ဝန်ကိုလည်း လွယ်ထားရတဲ့အတွက် အားကစားလောက ကနေ သူမ အနားယူဖို့ရန် ဒီချိန်ဟာ အသင့်တော်ဆုံးလို့ သူမကတော့ မှတ်ယူထားပုံ ရပါတယ်။ လက်ရှိမှာတော့ မိသားစုနှင့်အတူ ရမည်းသင်းမြို့မှာ ပြန်လည်ပြီး အခြေချ နေထိုင်နေပါပြီ။

အမျိုးသားက ၂၀၀၆ မှာ မန္တလေးတိုင်းကနေ လူရွေးလိုက်တာပေါ့။ သူက ၂၀၀၆ မှာ စပါပြီးတော့ ၂၀၀၇ ဆီးဂိမ်းမှာ ကျွန်တော်တို့နှင့်အတူ မိတာ တစ်သောင်းမှာ တတိယ ရခဲ့ပါတယ်။ ၂၀၀၇ ပြီးတော့ နောက်ပိုင်း ဆီးဂိမ်းတွေမှာလည်း  သူနဲ့ ဆီးဂိမ်းတိုင်း နောက် ကြားပွဲတွေပေါ့နော်။ အင်ဒိုနီးရှား ဆယ်ကီလိုပြိုင်ပွဲတို့ သူနဲ့ ခဏခဏ သွားဖြစ်တယ်ပေါ့။ မြန်မာပြည် ဆီးဂိမ်းအတွက်လည်း တရုတ်ပြည်မှာ Tranning ၅လ လွှတ်ခဲ့တယ်။ အဲမှာလည်း တူတူပဲ Tranning သွားဆင်းရတယ်။ ဒီလိုမျိုး သူနဲ့ ဆုံဖြစ်တာပါ။

မြန်မာ့လက်ရွေးစင် ကစားသမား ဘဝကနေ သူမ အနားယူလိုက်တော့မယ် ဆိုပေမယ့် နိုင်ငံအတွက်ဆက်လက်ပြီး တာဝန်ထမ်းဆောင့်မယ့် စိတ်ကတော့ သူမမှာ အပြည့်အဝ ရှိနေပါသေးတယ်။ ၁၉၉၃ခုနှစ်ကတည်းက လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်ထမ်းခဲ့ပါတယ်။

အားကစားလောကမှာ အနားယူလိုက်ပေမယ့် မိခင်ဌာန လယ်ယာစိုက်ပျိုးရေးမှာ ၉၃ ကတည်းက ဝင်လာတာပေါ့နော်။ ဝန်ထမ်းဘဝနဲ့ပဲ ဒီအားကစားကို တစ်နှစ်တစ်ကြိမ် ဝန်ကြီးဌာနဆိုတာ ရှိတယ်လေ။ အားကစားသာ နားပေမယ့် ဝန်ကြီးဌာနအတွက် တစ်နှစ်တစ်ကြိမ်တော့ ဝင်ပြေးဖြစ်မှာပါ။ မိခင်ဌာနကလည်း ၉၃  ကတည်းက ကြည့်လာတာဆိုတော့ ဌာနအတွက် ကိုယ့်က ပြန်ပြီး ကြိုးစားပေးရအုံးမယ်။

သူမအနေနဲ့ အားကစားလောကမှာ ကျင်လည်ခဲ့ရတဲ့ သက်တမ်းတစ်လျောက်မှာ ကျေနပ်ဂုဏ်ယူခဲ့ရတဲ့ အချိန်တွေလည်း ရှိသလို စိတ်ပျက်အားငယ်ခဲ့ရတဲ့ အချိန်ဆိုတာလည်း ရှိခဲ့ဖူးပါတယ်။ ဘာပဲပြောပြော သူမ ပြောပြတဲ့ စကားသံတွေထဲမှာ ပြေးခုန်ပစ် အားကစားအတွက် ပိုမို ကောင်းမွန်စေချင်တဲ့ စေတနာတွေကိုတော့ မြင်တွေ့နေရပါတယ်။

ဆရာကိုဆေးတို့ ဆရာမောင်ညိုကြီးတို့ နည်းပြတွေ အများကြီး ရှိခဲ့ပါတယ်။ ဆရာကိုဆေးဆို မြန်မာ့လက်ရွေးစင် အကုန်လုံးမွေးထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ၂၀၁၃ မြန်မာပြည် ဆီးဂိမ်းမှာ ဆရာ့ကို အသိမှတ်လည်း မပြုဘူး။ ခေါ်လည်း မခေါ်ဘူး။ အမှန်ဆိုရင် ဆရာ့ကို အသိမှတ်ပြုတဲ့ အနေနဲ့ ခေါ်သင့်တယ်လေ။ ဒီမိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးနေပြီးတော့ နောက်ဝန်ကြီးဌာနအတွက်ရယ် မိခင်ဌာန အတွက်ရယ်။ နောက် ဝန်ထမ်းဘဝနဲ့ ကိုယ့်စီးပွားလုပ်ထားတဲ့ မွေးမြူရေးရယ် ကိုယ့်မိသားစုရယ် ပျော်ပျော်ရွှင်ရွှင်လေး နောက်ဆုံး လွတ်လပ်ရေး ပွဲတွေ လာလို့ရှိရင် နောက်ဆုံး ကလေးလေးတွေကို ကိုယ်လို ထူးချွန်ထက်မြက်အောင် သူတို့လေးတွေကို ပံ့ပိုးသွားရင်း အဲလို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly