ရန်ကုန်ဘတ်(စ)ကားအများပိုင်ကုမ္ပဏီလီမိတက်မှ အများပြည်သူသို့ ရှယ်ယာ ၁.၈၆ ဘီလီယံကျပ် ရောင်းချထား

ရန်ကုန်ဘတ်(စ)ကားအများပိုင်ကုမ္ပဏီလီမိတက်မှ အများပြည်သူသို့ ရှယ်ယာ ၁.၈၆ ဘီလီယံကျပ် ရောင်းချထား

ရန်ကုန်၊ဖေဖော်ဝါရီ ၁၆။     ။ ရန်ကုန်ဘတ်(စ)ကားအများပိုင်ကုမ္ပဏီလီမိတက်-YBPC မှ ရှယ်ယာရှင် ၈၅၀ ကျော်ကို ငွေကြေးတန်ဘိုး ၁.၈၆ ဘီလီယံကျပ်ရောင်းချထားပြီးဖြစ်သည်ဟု အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင်အောင်က မဇ္ဈိမကို ပြောသည်။

“မနေ့က (ဖေဖော်ဝါရီလ ၁၅ ရက်) အထိတော့ အများပြည်သူ ၈၅၀ ကျော်ကို ရှယ်ယာတန်ဘိုး ၁.၉ ဘီလီယံ ကျပ်နီးပါး ရောင်းချပြီးသွားပါပြီ” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

YBPC အနေနှင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၅ ရက်နေ့အထိ အများပြည်သူသို့ စုစုပေါင်းရှယ်ယာတန်ဘိုး ၁.၈၆ ဘီလီယံကျပ်ရောင်းချထားခြင်းဖြစ်ပြီး ထိုကဲ့သို့ ရှယ်ယာ ရောင်းချခြင်းကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နောက်ဆုံးထားရောင်းချသွားမည်ဟု YBPC ထံမှသိရသည်။

YBPC ၏ ကုမ္ပဏီဖွဲ့စည်းပုံ အရ စုစုပေါင်းတည်ထောင်သူ ၇ ဦးအထိရှိရမည်ဖြစ်ပြီး အစိုးရကို တည်ထောင်သူတစ်ဦးအနေနှင့် သတ်မှတ်ထားကာ ပုဂ္ဂလိကလုပ်ငန်းရှင် ၆ ဦးဖြင့် အဆိုပါအများပိုင် ကုမ္ပဏီလီမိတက်ကို တည်ထောင်ထားခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ပြီး ဘတ်(စ)ကားများစတင်ပြေးဆွဲပေးနေသည့် အဆိုပါအများပိုင်ကုမ္ပဏီကို မတည်ရင်းနှီးငွေ ၂၅ ဘီလီယံကျပ်နှင့် တည်ထောင်ထားခြင်းဖြစ်ပြီး အစိုးရမှ ထည့်ဝင်ငွေ ၄၀ ရာခိုင်နှုန်း (၁၀ဘီလီယံကျပ်) နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အများပြည်သူ၏ ထည့်ဝင်ပိုင်ဆိုင်မှုတန်ဘိုး ၆၀ ရာခိုင်နှုန်း (၁၅ ဘီလီယံကျပ်) ဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရအပါအဝင် တည်ထောင်သူ ၇ ဦးအနက် အစိုးရမှ ထည့်ဝင်ငွေ ၁၀ ဘီလီယံကျပ်ကို အပြည့်အဝထည့်ဝင်ထားပြီး ဖြစ်ကာ ပုဂ္ဂလိကလုပ်ငန်းရှင် ၆ ဦးဘက်မှ တစ်ဦးကို ၂ ဘီလီယံကျပ်နှင့် ၁၂ ဘီလီယံကျပ် ထည့်ဝင်ရမည်ဖြစ်ပြီး အများ ပြည်သူကို ၃ ဘီလီယံကျပ် ရောင်းချရမည်ဟု YBPC ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ရှင်းပြထားသည်။

“ကျွန်တော်တို့မျှော်မှန်းထားတာက အများပြည်သူကို  ၃ ဘီလီယံကျပ်ရောင်းချသွားဖို့ဖြစ်ပါတယ်၊ အခုလက်ရှိတော့ ၁. ၉ ဘီလီယံကျပ်လောက်ပဲရှိသေးတာပေါ့၊ ဒီလကုန် (ဖေဖော်ဝါရီ) ကို ရှယ်ယာရောင်းချတာကို ပိတ်မယ်လို့ ကြော်ငြာထားတော့ အနည်းဆုံး ၂ ဘီလီယံတော့ ကျော်မှာပဲ… ၃ ဘီလီယံကျပ်ကတော့ ပြည့်ချင်မှ ပြည့်မှာ” ဟု ၎င်းက ပြောသည်။

ဒေါက်တာမောင်အောင်က ဆက်ပြီး “အကယ်၍ မပြည့်ခဲ့ရင်လည်း အသင်းအဖွဲ့စည်းမျဉ်းအရ တည်ထောင်သူလုပ်ငန်းရှင် တွေဘက်ကနေ ရှယ်ယာတွေကို ပြန်ဝယ်ခွင့်ပေးထားပါတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင်  ယင်းကုမ္ပဏီလီမိတက်မှ ထောက်ကြံ့လမ်းဆုံမှ (ပြည်လမ်း-ကမ္ဘာအေးဘုရားလမ်းအတိုင်း) ရန်ကုန်မြို့ အထိ တရုတ်၊ ကိုရီးယားနှင့် ဆွီဒင်နိုင်ငံတို့မှ တင်သွင်းသော ဘတ်(စ)ကား ၁၈ စီးဖြင့် ပြေးဆွဲလျက်ရှိပြီး ဖေဖော်ဝါရီလကုန်တွင် လမ်းကြောင်းသစ် ထပ်တိုးပြေးဆွဲသွားမည်ဟု သိရသည်။ ထိုလမ်းကြောင်းသစ်ကို ၈ မိုင်မှ ကမ္ဘာအေးဘုရား လမ်းကို ပတ်မည်ဖြစ်ပြီး ကမ္ဘာအေးဘုရား လမ်းမှ ဗိုလ်အောင်ကျော်လမ်း၊ ထိုမှတစ်ဆင့် ကမ်းနားလမ်းအတိုင်းဆက်လာပြီး ဘုန်ကြီးလမ်းမှ ပြည်လမ်းမကြီးပေါ်ကို ပြန်တက်မည်ဖြစ်သည်။

“လောလောဆယ်တော့ စမ်းသပ်ကာလ ၁ လအတွင်း ဘတ်(စ)ကားများကို ပြေးဆွဲနေပါတယ်၊ ပထမတစ်နှစ်ကတော့ အမြတ်ရှိမှာမဟုတ်ပါဘူး၊ အခုလည်း အရှုံးနဲ့ပဲပြေးဆွဲနေတာပါ” ဟု YBPC ၏ ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်ဘတ်(စ)ကား အများပိုင်ကုမ္ပဏီလီမိတက်တွင် ပုဂ္ဂလိကတည်ထောင်သူ ၆ ဦးထဲတွင် ရွှေသံလွင်ကုမ္ပဏီလီမိတက်၊  ရွှေတောင်ကုမ္ပဏီလီမိတက်နှင့် Capital Diamond Star စသည့် ထိပ်တန်းကုမ္ပဏီများအပြင် တစ်ခြားကုမ္ပဏီ ၃ ခုတို့ ပါဝင်သည်။

လက်ရှိ  YBPC မှ BRT စနစ် (Bus Rapid Transit) ဖြင့် ပြေးဆွဲနေပြီဖြစ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ကို ၂၀၁၆ ခုနှစ်နှစ်ကုန်အထိ လမ်းကြောင်း၂ခု ဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် နောက်ထပ်လမ်းကြောင်း ၃ ခုကို ထပ်မံတိုးချဲ့သွားဖို့ စဉ်းစားနေသည်ဟု YBPC ၏ ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly