တောင်တရုတ်ပင်လယ် ကျွန်းပေါ်တွင် တရုတ်က ဒုံးကျည်များ ဖြန့်ချထားဟုဆို

တောင်တရုတ်ပင်လယ် ကျွန်းပေါ်တွင် တရုတ်က ဒုံးကျည်များ ဖြန့်ချထားဟုဆို

ဟောင်ကောင်၊ ဖေဖော်ဝါရီ - ၁၇ ။             ။ တောင်တရုတ်ပင်လယ်အတွင်းရှိ ပရာဆယ်ကျွန်းတန်းထဲမှ ကျွန်းတစ်ကျွန်းပေါ်တွင် တရုတ်နိုင်ငံက မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကို ဖြန့်ချထားသည်ဟု ထိုင်ဝမ်အစိုးရက စီအင်အင်သို့ ပြောကြားခဲ့သည်။

တရုတ်နှင့် အိမ်နီးချင်းများ အပူတပြင်းအငြင်းပွားနေသည့် ဒေသတွင် ဒုံးကျည်ပစ်အမြာက်များ ချထားကြောင်း ခိုင်လုံသည့် ထောက်လှမ်းရေးသတင်းအချက်အလက်ကို ရရှိထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

‘ပရာဆယ်ကျွန်းတွေထဲက ဝုဒီကျွန်းပေါ်မှာ တရုတ်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ ဖြန့်ချထားတာကို ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက သိရှိထားတယ်။ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုတွေကို တရုတ်စစ်တပ်က အနီးကပ်စောင့်ကြည့်နေတယ်’ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း တရုတ်၏ စစ်ရေးဖြန့်ကျက်မှုနှင့် ပတ်သက်၍ တောင်တရုတ်ပင်လယ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် တင်းမာမှုကို မြင့်မားလာစေမည့် တစ်ဖက်သတ်လုပ်ရပ်များကို ရှောင်ရှားကြရန် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။   

ပေကျင်းကလည်း ထိုင်ဝမ်၏ ပြောဆိုချက်ကို ပြန်လည်ဝေဖန်ပြစ်တင်ခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဖြန့်ကျက်မှုများမှာ ငြိမ်းချမ်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

‘ကျတော်တို့ရဲ့ ရပ်တည်ချက်ကို အကြိမ်ကြိမ် ဖော်ပြခဲ့ပါပြီ။ တရုတ်က ကျွန်းတွေပေါ်မှာ တည်ဆောက်ရေးတွေ လုပ်နေတာက နိုင်ငံတကာအသိုင်းအဝိုင်းကို ဝန်ဆောင်မှုတွေ ပေးဖို့ဖြစ်သလို၊ ကယ်ဆယ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေကို အားပေးဖို့ပါ’ဟု ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လဲက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly