ရုရှနှင့် ဆော်ဒီ ရေနံဝန်ကြီးများ တွေ့ဆုံမှု၏အကျိုးဆက် ရေနံစျေးနှုန်း ထိုးတက်

ရုရှနှင့် ဆော်ဒီ ရေနံဝန်ကြီးများ တွေ့ဆုံမှု၏အကျိုးဆက် ရေနံစျေးနှုန်း ထိုးတက်

ဒိုဟာ၊ ဖေဖော်ဝါရီ-၁၆ ။        ။ ရုရှစွမ်းအင်ဝန်ကြီး အလက်ဇန္ဒား နိုဗက်နှင့် ဆော်ဒီစွမ်းအင်ဝန်ကြီး အလီ အယ်လ် နိုင်မီတို့ ကာတာမြို့တော်တွင် တွေ့ဆုံခဲ့ကြသောကြောင့် ရေနံစိမ်းဈေးမှာ ရုတ်တရက် ထိုးတက်မြင့်မားလာခဲ့သည်။

ဝန်ကြီးနှစ်ဦးတို့မှာ မကြာသေးမီကာလများအထိ ရေနံဈေးနှုန်းကို တရိပ်ရိပ်ကျဆင်းနေစေခဲ့သည့် ကမ္ဘာနှင့်အဝန်း ရေနံဈေးကွက် ပိုလျှံမှုကို ဆွေးနွေးရန် ဖေဖော်ဝါရီ ၁၆ရက်နေ့က ဒိုဟာတွင် တွေ့ဆုံခဲ့ကြသည်။

နောက်ဆုံး သတင်းအချက်အလက်များအရ နှစ်ဖက်စလုံးက ရေနံအထွက်နှုန်းကို လက်ရှိအဆင့်တွင် ထိန်းထားရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

ထိုအစည်းအဝေးသို့ ဗင်နီဇွဲလားနှင့် ကာတာမှ ရေနံဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

ဥရောပဈေးကွက်တွင် ကန်ဒေါ်လာ ၁.၃၀ဒေါ်လာ (သို့မဟုတ်) ၃.၈၉ရာခိုင်နှုန်း တက်လာခဲ့ပြီး တစ်စည်လျှင် ၃၄.၉ဒေါ်လာဖြင့် ရောင်းချနေသည်ဟု ဆိုသည်။

၂၀၁၄ခုနှစ် နှစ်လယ်က အမြင့်ဆုံးသို့ ထိုးတက်ခဲ့ပြီးနောက်ပိုင်းတွင် ရောင်းလိုအားများနေပြီး၊ ဝယ်လိုအား ကျဆင်းကာ စီးပွားရေးများမှာလည်း နှေးကွေးလေးလံနေကြသောကြောင့် ရေနံဈေးနှုန်းများမှာ ကျပြီးရင်း ကျဆင်းလာခဲ့ရာ ၂၀၁၄ခုနှစ် ဇွန်လဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၇၀ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီဖြစ်သည်။  

ရေနံဈေးနှုန်း ထိုးတက်လာမှုက စတော့ရှယ်ယာတန်ဖိုးများကိုလည်း မြင့်မားလာစေခဲ့ရာ ရေနံနိုင်ငံကြီးများက ထုတ်ကုန်ပိုလျှံမှုကို ထိန်းချုပ်ရန် သဘောတူကြပြီး၊ စီးပွားရေးအင်အားကြီးနိုင်ငံများတွင် ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် အာဏာပိုင်များက လုပ်ဆောင်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အာရှဈေးကွက်တွင် ရှယ်ယာဈေးနှုန်းများကို တိုးမြှင့်လာခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly