လူကြမ်းတွေ လဲရင် ကြိုက်လား

လူကြမ်းတွေ လဲရင် ကြိုက်လား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တချို့ကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးသိန်းဇော်က ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်းပြီး နောက် လွှတ်တော်အမတ်နှင့် စစ်တပ်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးနောက် ဇွန် ၂၅၊ ၂၀၁၅ က မဲခွဲကြရာ စစ်တပ်ကိုယ်စားလှယ်များက မထောက်ခံသောကြောင့် ပုဒ်မ တစ်ခု၏ စကားတစ်လုံးသာ ပြင်နိုင်ပြီး ကျန်ပုဒ်မများကို မပြင်နိုင်ခဲ့ပါ။ 

လွှတ်တော်သတင်းများကို စောင့်ကြည့်လေ့လာသူများ သို့မဟုတ် ဖေ့စ်ဘွတ်မှ သတင်းများကို ပုံမှန်ဖတ်ရှုသူများ သိပြီးဖြစ်ပါလိမ့်မည်။ ပြဿနာမှာ ဇာတ်သိမ်းသိပြီးသား ရုပ်ရှင်တစ်ကားကို တကယ်ကြည့်ရှုရချိန်တွင် ငိုလိုက်ရသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှယ် ဖြစ်ပါသည်။ ဇာတ်ဆောင် များက သရုပ်ဆောင် ကောင်းကြသည်လား၊ သို့တည်းမဟုတ် ဇာတ်ပု့ိ တီးလုံးက ကောင်းသည်လား၊ သို့တည်းမဟုတ် ကာလရာသီက ငိုစရာ ကောင်းနေသည်လား၊ ပြည်သူ တချို့ကား ရုပ်ရှင်ကြည့် ပရိသတ်များကဲ့သို့ပင် ဝမ်းနည်းခဲ့ကြသည်။

ဤတွင် လူထုခေါင်းဆောင်ဟု ပြည်သူအများက လက်ခံထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မတချို့နှင့် ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ပြီးချိန်တွင် ချက်ချင်း သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ယခု မဲခွဲဆုံးဖြတ်ခဲ့ သော ပုဒ်မများသည် ၎င်းတို့ လိုလားသလို အမှန်တကယ် ပြင်ဆင်ချင်သည့်အတိုင်း ပြင်ဆင်ထား သည် မဟုတ်ဘဲ အပေါ်ယံ ပြင်ဆင်ထားသည်သာ ဖြစ်သည်။ ထိုမျှကိုပင် လက်မံသည်ကို တွေ့ရ သည်၊ သို့သော် ပြည်သူများ စိတ်ဓာတ်ကျရန် မလိုဟု ပြောသည်။

မည်သို့ဆိုစေ ပြည်သူများသည် ထိုအပေါ်ယံ ပြင်ဆင်မှုကိုပင် ပြင်ဆင်ခွင့် မပြုသူများကို နှစ်သက်ခြင်း မရှိပါ။ ခွဲတမ်းစနစ်ဖြင့် ပြည်သူများက လိုလာခြင်း မရှိပါဘဲလျှက် လွှတ်တော်တွင်း ဝင်ရောက်ထားသူများသည် ၎င်းတို့ အောင်ပွဲကို လွှတ်တော်တွင်း ပွဲခံခဲ့ကြသေးသည်။ ပြည်သူ့ အသံသည် တိုးတိမ်နစ်ဝင်ခဲ့ပြီး လူတန်းစားတစ်ရပ်၏ အပြုံးများဝင့်ခဲ့ခြင်း ဖြစ်သည်။ ကြိုသိနှင့်သော ဇာတ်ပင်ဖြစ်လင့်ကစား ဇာတ်နာလှသည်။

လွှတ်တော်သည် ပြည်သူ့အသံများ၊ ပြည်သူကို ကိုယ်စားပြုသူများနှင့်သာ လည်ပတ်သော ယန္တရား ဖြစ်သင့်ပါလျှက်နှင့် လူတန်းစား တစ်ရပ်က အာဏာပါဝါသုံးပြီး အခွင့်အရေးများ ခွယူနေခြင်း သည် ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်မှု မရှိပါ။ ယင်းကို ပြည်သူအများစုကလည်း နှစ်လိုခြင်း မရှိပါ။ သို့ကြောင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ပြင်ဆင်ကြခြင်း ဖြစ်သည်။ သို့သော် ပြည်သူများသည် ရသင့်ရထိုက်သော အခွင့်အရေးကို မရခဲ့ပါ။ ပြည်သူများအတွက် ဆုံးရှုံးနစ်နာမှုသာ ဖြစ်ခဲ့သည်။ ပြည်သူများသည် စိတ်ဆိုးကြသည်။

ပြဿနာတိုင်းတွင် အဖြေရှိပါသည်။ အဖြေကို မရှာလျှင်မူ အဖြေ မတွေ့ပါ။ အဖြေရှာလျှင် အဖြေ ရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများနှင့် စံသွေနေသော ဥပဒေတစ်ရပ်သာ ဖြစ်ပါသည်။ ပြည်သူများသည် အခြေခံအားဖြင့် ယဉ်ကျေးသော၊ ရိုင်းပင်းသော၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားသော မြန်မာများသာ ဖြစ်သည်။ မေ့လွယ်ပျောက်လွယ် ခံစား လွယ်ထိ ရှိလွယ်သော လူမျိုးများသာ ဖြစ်ပါသည်။ အကောင်းလုပ်သည်နှင့် အဟောင်းကို မေ့တတ် သူများ ဖြစ်ပါသည်။ လူကြမ်း ကောင်း(ဆိုး)တိုင်း ဇာတ်နာသည်မှာ ရုပ်ရှင်ရုံထဲတွင်သာ ကောင်းပါ သည်။ လွှတ်တော်တွင်းတွင် ထင်တိုင်း မကြမ်းသင့်ပါ။ ပြည်သူသည် ပရိသတ်ဟု ဆိုသော်လည်း လွှတ်တော်တွင်း ရောက်နေသူများ၏ ကျေးဇူးရှင်၊ မူလသခင်၊ ထမင်းရှင် ဖြစ်ပါသည်။ ပြည်သူငိုအောင် ထင်တိုင်း မပြုသင့်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags