ဘက်ကာ အေစီမီလန်သို့ပြောင်းရန် သဘောတူညီခဲ့ပြီဟု သတင်းများထွက်ပေါ်

ဘက်ကာ အေစီမီလန်သို့ပြောင်းရန် သဘောတူညီခဲ့ပြီဟု သတင်းများထွက်ပေါ်

အီတလီ၊ ဇွန် ၂၈။ ။ ဆီဗီလာနှင့် ကိုလံဘီယာတိုက်စစ်မှူး ဘက်ကာသည် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လာခဲ့သည်။

Sky Sport Italia က ထိုသတင်းကို ဖော်ပြခဲ့သလို ကမ္ဘာတစ်ဝှမ်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ ဘက်ကာ၏ အေးဂျင့်ဖြစ်သူကလည်း ထိုသတင်းကို အတည်ပြုပေးထားသည်။

'အေစီမီလန်အသင်းနဲ့ ဘက်ကာတို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဒါကို ကျွန်တော်အတည်ပြုပေးနိုင်ပါတယ်' ဟု အေးဂျင့် ဆာဂျီယိုဘာရီလာက MilanNews.it သို့ ပြောသည်။

Sky Sport Italia ၏ဖော်ပြမှုတွင် အေစီမီလန်နှင့် ဆီဗီလာတို့သည်လည်း သဘောတူညီမှု ရရှိခဲ့ပြီး ဘက်ကာအတွက် ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း ၃၀ ဖြစ်ကြောင်း၊ ထိုငွေပမာဏကို အရစ်ကျ ခွဲပေးရန် သဘောတူညီထားကြောင်းတို့ ပါရှိသည်။

စာချုပ်သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး လစာငွေမှာ တစ်နှစ်လျှင် ယူရို ၂ ဒသမ ၅ သန်းဖြစ်ပြီး အပိုဆုကြေးငွေများနှင့်ဆိုလျှင် ယူရို ၃ သန်းခန့် ရရှိမည်ဟု ဆိုသည်။
ဘက်ကာ၏အပြောင်းအရွှေ့မှာ လာမည့် ၂၄ နာရီအတွင်း ဖြစ်မြောက်ဖွယ်ရှိနေသည်ဟုလည်း သတင်းများက ဖော်ပြထားသည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly