ဘန်ကောက်ဗုံးခွဲမှုတွင် ပါ၀င်ကြောင်း နှိပ်စက်၍ ၀န်ခံခဲ့ရဟု တရုတ်ဝီဂါပြော

ဘန်ကောက်ဗုံးခွဲမှုတွင် ပါ၀င်ကြောင်း နှိပ်စက်၍ ၀န်ခံခဲ့ရဟု တရုတ်ဝီဂါပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၅ ။       ။ လွန်ခဲ့သည့်နှစ်က ဘန်ကောက်တွင် လူ ၂၀ သေစေသော ဗုံးခွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော တရုတ်မှ ဝီဂါလူမျိုးစုဝင် အမျိုးသားတစ်ဦးက တိုက်ခိုက်မှုတွင် ပါဝင်ခြင်း လူသတ်ခြင်းတို့ မရှိကြောင်း ဖေဖော်ဝါရီ ၁၅က  ငြင်းဆိုခဲ့ပြီး အစောပိုင်းက ဝန်ခံခြင်းမှာ နှိပ်စက်ခံရခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ဆိုသည်။

ဘီလားလ်မိုဟာမက်ဟု သိကြသည့် အေဒန်ကာရာဒက်သည် စွဲချက်များကို ကြားနာရန် ဒုတိယမြောက်သံသယရှိသူ ယူဆူဖူမီရေလီနှင့် အတူ ဖေဖော်ဝါရီ ၁၆တွင် စစ်ခုံရုံးတစ်ခုတွင် လာရောက်ကြားနာရမည်ဖြစ်သည် အဆိုပါအမျိုးသားနှစ်ဦးစလုံးသည် သြဂုတ် ၁၇ က ဖောက်ခွဲမှုတွင် ပါဝင်ကြောင်း ဝန်ခံခဲ့ပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

၎င်း၏အမှုသည်သည် အဓမ္မနည်းလမ်းကြောင့် ဝန်ခံခဲ့ရသည်ဟု ကာရာဒက်၏ ရှေ့နေတစ်ဦးက ပြောသည်။ ဗုံးကွဲစဉ်က သေဆုံးသူအများစုမှာ နိုင်ငံခြားသားခရီးသည်များဖြစ်ရာ နိုင်ငံ၏ ဝင်ငွေကောင်းသော ခရီးသွားလုပ်ငန်းထိခိုက်မည်ကို စိုးရိမ်မှုများ မြင့်မားလာသည်။

"အဲဒီအချိန်က သူဟာ နှိပ်စက်ခံရပြီး ဖိအားပေးခံခဲ့ရပါတယ်။ ဒါ့ကြောင့် သူ့အပေါ်စွဲချက်တွေကို ဝန်ခံခဲ့တာပါ"ဟု ချုပ်ထားသော ကာရာဒက်ဆီသို့ ရောက်လာသော ရှေ့နေ စကူးချာ့တ်ကန်ပိုင်က ရိုက်တာသို့ ပြောသည်။

၎င်းဝန်ခံသော တစ်ခုတည်းသော စွဲချက်မှာ တရားမဝင် ဝင်ရောက်ခြင်းသာဖြစ်သည်ဟုလည်း ရှေ့နေက ပြောသည်။ ယင်းအမျိုးသားနှစ်ဦး နှိပ်စက်ခံရသည်ဆိုသည်ကို သံသယရှိသည်ဟု ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဝင်ထိုင်းဆူဝါရီက ပြောသည်။

"သူတို့နှစ်ဦးကို စစ်ဘက်က ချုပ်ထားစဉ်မှာ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ကျွန်တော်သေချာပြောနိုင်ပါတယ်"ဟု ၎င်းကပြောသည်။ တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်မပြောဆိုခဲ့ပေ။ တိုက်ခိုက်မှုမှာ လူမှောင်ခိုဂိုဏ်းများအား ဖြိုခွင်းမှုကြောင့် လက်တုံ့ပြန်ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

ဗုံးခွဲတိုက်ခိုက်မှုမှာ ဇူလိုင်လက ထိုင်းက ဝီဂါ ၁၀၀ကျော်ကို တရုတ်သို့ အဓမ္မပြန်ပို့မှုအား လက်တုံ့ပြန်မှုဖြစ်သည်ဟု လုံခြုံရေးကျွမ်းကျင်သူအချို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly