လွှတ်တော်ဟာ အသုံးချစရာ စင်မြင့်မဟုတ်ဟု အမတ်များကို ဒေါ်စုသတိပေး

လွှတ်တော်ဟာ အသုံးချစရာ စင်မြင့်မဟုတ်ဟု အမတ်များကို ဒေါ်စုသတိပေး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၁၅)။ ။ လွှတ်တော်သည် အမတ်တို့ အသုံးချစရာစင်မြင့်မဟုတ်သလို နပန်းလုံးဖို့ ကြိုးဝိုင်းတစ်ခုလည်းမဟုတ်ဟု NLDပါတီအမတ်အများဆုံးနေရာယူထားသည့် ပြည်ထောင်စုလွှတ်တော်အမတ်များကို NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။

“လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်အတွက်အသုံးချဖို့ စင်မြင့်လည်း မဟုတ်ပါဘူး။ ရာထူး၊ နေရာရဖို့ ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။ သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က အမတ်များကို သတိပေးသည်။

ဖေဖော်ဝါရီ ၁၅ရက်နံနက်ပိုင်းက လွှတ်တော်သဘင်ဆောင်တွင် ပြည်ထောင်စုလွှတ်တော်အမတ်အားလုံး တက်ရောက်သည့် ဒုတိယအကြိမ်လွှတ်တော်အမတ်များအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြသည့်အစီအစဉ်ဖွင့်ပွဲအမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ယနေ့ ဖေဖော်ဝါရီ ၁၅ရက်မှ ၁၉ရက်နေ့အထိ လွှတ်တော်အမတ်များကို လွှတ်တော်ဆိုင်ရာလုပ်ငန်းများအား ငါးရက်ကြာ ရှင်းလင်းတင်ပြမည်ဖြစ်သည်။

"ဒီနေရာ(လွှတ်တော်)ဟာ ကျွန်မတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းပြီးတော့ နိုင်ငံနဲ့ပြည်သူအကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့်နေရာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့မျက်နှာကိုပဲ အဓိကကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့တစ်စုတစ်ဖွဲ့ထဲမျက်မှာကို အဓိကကြည့်ရမှာမဟုတ်ပါဘူး" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် လွှတ်တော်အမတ်များအနေဖြင့် ပါတီစွဲ၊ အယူဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတို့မထားဘဲ ပြည်သူအတွက် တာဝန်ထမ်းဆောင်ဖို့လိုအပ်သည်ဟု သူမက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly