ကျောက်စိမ်းကုမ္ပဏီများ၏ မြေစာပုံများ စည်းကမ်းမဲ့စွန့်ပစ်မှု မရပ်မချင်း ဆန္ဒပြနေဦးမည်ဟုဆို

ကျောက်စိမ်းကုမ္ပဏီများ၏ မြေစာပုံများ စည်းကမ်းမဲ့စွန့်ပစ်မှု မရပ်မချင်း ဆန္ဒပြနေဦးမည်ဟုဆို

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၅ ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်း ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ မြေစာပုံများ စည်းကမ်းမဲ့ စွန့်ပစ်နေမှု မရပ်မချင်း ဆန္ဒပြတောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်စိမ်းတူး ကုမ္ပဏီများ စွန့်ပစ်သော မြေစာပုံကြောင့် မြေပြိုမှုများ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ထပ်မံ မဖြစ်ပွားစေရန် ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်၍ ၂ ရက်ကြာ ဒေခသခံ လူ ၁၀၀ ကျော်က သပိတ်စခန်း ၄ နေရာ ဖွင့်လှစ်၍ ဆန္ဒပြနေခြင်း ဖြစ်သည်။

လုံးခင်းကျေးရွာ၊ ဇွပ်ရာ၊ ဆိုင်းတောင်၊ စကူးမှော်နှင့် လမ်မှော် စသည့် နေရာများတွင် သပိတ်စခန်းဖွင့်လစ်၍ ဒေသခံများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်သည်အထိ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဒေသခံ ဦးလမောင်လတောင်က ပြောသည်။

“မိုင်းတွေ ခွဲတာများလာတော့ နေအိမ်တွေလည်း တုံတဲ့အထိ ဖြစ်လာတယ်။ နောက်ပြီး ကုမ္ပဏီက စွန့်ပစ်ထားတဲ့ မြေစာပုံတွေ မြင့်လာတော့ ရေကြီးလာရင် ပိုစိုးရိမ်ရမဲ့ အခြေအနေရှိနေလို့ ကုမ္ဗဏီက လူတွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ဆန္ဒပြတာဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

“ကျနော်အနေနဲ့ အုပ်ချုပ်ရေးအပိုင်းတွေကိုလည်း ပြောပြထားတယ်။ ကုမ္ပဏီနဲ့ ကျနော်တို့နဲ့ တွေ့ဆံုံ ဆွေးနွေးပြီးရင်တော့ ဆန္ဒပြတောင်းဆိုတာ ရပ်မယ်။ ဒီနေ့ထိတော့ မဆွေးနွေးသေးဘူး။ သူတို့နဲ့ မဆွေးနွေးနိုင်သရွှေ့ ဆက်ရှိနေဦးမယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

အစိုးရ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီတို့၏ ခွင့်ပြုချက်တောင်းခံ၍ ကဒ်ထူစက္ကူပေါ်တွင် ကုမ္ပဏီများ၏ မြေစာသယ် ယဉ်များ ဖြတ်သန်းမှု ရပ်တန့်ရန်၊ ဗီနိုင်းများဖြင့် ကုမ္ဗဏီမှ မြေစာများ စွန့်ပစ်သဖြင့် မြေများ ပြိုကျမည့် အခြေအနေ ရောက်နေသည့် ဓါတ်ပုံများ ကိုင်ဆောင်ခြင်း၊ သဘောဝ ပတ်ဝန်းကျင် ပျက်ဆီးနေမှု ရပ်တန့်ရန်ဟူသော အချက်များ တောင်းဆိုထားသည်ဟု သူက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း မြေစာပုံပြိုကျမှုကြောင်း မြေပိသေဆုံးသူ ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ဦးလတောင်က ပြောသည်။

လက်ရှိ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ဆန်ခါသို့ သွားသည့် လမ်းပေါ်ရှိ မြဦးယာဉ် ကုမ္ပဏီနှင့် တစ်သုံးလုံး ကုမ္ပဏီများသို့ သွားသည့် ကားလမ်းအား ပိတ်ဆို့၍ ဆန္ဒပြနေခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။

“အဓိက ဖြစ်နေတာက မြဦးယာဉ် ကုမ္ဗဏီက သွန်တဲ့မြေစာတွေက ဥရုချောင်းကမ်းနားမှာ ဥရုချောင်းကို ဖြတ်ပြီးတော့ သွန်နေတာ။ မြေစာပုံတွေက ပေ ၄၀၀၊ ၅၀၀ မြင့်နေတော့ အဲဒီ ဥရုချောင်းတွေပေါ်မှာ ကပ်လျက်ရှိတဲ့ တောင်ကုန်းတွေပေါ်မှာ သွန်နေတာဖြစ်တဲ့အတွက် အဲဒီ တောင်ကုန်းတွေက မြေ အနေအထားအရ မြေတွေက မခိုင်ဘူး။ တကယ်လို့ မိုးတွင်းမှာ ရေကြီးလို့ အဲဒီတောင်တွေ ပြိုကျပြီးတော့ အဲဒီ မြေစာပုံတွေက ဥရုချောင်းကို ပိတ်သွားမယ်ဆိုရင် လုံးခင်းနားတဝိုက်မှာရှိတဲ့ လူတွေက ရေဘေး ဒုက္ခကို အကြီးအကျယ် ခံစားရမယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိတယ်။ ကျနော်ကိုယ်တိုင်လည်း တွေ့ခဲ့တယ်။ နေ့တိုင်း မြင်နေရတယ် ဆိုတော့ အဲဒီကိစ္စအပေါ်မှာ အဓိက အခြေခံပြီးတော့ ဆန္ဒပြနေကြတာ ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းမြေစာပုံကြောင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ် တားဆီးပေးရန်နှင့် အဆိုပါ မြေစာပုံများကို နေ့စဉ် တွေ့မြင်နေရသဖြင့် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ဆန္ဒပြ ဒေသခံများသည် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအား ဖိတ်ကြား၍ လူ ၃၀၀ အင်အားဖြင့် ဆန္ဒဖော်ထုတ်ရန် ကြိုတင် ခွင့်ပြုချက်ယူ၍ ဆန္ဒဖော်ထုတ်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလလယ်က ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး စက်ယန္တရားကြီးများဖြင့် အရှိန်အဟုန် ပြင်းထန်စွာ တူးဖော်လာသဖြင့် မြေပြိုမှုကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့ပြီးနောက် အစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းက ဖားကန့်မြို့သို့ သွားရောက်၍ စစ်ဆေးခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly