ဇီကာဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ရောက်မရောက် မစမ်းသပ်နိုင်သေးသော်လည်း ဂရုစိုက်ရန် လိုပြီဟုဆို

ဇီကာဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ရောက်မရောက် မစမ်းသပ်နိုင်သေးသော်လည်း ဂရုစိုက်ရန် လိုပြီဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၃ ။ ။ မြန်မာနိုင်ငံမှ လုပ်သားအဝင်အထွက်များသော အိမ်နီးချင်းထိုင်းနိုင်ငံ၊ တရုတ် နှင့် မလေးရှားနိုင်ငံတို့တွင် ကာကွယ်၊ ကုသရန် ဆေးမရှိသေးသော ဇီကာရောဂါပိုး ကူးစက်မှုများ ဖြစ်လာပြီဖြစ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု မလုပ်နိုင်သေးကြောင်း ရန်ကုန်မြို့၊သူနာပြုတက္ကသိုလ်တွင် ဖေဖော်ဝါရီ ၁၃ရက်က ပြုလုပ်သော ဇီကာရောဂါပိုးကူးစက်မှုဆိုင်ရာ ဆွေးနွေးပွဲမှသိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၂မှ ၂၀၁၅ထိ ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီး၊ တရုတ်နိုင်ငံတွင် ကူးစက်ဖြစ်ပွားမှုရှိကြောင်းကို ပြီးခဲ့သော ဖေဖော်ဝါရီ ၉ရက်က တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက အတည်ပြုကြေငြာထားသည်။ 

"(မြန်မာနိုင်ငံတွင် ဇီကာရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုပြုနိုင်ရန်အတွက်) ဓါတ်ခွဲခန်းပစ္စည်းတွေက အကုန်မှာထားပြီးသားပါ၊ ဒီတစ်ပတ်မှာတော့ အိန္ဒိယတို့၊ ထိုင်းတို့ကိုပို့ရမှာပေါ့။ နောက်တစ်ပါတ်လောက်ဆိုရင်တော့ အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းမှာ စစ်ဆေးလို့ရပါပြီ။" ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

ဇီကာရောဂါပိုးသည် အေးဒီးစ်ခြင်ကျားအမျိုးအစား ကိုက်ခံရခြင်းမှ တစ်ဆင့်ကူးစက်နိုင်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့လည်းကောင်း၊ နမ်းခြင်းအပါအဝင် လိင်ဆက်ဆံမှုပြုရာမှ လည်းကောင်း ကူးစက်နိုင်ကြောင်း ဆွေးနွေးပွဲ ဟောပြောချက်များအရ သိရသည်။

မျက်စိနာခြင်း၊ ဖျားခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့ ၂ရက်မှ ၇ရက်အထိ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သတင်းပို့ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်သည်။

ထို့ပြင် အေးဒီးစ်ခြင်ကျား ပေါက်ပွားမှုမရှိစေရန် ခြင်ကျားပိုးလောက်လမ်းရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ကြရန်လည်း နိုးဆော်လိုက်သည်။

ဇီကာရောဂါပိုးကူးစက်ခံရပါက ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်နှင့် ဦးခေါင်းသေးငယ်သော ကလေးများ မွေးဖွားမှုနှင့် ဆက်စပ်မှုရှိနိုင်သောကြောင့် ကမ္ဘာကျန်းမာရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီ ၁ရက်က သတ်မှတ်ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly