မသန်စွမ်း ကလေးငယ်များ ကျောင်းဝင်ရာတွင် ကျောင်းအုပ်များ၏ ငြင်းပယ်ခံရမှုများ ရှိ

မသန်စွမ်း ကလေးငယ်များ ကျောင်းဝင်ရာတွင် ကျောင်းအုပ်များ၏ ငြင်းပယ်ခံရမှုများ ရှိ

ရန်ကုန်၊ ဇွန် ၂၇ ။     ။ မသန်စွမ်း ကလေးငယ်များသည် ပင်မအစိုးရ  ကျောင်းများသို့ ကျောင်းဝင်ရာတွင်  ကျောင်းဝင်ခွင့် လက်ခံ မလက်ခံ ဆိုသည်မှာကျောင်းအုပ် တစ်ဦးချင်းစီ၏ဆုံးဖြတ်ချက်နှင့်သက်ဆိုင်နေပြီး နိုင်ငံတော် အဆင့်လမ်းညွှန်မှုမရှိခြင်း ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခြင်း ခံနေရသည်ဟု  ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံ၏ လူတိုင်းအကျုံးဝင်ပညာရေး စီးမံကိန်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

လူတိုင်းအကျုံးဝင်ပညာရေးစီးမံကိန်း အစီရင်ခံစာ အကျဉ်းချုပ်နှင့် ပတ်သက်ပြီး ဇွန် ၂၇ ရက်က ရန်ကုန်မြို့ Central ဟိုတယ်တွင်  သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၏ လူတိုင်းအကျုံးဝင် စီမံကိန်း မန်နေဂျာ ဒေါ်တင်တင်ခိုင်က “ မသန်စွမ်း ကလေး ငယ်တွေအတွက် ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး အခက်အခဲတွေဖြစ်နေတုန်းပဲ။

ကျောင်းဝင် ခွင့်ကလည်း ကျောင်းအုပ်က ကလေးကို ကျောင်းအပ်လက်ခံမခံပေါ်မူတည်ပါတယ်။ ကျောင်းတော် တော်များများမှာ  မသန်စွမ်းကလေးငယ်တေ ွကျောင်းတက်နိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေ အများကြီး လိုအပ်နေဆဲပါပဲ။”ဟုပြောသည်။

စာသင်ကျောင်းအချို့တွင် လူတိုင်းအကျုံးဝင် သင်ယူမှု  ပတ်ဝန်းကျင်ကိုတွေ့ရှိရသည့်တိုင် ပင်မ(အစိုးရ) ကျောင်းများတွင် လူတိုင်း အကျုံးဝင်သင်ယူမှုဆိုင်ရာ ပတ်ဝန်းကျင် အားနည်းနေသေးသည်ကိုလည်း အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံ မန်နေဂျင်း ဒါရိုက်တာ ဦးထှာအုပ်က “ ဒီစီမံကိန်းက မသန်စွမ်း ကလေးငယ်တွေအပေါ် သက်ရောက်မှုရှိမယ်လို့ယုံကြည်ပါတယ်။ဒီသုတေသနမှာ ဘယ်ပညာရှင် အသံမှ မပါဘူး။မသန်စွမ်းကလေးတွေ၊မိဘတွေ၊ ဆရာမတွေ၊ကျောင်းအုပ်တွေရဲ့ အသံပဲပါပါတယ်”ဟု ပြောသည်။

အဆိုပါ အစီရင်ခံစာ အတွက် ရန်ကုန်မြို့အတွင်းရှိ ပင်မအစိုးရကျောင်း ၇ ကျောင်း၊ အထူးကျောင်း ၂ ကျောင်း၊ နိုင်ငံတကာ ပုဂ္ဂလိကပိုင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတစ်ကျောင်း စုစုပေါင်း ၁၁ ကျောင်းက မသန်စွမ်း ကလေးငယ်များ၊ မသန်စွမ်းမဟုတ်သော သူငယ်ချင်းများ၊မိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ကြီးများ ၊ ကျောင်းမနေသည့် မသန်စွမ်းကလေးငယ်များနှင့် အုပ်ထိန်းသူမိဘ စုစုပေါင်း ၂၂၂ ဦးကို မေးမြန်းခဲ့ခြင်ဖြစ်သည်။

လူတိုင်း အကျုံးဝင်ပညာရေး စီမံကိန်းပြုလုပ်ရန်  သုတေသနပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ- မသန်စွမ်း ကလေးငယ်များအပါအဝင် ပညာသင်ယူခွင့်ဆုံးရှုံးနေသူများအတွက် လူတိုင်းအကျုံးဝင် ပညာရေးကို မြှင့်တင်ပေးရန် ကြိုးစားရာတွင် မူဝါဒ ချမှတ်နေသူများနှင့် အကျုံးဝင် သက်ဆိုင်သူများအတွက် လိုအပ်နေသော ခိုင်လုံသည့်အထောက်အထားတစ်ခုဖြစ်လာရန်၊ ဆရာ၊ဆရာမများ လေ့ကျင့် သင်ကြားပေးခြင်းအပါအဝင် လူတိုင်းအကျုံးဝင်ပညာရေး အစီအစဉ် ပိုမိုတိုးတက်စေရေး အတွက် လိုအပ်ချက်များကို ရှာဖွေ
သတ်မှတ်ရန်တို့ဖြစ်သည်။

သုတေသနပြုလုပ်ရာတွင် အသုံးပြုသည့်မေးခွန်းများမှာ- မသန်စွမ်းမှုနှင့် လူတိုင်းအကျုံး ဝင်ပညာရေးအပေါ် နားလည်သဘောပေါက်မှု၊ အမြင်၊ ပညာသင်ကြားနိုင်ရေး အထောက်အကူပြုသည့်အရာ၊ အတားအဆီးဖြစ် သည့် အရာနှင့် ဝိသေသလက္ခဏာများပါဝင်သည်။

သုတေသနနှင့်ပတ်သက်သည့် မေးမြန်းမှုများကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သုတေသနပြု လုပ်တွေ့ရှိချက်များအရ ကျောင်းတက်နေသည့်  မသန်စွမ်း ကလေးငယ်များအတွက် စာမေးပွဲများ၊ သန့်စင်ခန်း အသုံးပြုခြင်းနှင့် ကျောင်းသွားကျောင်းပြန် ခရီးတို့အတွက် စိုးရိမ်စိတ်အများ ဆုံးဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး၍ အတည်ပြုပြဌာန်းလိုက်သည့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေတွင် အခန်း ၅ ပုဒ်မ ၂၃ တွင် မသန်စွမ်းသူများက ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်မှ တစ်ပါး မသန်စွမ်းမှုကို အကြောင်းပြု၍ ကျောင်းဝင်ခွင့်ကို ငြင်းပယ်ခြင်းမပြုရဟု ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly