ရေခဲတောင် လာသောင်တင်နေ၍ အစာရှာရ ပိုခက်သွားခြင်းကြောင့် ပင်ဂွင်းကောင်ရေ တစ်သိန်းခွဲနီးပါး သေဆုံး

ရေခဲတောင် လာသောင်တင်နေ၍ အစာရှာရ ပိုခက်သွားခြင်းကြောင့် ပင်ဂွင်းကောင်ရေ တစ်သိန်းခွဲနီးပါး သေဆုံး

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၁၄။               ။ အန္တာတိကရှိ ပင်ဂွင်းများ နေထိုင်ကျက်စားရာအနီးတွင် ကြီးမားသည့် ရေခဲတောင်ကျွန်းမျောကြီး လာ၍ သောင်တင်နေခြင်းကြောင့် ပင်ဂွင်းများသည် အစားအစာရှာဖွေရန် ခရီးတာပို၍ ရှည်ဝေးစွာ ကွေ့ပတ်သွားလာနေရပြီး ယင်းနောက်ပိုင်း သေဆုံးခဲ့သည့် အကောင်ရေသည် တစ်သိန်းခွဲနီးပါးအထိ ရှိသွားရကြောင်း သိပ္ပံပညာရှင်များက သုတေသနစာတမ်းတစ်စောင်တွင် ရေးသားဖော်ပြသည်။

အတိုင်းအတာစတုရန်းကီလိုမီတာ ၁၀၀ နီးပါးရှိသည့် B09B ရေခဲတောင်ကြီးက ၂၀၁၀ ဒီဇင်ဘာလအတွင်း အရှေ့အန္တာတိကရှိ ဓနသဟာရပင်လယ်အော်တွင်  မျောလာ သောင်တင်နေခဲ့ခြင်း   ဖြစ်ကြောင်း  နယူးဇီလန်သိပ္ပံပညာရှင်များက Antarctic Science ဂျာနယ်တွင် ရေးသားဖော်ပြသည်။

ယင်းပင်လယ်အော် Denison အငူစွန်းတွင် ကျက်စားနေထိုင်သည့် Adelie ပင်ဂွင်းကောင်ရေသည် ၂၀၁၁ ဖေဖော်ဝါရီအတွင်းက ဆန်းစစ်တိုင်းတာချက်တွင် အကောင်ရေ တစ်သိန်းခြောက်သောင်း ခန့်ရှိခဲ့ရာမှ ၂၀၁၃ ဒီဇင်ဘာတွင် အကောင်ရေ တစ်သောင်းအထိသို့ ထိုးကျသွားခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ရေခဲတောင်လာရောက်သောင်တင်ခြင်းကြောင့် ပင်ဂွင်းများအတွက် အစားအစာရှာဖွေရာတွင် ခရီးကီလိုမီတာ ၆၀ ကျော် ပို၍ သွားလာရကာ သားပေါက်မွေးဖွားမှုများ အချိန်စက်ဝိုင်းလည်း ကြန့်ကြာသွားစေရကြောင်း နယူးဆောက်ဝေးလ်တက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှု သုတေသနစင်တာနှင့် နယူးဇီလန် ပင်ဂွင်းသုတေသနဌာနတို့က သုတေသနပညာရှင်များက ပြောခဲ့သည်။

"B09B ရေခဲတောင်ကိုသာ ပြန်လည်ဖယ်ရှားခြင်း မပြုရင် Denison အငူမှာ ရှင်သန်ကျက်စားနေကြတဲ့ ပင်ဂွင်းများ မျိုးသုဉ်းပျောက်ကွယ်သွားလိမ့်မှာပဲဖြစ်ပါတယ်။"ဟု ဂျာနယ်တွင် သုတေသနပညာရှင်များက ရေးသားဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly