ရန်ကုန်အစိုးရခွင့်ပြုနေသည့် စီမံကိန်းများ ပြည်သူ့အကျိုးမရှိရင် ပယ်ချမည်

ရန်ကုန်အစိုးရခွင့်ပြုနေသည့် စီမံကိန်းများ ပြည်သူ့အကျိုးမရှိရင် ပယ်ချမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ။ ။ အစိုးရသက်တမ်း ကုန်ခါနီးကာလအတွင်းမှ ရန်ကုန်အစိုးရက ခွင့်ပြုပေးနေသည့် စီမံကိန်းများ ပြည်သူနှင့် နိုင်ငံအတွက် အကျိုးမရှိပါက ပယ်ချသွားမည်ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဖေဖော်ဝါရီ ၁၄ရက်တွင် ပြောသည်။

ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းရှိ CHATRIUM ဟိုတယ်တွင် ပြုလုပ်သည့် တိုင်း/ပြည်နယ်အမတ်များ အားပေးမြှင့်တင်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းလွှတ်တော် အမတ်များက ပူးပေါင်းကာ မဲဆန္ဒရှင်များအတွက် ဥပဒေရေးရာ၊ ပြည်သူ့ရေးရာကိစ္စရပ်များကို ကူညီဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲတွင် ပြောဆိုခြင်းလည်း ဖြစ်သည်။

"အရှင်းဆုံးပြောရရင် ဒီအစိုးရလက်ထက်မှာလုပ်ခဲ့တဲ့ စီမံကိန်းတွေကို နောက်အစိုးရကသဘောတူချင်မှ တူမှာလေ ကျွန်မတို့ဖျက်လို့လည်းရတယ်လေ။ စစ်ဆေးလိုက်လို့ နိုင်ငံအတွက်မလိုအပ်ဘူးဆိုရင်ပယ်မှာ။" ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ပြည်သူ့အတွက် အကျိုးမရှိတဲ့စီမံကိန်းများနှင့် ပတ်သက်ပြီး လွှတ်တော်သစ်မှအစိုးရသို့ မေးမြန်းပါကလည်း အာဏာလွှဲပြောင်းရေးကာလ ဖြစ်သည့်အတွက် အစိုးရအဖွဲ့များက အတိအကျဖြေကြားပေးနိုင်မည် မဟုတ်သဖြင့် လွှတ်တော်အတွင်း မေးမြန်းမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအစိုးရသက်တမ်းသည် မတ်လ ၃၁ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းကာလမတိုင်မီ အာဏာအလွှဲအပြောင်း ကာလအတွင်း ရန်ကုန်တိုင်းအပါအဝင် ဒေသအချို့တွင် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် စီမံကိန်းများကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ လွှတ်တော်ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုပေးနေသည်ဟု တိုင်းလွှတ်တော်အမတ်အချို့က ဝေဖန်နေကြသည်။

"ဟိုနေ့က ကြားတဲ့ဆေးရုံကြီးလို ကိစ္စတွေပေါ့။ ဒါတွေကိုခွင့်ပြုပေးနေတာတွေသိရတယ်။ ဒါပေမယ့် အခုအချိန် လွှတ်တော်မှာ မဆွေးနွေးနိုင်ဘူး။ ဒါပေမယ့် တာဝန်လွှဲပြောင်းတဲ့အချိန်မှာ စာရင်း၊ ဇယားတွေအားလုံးကိုလည်း လွှတ်တော်ကတောင်းယူမှာ စိစစ်တာတွေလုပ်မှာပါ။" ရန်ကုန်တိုင်းလွှတ်တော် မြောက်ဥက္ကလာမဲဆန္ဒနယ်အမှတ်၂ အမတ် ဦးမြင့်လွင်က ပြောသည်။

လက်ရှိ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး လွှတ်တော် ကော်မတီများ ဖွဲ့စည်းမည်ဟုလည်း ၎င်းကဆိုသည်။

အာဏာလွှဲပြောင်းရေး ဆောင်ရွက်နေစဉ်ကာလအတွင်း ခွင့်ပြုနေသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းအစိုးရနှင့် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များကို ဥပဒေအရ အတိအကျ သတ်မှတ်ပြဋ္ဌာန်းမှုများ ပြုလုပ်သင့်သည်ဟုလည်း ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးကပြောသည်။

"စီမံကိန်းတွေမှာ ငွေကိုစာရင်းစစ်တာအပြင်၊ အခုလိုအချိန်တွေမှာ စီမံကိန်းတွေကို ဘယ်သူက ဘယ်လိုအခွင့်အာဏာနဲ့ ခွင့်ပြုတာလဲဆိုတာကိုပါ စိစစ်သင့်တယ်၊ အဲဒီလိုလုပ်ဖို့လိုတယ်။" ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ် ၉၂ (တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် အပါအဝင်) နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈နေရာ အထိအနိုင်ရရှိ ထားသည်။ 
 
တိုင်း/ပြည်နယ်အမတ်များ အားပေးမြှင့်တင်ရေးအဖွဲ့ နှင့် တွေ့ဆုံမှုတွင်လည်း အနိုင်ရရှိသည့် ၈၈ဦးမှ အားလုံးနီးပါးအပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ထပ်မံရွေးကောက်ခံရသည့် ဦးဇော်အေးမောင်တို့လည်း တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly