ဟင်္သာတမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ဖူးသည့် အိမ်

ဟင်္သာတမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ဖူးသည့် အိမ်

ဟင်္သာတမြို့သို့ ဗိုလ်ချုပ်အောင်ဆန်း တိမ်းရှောင်ရင်း တည်းခိုခဲ့ဖူးသည့် အိမ်သည် ဟင်္သာတမြို့ နတ်မော်လမ်း ဦးအောင်မြတ်ကျော်တန်ဆောင်း မျက်စောင်းထိုးတွင် တည်ရှိသည်။ ထိုအိမ်သည် သက်တမ်း နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်သော ဟင်္သာတဦးမြအိမ်ပင်ဖြစ်သည်။

ဗိုလ်ချုပ်တည်းခိုဖူးသော နောက်ထပ်တစ်အိမ်လည်းရှိပါသေးသည်။ ထိုအိမ်ကား ဟင်္သာတဈေးဟောင်း၏ ထောင့်နားက သခင်စိန်ဦး အိမ်ဖြစ်သည်။ သို့သော် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အဆိုပါအိမ်နှင့်အတူ ဟင်္သာမြို့ တစ်အချို့တစ်ဝက်မှာ ဧရာဝတီမြစ်ရေထဲပါသွားပြီး ယခုအခါ သောင်ပြင်သာ ရှိတော့သည်ကို တွေ့မြင်နိုင်တော့မည်။

သမိုင်းကြောင်းအရ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဟင်္သာတမြို့သို့ ၄ကြိမ်ထက် မနည်း လာရောက်ခဲ့ဖူးကြောင်း သိရသည်။ ဗိုလ်ချုပ်တည်းခိုခဲ့ဖူးသည့် ဟင်္သာတဦးမြအိမ်အကြောင်း ပြောရမည်ဆိုလျှင် သမိုင်းကို ပြန်လည်ဆွေးနွေးရပေလိမ့်မည်။

ထိုအချိန်ကား ၁၉၄၀ ပြည့်နှစ် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်တွင် ကျရောက်နေပြီး လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေသည့် အချိန်ကာလဖြစ်သည်။ သခင်အောင်ဆန်းသည် ဧရာဝတီတိုင်းရှိ ဇလွန်မြို့သို့ ညီလာခံတက်ရောက်ရန် ဒို့ဗမာအစည်းအရုံး ဋ္ဌာနချုပ် ကိုယ်စားလှယ်အဖြစ် ဇလွန်သို့ ရောက်ရှိလာသည်။ ညီလာခံအပြီး ရန်ကုန်သို့အပြန်တွင် ဒေါင့်ကြီးရွာသို့ ဒို့ဗမာအစည်းအရုံး၏ ဖိတ်ကြားချက်အရ တရားပွဲတခု ကျင်းပခဲ့သည်။

ထိုတရားပွဲတွင် သခင်တင်မောင်(ကျုံမငေး)တရားဟောအပြီး သခင်အောင်ဆန်း အလှည့်ရောက်၍ ၁၀ မိနစ်ခန့် စကားပြောနေစဉ် ပုလိပ်အရာရှိတဦး ဝင်ရောက်လာပြီး နို့တစ်စာတခု လာပေးသည်။ အဆိုပါ နို့တစ်စာတွင် ဟင်္သာတရာဇဝတ်ဝန်ကြီး မစ္စတာ ဇေးဗီးယားက "ချင်းတောင်နယ် အကြောင်းများ နိုင်ငံရေး တရားပွဲများတွင် ထည့်မဟောရ။ ဟောလျှင် ကာကွယ်ရေး ဥပဒေအရ အရေးယူမည် " ဟု ပါရှိသည်။ သခင်အောင်ဆန်းက နို့တစ်စာကို ပရိသတ်အား ဖတ်ပြပြီး၊ “ကဲ ချင်းတောင်နယ်မှာ ဘာတွေဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိကြရဲ့လား၊ ဒီကိစ္စကို ကျုပ်မေ့နေတယ်။ အခုနို့တစ်စာ ရောက်လာမှ သတိရတယ်။ ခင်ဗျားတို့ ချင်းတောင်နယ်အကြောင်း သိချင်ကြသလား” ဟု မေးလိုက်ရာ ပရိသတ်က “သိချင်တယ်၊ သိချင်တယ်” ဟု ဝိုင်းအော်ကြသည်။

သခင်အောင်ဆန်းလည်း ချင်းတောင်နယ် အကြောင်းကို စုံလင်စွာ ဟောပြပါတော့သည်။ ထိုအချိန်တွင် ချင်းတောင်နယ်၌ သခင်ဝမ်းသူမောင်မှာ နယ်ချဲ့သမားတို့၏ နှိပ်စက်ညှဉ်းပန်း ခံနေရ၍ နိုင်ငံရေး အသင်းအဖွဲ့များတွင် နယ်ချဲ့သမားက လူနည်းစု ခေါင်းဆောင်တယောက်အား နှိပ်စက်နေသည်ကို အရေးတယူ တောင်းဆိုပေးသော အသင်းမှာ ထိုအချိန်က တို့ဗမာအစည်းအရုံးသာ ရှိခဲ့သည်။

ဒေါင့်ကြီးတရားပွဲ ပြီးလျှင် ပြီးခြင်း၊ တရားဟောခဲ့သည့် သခင်အောင်ဆန်းနှင့် သခင်တင်မောင်(ကျုံမငေး)အား ဟင်္သာတရာဇဝတ်ဝန်ကြီးက ကာကွယ်ရေး ဥပဒေနှင့် ဖမ်းဆီးဝရမ်း ထုတ်လိုက်လေသည်။ သခင်အောင်ဆန်းနှင့် သခင်တင်မောင်တို့နှစ်ယောက်မှာ ဟင်္သာတမြို့ နတ်မော်လမ်း ဦးအောင်မြတ်ကျော်တန်ဆောင်း မျက်စောင်းထိုးရှိ ဟင်္သာတဦးမြအိမ်တွင် တစ်ညတာ သွားရောက်ပုန်းရှောင်ရလေသည်။ ထို့နောက် ယုန်သလင်းရွာရှိ မန်းဘခိုင်နှင့် မြန်မာပုလိပ်အရာရှိကြီး တစ်ဦး၏ အကူအညီဖြင့် ဧရာဝတီမြစ်အားဖြတ်ကူးကာ ဟင်္သာတမြို့တစ်ဖက်ကမ်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် တောလမ်းခရီးဖြင့် သာယာဝတီမြို့သို့ ထွက်ပြေးရောက်ရှိသွားသည်။ သာယာဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့ ၅၃ လမ်းရှိ အိမ်တအိမ်တွင် ပုန်းအောင်းနေခဲ့ရသည်။

၁၂-၇-၁၉၄ဝ နေ့တွင် ဟင်္သာတရာဇဝတ်ဝန် မစ္စတာ ဇေးဗီးယားက သခင်အောင်ဆန်းကို ဖမ်းဆီရမိအောင် သတင်းပေးနိုင်လျှင် ဆုတော်ငွေ ၅ ကျပ်ပေးမည်ဟူ၍ ဆုငွေထုတ်လေတော့သည်။

ဟင်္သာတတွင် ဗိုလ်ချုပ်တည်းခဲ့သည့် အိမ်ရှင် ဟင်္သာတဦးမြသည် ဖဆပလ အဖွဲ့နှင့် တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဟင်္သာတခရိုင် တောင်ပိုင်းအမတ်လည်းဖြစ်ကာ မဟာသီရိသုဓမ္မဘွဲ့ရရှိခဲ့ဖူးသည်။ သခင်အောင်ဆန်းက ဟင်္သာတဦးမြအား
"ဦးလေးမြ" ဟု တစ်ရိုတစ်သေ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ဆုငွေ ၅ကျပ်ထုတ်ခံရ၍ ရန်ကုန်၌ ပုန်းရှောင်နေရစဉ်၊ တို့ဗမာအစည်းအရုံး ခေါင်ဆောင်များမှာ တကွဲတပြားစီ ဖြစ်နေကြသည်။ သခင်နု၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စသော သူများမှာ ထောင်ထဲတွင် ရှိကြပြီး သခင်မြ၊ သခင်လှဘော်၊ သခင်လှဖေ (ဗိုလ်လကျ်ာ)၊ သခင်တင်မောင် စသည်တို့ အပြင်မှာ ကျန်ခဲ့ကြလေသည်။

ကိုလိုနီခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်တစ်ဝိုက်က ဟင်္သာတခရိုင်၌ နိုင်ငံရေး နိုးကြားတက်ကြွသူ များစွာပေါ်ထွက်ခဲ့ဖူးသည်။ ထိူသူများမှာ တို့ဗမာအစည်းအရုံးကြီးကို ထူထောင်ခဲ့သူများမှ တစ်ဦးအပါအဝင်ဖြစ်သော ဝန်ကြီးဟောင်း သခင်ဗစိန်၊ မန်းဘခိုင်၊ ဖဆပလ ခရိုင်ဥက္ကဋ္ဌဟောင်း ဦးသန်းတင်၊ ဝန်ကြီး ဟင်္သာတဦးမြ၊ ဝန်ကြီး သခင်ချစ်မောင် (မြန်အောင်)၊ ဝန်ကြီးစောအောင်ပ၊ အလံနီ ဗိုလ် အောင်မင်း အစရှိသည်တို့ ဖြစ်ကြသည်။

မှီငြမ်းကိုးကား-
(၁)ဟင်္သာတဦးမြ၏ မြေးသမက် ဦးမြင့်စိန်ပြောပြချက်
(၂) ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကြောင်းများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly