အိုဘားမားအစိုးရအလွန် အာဆီယံနှင့် အမေရိကန်က ဆက်လက်လက်တွဲသွားမည်

အိုဘားမားအစိုးရအလွန် အာဆီယံနှင့် အမေရိကန်က ဆက်လက်လက်တွဲသွားမည်

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၄ ။            ။ သမ္မတအိုဘားမား အစိုးရနောက်ပိုင်းတွင်လည်း အမေရိကန်အနေဖြင့် အာဆီယံနှင့် ဆက်လက်လက် တွဲသွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများ အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီနာဟတ်ချီဂျန်းက စီအင်န်အေသတင်းဌာနသို့ ဖေဖော်ဝါရီ ၁၄-၁၅ ၌ ဆန်ဒီလန်းတွင် ကျင်းပနေသည့် အမေရိကန်-အာဆီယံထိပ်သီးညီလာခံမတိုင်မီ အထူးအင်တာဗျူးရာ ပြောကြားသည်။

အမေရိကန်အနေဖြင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအလို့ငှာ ဆယ်နိုင်ငံအဖွဲ့ အာဆီယံတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ၎င်းက ပြောသည်။

"အာဆီယံကို အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘယ်သမ္မတပဲ တက်လာလာ အာဆီယံနဲ့ ဆက်လက်လက်တွဲသွားမှာပဲဖြစ်ပါတယ်။"ဟု ယင်းသံအမတ်ကြီးက ပြောသည်။

"အမေရိကန်က အာဆီယံဒေသမှာ အကြီးဆုံး ရင်းနှီးမြုပ်နှံသူပဲဖြစ်တယ်။ အာဆီယံကလည်း အမေရိကန်အတွက် စတုတ္ထမြောက်အကြီးဆုံး ကုန်သွယ်ဖက်ပါပဲ။ အမေရိကန်မှာ အာဆီယံလုပ်ငန်းတွေက သန်းဝက်လောက်ရှိပြီး အာဆီယံမှာဆိုရင် အမေရိကန်အလုပ်အကိုင်တွေ သန်းပေါင်းများစွာရှိတယ်။ ဘာကြောင့်ဆိုတော့ အမေရိကန်ကုမ္ပဏီတွေက အာဆီယံမှာ ဝင်ရောက်ငှားရမ်းလုပ်ကိုင်နေတဲ့ အတွက်ကြောင့်ပဲ။"ဟု ၎င်းကဆိုသည်။

ယခုနှစ်သည် သမ္မတအိုဘားမားအတွက် သမ္မတသက်တမ်းနောက်ဆုံးနှစ်ဖြစ်သည်။ ၎င်းရာထူးထမ်းဆောင်စဉ် အမေရိကန်- အာဆီယံ ဆက်ဆံရေးကို အမြင့်ဆုံးသို့ တွန်းတင်နိုင်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီလန်းတွင် အမေရိကန်-အာဆီယံထိပ်သီးညီလာခံကို ဖေဖော်ဝါရီ ၁၅ ရက်အထိ နှစ်ရက်တာ ကျင်းပပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly