အယ်လ်နီညိုရာသီဥတုကြောင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါးမှု စကြံုရ

အယ်လ်နီညိုရာသီဥတုကြောင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါးမှု စကြံုရ

မကွေး၊ ဖေဖော်ဝါရီ   ၁၄ ။            ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခင်နှစ်များကထက် စောစီးစွာ သောက်သုံးရေရှားပါးမှု ပြဿနာများ စတင်ရင်ဆိုင်နေရကြောင်း သိရသည်။

မကွေးမြို့နယ်၊ အရှေ့ဘက်ကျေးရွာများဖြစ်ကြသော ကြည်တလုံး၊ လိပ်ကန်၊ ကျူချောင်းရွာသစ်၊ သက်ရင်းတော၊ ကြို့ပင်အင်း၊တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာအုပ်စု၊ မင်းရွာနှင့်ကျေးရွာ အချို့တွင် ယခုအခါသောက် သုံးရေရရှိရန် အခက်အခဲများ အဓိက စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"မကွေးတိုင်းမှာ ပြီးခဲ့တဲ့နှစ်က မိုးများပြီး၊ ရေကြီးရေလျှံမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် အဓိကကျတဲ့ နှောင်းမိုးမရွာတော့ သောက်သုံးရေကန်တွေက နွေဦးအစမှာပဲ ခန်းခြောက်ကုန်တယ်။ အရင်တုန်းက ဧပြီလကျမှရေပြတ်လက်မှုကြုံရပေမယ့်၊ ဒီနှစ်ကတော့ ဖေဖော်ဝါရီကတည်းက သောက်သုံးရေအခက်အခဲကြုံနေရပြီ။" ဟု မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာဒေသခံ ဦးအောင်မြိုင်က ပြောသည်။

အချို့ကျေးရွာများတွင် မြို့ပေါ်မှအလှူရှင်များက ရေကားများဖြင့် လာရောက်လှူးဒါန်းကြသည့်အခါ လမ်းမနှင့်နီး သောကျေးရွာများက အဆင်ပြေသော်လည်း လမ်းမနှင့်ဝေး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကျေးရွာများ ကတော့ အဆင်မပြေကြကြောင်း သိရသည်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း သောက်သုံးရေအခက်အခဲများ စတင် ရင်ဆိုင်နေကြရကြောင်း၊ ပရပ်ကြယ်ကျေးရွာအုပ်စု၊ မင်းရွာတွင် အိမ်ခြေ(၁၀၆)အိမ်ရှိပြီး၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနက တူးပေးထားသော ပေ(၂၆၀)ရေတွင်း(၁)တွင်းသာရှိပြီး၊ ရေတွင်းက ဆီ(၁)ဂါလံကုန်မှရေ(၁)ဂါလံ လောက်သာ ထွက်သည့် အနေအထားဖြစ်နေကြောင်း၊ သုံးလေးစည်လောက် ခပ်လိုက်သည်နှင့် ကုန်သွားပြီး၊ တစ်ခါပြန်စောင့် ခပ်နေရကြောင်း၊ ရွာလူဦးရေနှင့် သောက်သုံးရေ လုံလောက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊တိုင်းအလုပ်အမှုဆောင် ဦးသန်းနိုင်က ပြောသည်။

"မင်းရွာ ရေတွင်းတူးဖို့ကိစ္စမှာ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်။ အဖွဲ့ချုပ်ကတော့ လာမယ့် အယ်လ်နီညိုကာလ ရှည်ကြာမှာဖြစ်တဲ့အတွက် ရေရှားပါးတဲ့ကိစ္စတွေမှာကူညီပံ့ပိုးပေးဖို့ ဗဟိုကညွှန်ကြားထား တာတွေရှိတယ်။ လောလောဆယ် သတင်းအချက်အလက် စုဆောင်းနေပါတယ်။" ဟု ၎င်းကဆက်လက်ပြော ပြသည်။

မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ကလည်း ယခုကဲ့သို့ ရေရှားပါးမှုစောစီးစွာကြုံတွေ့ရခြင်းမှာ အယ်လ်နီညို ရာသီဥတု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်   ခြောက်သွေ့ရာသီ   ရောက်တိုင်း  ရေရှားပါးမှုကြုံတွေ့ရ သည်မှာ (၆)နှစ်၊(၇)နှစ်ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်သည် ပိုမိုခြောက်သွေ့သောရာသီဥတုဖြစ်စေသော အယ်လ်နီညို ရာသီဥတုဖြစ်သည့်အတွက် ရေရှားပါးမှုများ ပုံမှန်ထက်စောစီးစွာ ကြုံတွေ့ရပြီဖြစ်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly