Miss Universe Pathein 2015 နောက်ဆုံး ပြိုင်ပွဲ ဇူလိုင် ၁၂ရက်၌ ပြုလုပ်မည်

Miss Universe Pathein 2015 နောက်ဆုံး ပြိုင်ပွဲ ဇူလိုင် ၁၂ရက်၌ ပြုလုပ်မည်

ရန်ကုန် ၊ ဇွန် ၂၇ ။      ။ ဧရာဝတီတိုင်းဒေသကြီးတွင်  ပထမအကြိမ် ကျင်းပ ပြုလုပ်မည့် Miss Universe Pathein 2015 ပြိုင်ပွဲ ကို ဇူလိုင် ၁၂ရက်တွင် ပုသိမ်မြို့၊  မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ထိုပြိုင်ပွဲကို Celebrity & Model Agency က ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး Miss Universe Pathein ဆု ရရှိသူကို ငွေကျပ် ၁၅သိန်း ၊ 1st runner up ရရှိသူကို ကျပ် ၁၀သိန်း ၊ 2nd runner up ရှိသူကို ကျပ် ၅သိန်း ချီးမြှင့် သွားမည် ဖြစ်သည်။

MISS UNIVERSE PATHEIN 2015 ပြိုင်ပွဲ၏ ဆန်ခါတင် လူရွေးပွဲကို ဇွန်လ ၂၇ရက်တွင် ပုသိမ် ဟိုတယ် ၌ ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး လာရောက် လျှောက်ထားသည့် ၃၄ဦးထဲမှ ဆန်ခါတင် အယောက် ၂၀ကို ရွေးချယ် သွားမည် ဖြစ်သည်။

MISS UNIVERSE PATHEIN Organization ၏ မန်နေဂျင်းဒါရိုက်တာ မစုစန္ဒီက "  အခု အယောက် ၂၀ ရွေးပြီးရင် ဖိုင်နယ်ပွဲ မတိုင်ခင် အထိ Activity (ဆောင်ရွက်မှု)  တွေ လုပ်သွားဖို့ ရှိတယ်။ Trip တွေလည်း ရှိတယ်။ Miss Universe Pathein 2015 အဖြစ် ကိုယ်စားပြုမယ့် အလှမယ်ကို သေချာ ရွေးချယ် သွားမှာပါ" ဟု ပြောသည်။

ထိုပြိုင်ပွဲ အတွက် အွန်လိုင်း မဲပေးမှုလည်း ပါဝင်မည် ဖြစ်ပြီး ဆန်ခါတင် ရွေးချယ်မည့် အလှမယ် အယောက် ၂၀ကို အွန်လိုင်း မဲပေးရန် အတွက် ဇွန်လတွင် လုပ်ဆောင် သွားမည် ဖြစ်သည်။

MISS UNIVERSE PATHEIN 2015 အဖြစ် ရွေးချယ်ခံရသူကို အဖွဲ့အစည်းက  ရန်ကုန်တွင် ကျင်းပ ပြုလုပ်မည့် Miss Myanmar Universe 2015 ပြိုင်ပွဲသို့ သွားရောက် မယှဉ်ပြိုင်ခင် အထိ လိုအပ် သည့် လေ့ကျင့်မှုများကို လုပ်ဆောင် ပေးသွား မည် ဖြစ်ပြီး ဝတ်စုံပါ  စီစဉ် ပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် Miss Myanmar Universe 2015 ပြိုင်ပွဲ အတွက် မန္တလေးမြို့ ကိုယ်စားပြု အဖြစ် အလှမယ် ဟန်လေးမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မုံရွာမြို့ ကိုယ်စားပြု အဖြစ် အလှမယ် ဇွန်ပြည့်ဖြိုးမော် မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် လည်း Miss Universe Sittwe 2015 ပြိုင်ပွဲကို ဇွန်လ ၃၀ ရက် တွင် စစ်တွေမြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Miss Myanmar Universe 2015 ပြိုင်ပွဲ အတွက် မန္တလေး ၊ တောင်ကြီး ၊ မြစ်ကြီးနား ၊ မုံရွာ ၊ ပြင်ဦးလွင် ၊ ပဲခူး ၊ မြိတ် ၊ ပုသိမ် နှင့် စစ်တွေ မိုးကုတ် ၊ လာရှိုး စသည့်မြို့ (၁၁) မြို့အတွက် သက်ဆိုင်ရာ City Director များက ကိုယ်စားပြု အလှမယ် များကို တာဝန်ယူရွေးချယ် စေလွှတ်သွားမည်ဖြစ်သည်။ ထို့ပြင် မော်လမြိုင် ၊ ထားဝယ် နှင့် နေပြည်တော် မြို့များအတွက် လည်းဆွေးနွေး လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly