ဧရာဝတီတိုင်းရှိ ကျေးရွာ ၂၀ ရေပြတ်လတ်နေပြီ၊ ယခင်နှစ်များထက် နှစ်လစော၍ ရေပြတ်လတ်

ဧရာဝတီတိုင်းရှိ ကျေးရွာ ၂၀ ရေပြတ်လတ်နေပြီ၊ ယခင်နှစ်များထက် နှစ်လစော၍ ရေပြတ်လတ်
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ပုသိမ်၊ ဖေဖော်ဝါရီ ၁၃ ။           ။ ဧရာဝတီတိုင်း သာပေါင်းမြို့၊ ကျေးရွာ ၂၀ကျော်ခန့် သောက်သုံးရေရှားပါးမှုများ စတင်ခံစားနေရပြီဟု သာပေါင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက မဇ္ဈိမသို့ ပြောသည်။

"ဒီနှစ် ရေပြတ်တာ တလကျော်လောက်စောပြီးဖြစ်တယ်။ သာပေါင်းမြို့က ရေဆို တက်ရင်အကုန်မြုပ်တယ်။ ကျရင် အကုန်ကျသွားတယ်။ လမ်းပန်ဆက်သွယ်ရေးခက်ခဲတယ်။ ငဝန်မြစ် အနောက်ဘက်ခြမ်းတွေဆို ပိုဆိုးတယ်"ဟု ဒေါ်ခင်မိုးဝါက ဆိုသည်။

သာပေါင်းမြို့အတွင်း လှည်းထောက်ကုန်းရွာတွင် သောက်သုံးရေမရှိတော့ဘဲ လယ်ကွင်းများထဲမှ ခပ်ယူနေရသည့် အခြေအနေပင် ဖြစ်နေသည်ဟု ပြောသည်။

"လယ်တွေမှာ ဆေးသုံးတော့  အန္တရာယ်လည်းများတယ်" ဟု ၎င်းက ဆိုသည်။ ကျေးရွာတခုအားမဇ္ဈိမသို့ပြောသည်။

"ကျွန် အမြင် လယ်သမားတွေ လယ်ရေအတွက် စက်တွင်းသုံးတာ သဘာဝတရားလည်းပျက်စီးပြီး ရေတွေခန်းကုန်တယ်၊ချောင်းတွေမြောင်တွေ လုပ်မှအဆင်ပြေနိုင်မယ်။ အခုရေပြဿနာကို ပညာရှင်တွေနဲ့ ဆွေးနွေးပြီး လုပ်ဆောင်သွားမယ်" ဟု သာပေါင်းမြို့ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၊ လပွတ္တာမြို့၊ ပုသိမ်နှင့် ငပုတောမြို့များတွင် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း နွေရာသီအရောက်တွင် သောက်သုံးရေရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ သို့သော် ယခင်နှစ်များက ဧပြီလ ရောက်မှသာ   ရေပြတ်လတ်မှုနှင့် ကြုံရသော်လည်း ယခုနှစ်တွင်မူ ဖေဖော်ဝါရီလကတည်းက ရေပြတ်လတ်နေပြီ ဖြစ်သည်။

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကတော့ ယခုကဲ့သို့ ရေရှားပါးမှု စောစီးစွာ ကြုံတွေ့ရခြင်းမှာ အယ်လ်နီညို ရာသီဥတု၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်သည်ဟု ပြောသည်။

"မြန်မာနိုင်ငံမှာ ခြောက်သွေ့ရာသီရောက်တိုင်း ရေရှားပါးမှု ကြုံတွေ့နေရတာဟာ အနည်းဆုံး ၆နှစ် ၇နှစ် ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒီနှစ်ကတော့ ပိုမိုခြောက်သွေ့တဲ့ ရာသီဥတုကို   ဖြစ်စေတတ်တဲ့ အယ်နီညို ရာသီဥတု ဖြစ်နေတဲ့ အတွက် ရေရှားပါးမှုကို ပုံမှန်ထက် အချိန်များစွာ စောပြီး ကြုံတွေ့နေကြပြီ ဖြစ်ပါတယ်။"ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျေးရွာ၊ ကျေးလက်ဒေသဖွံဖြိုးရေး တိုးတက်ရေးဦးစီးဌာနမှ ငွေကျပ် ၃၂၁၃.၄၈သန်း ဖြင့် ကျေးရွာ ၂၃၄ရွာတွင် သောက်သုံးရေရှိရေး   ဆောင်ရွက်ပေးမည်ဟုလည်း အစိုးရက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly