ကြေးကွင်းစွပ်လူမျိုးစုတို့စံပျော်ရာ ကယားပြည်နယ်

13 February 2016
ကြေးကွင်းစွပ်လူမျိုးစုတို့စံပျော်ရာ ကယားပြည်နယ်

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်လိုက်ရင် အသေးငယ်ဆုံးဖြစ်နေတဲ့ ပြည်နယ်လေးတစ်ခုကို တွေ့ရမှာပါ။ အဲ့ဒီပြည်နယ်ကတော့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကယားပြည်နယ်ပဲ ဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် သေးငယ်ပေမယ့် ကမ္ဘာကျော် တိုင်းရင်းသားမျိုးနွယ်စုတွေ၊ သမိုင်းဝင်နေရာတွေ၊ ကြီးမားတဲ့ရာဇဝင်တွေ ပိုင်ဆိုင်ထားပါတယ်။

ကန္တာရဝတီ လို့ခေါ်တဲ့ ကယားပြည်နယ်ဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၄၅၀၀ ကျော်ရုံလေးသာရှိပါတယ်။ ဒီပြည်နယ်လေးရဲ့ မြို့တော်ကိုလည်း လွိုင်ကော် သို့မဟုတ် ရှေးအခါက သွားလာရခက်ခဲတဲ့မြို့ဖြစ်တဲ့အတွက် ကန္တာရဝတီမြို့လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ စိမ်းလန်းစိုပြေတဲ့မြို့ လို့ အဓိပ္ပာယ်ရတဲ့ ကန္ဓရဝတီ အဖြစ် ပြောင်းလဲလို့လာပါပြီ။ ဒီလိုပါပဲ သွားလာရတာလည်း မခက်ခဲတော့ပါဘူး။

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ကို ရောက်ရှိနိုင်တဲ့ လမ်းသုံးခု ရှိပါတယ်။ ရန်ကုန် လွိုင်ကော် လေကြောင်းလိုင်းက တစ်ခုအပါအဝင်ပါ။ ဒီလေကြောင်းလိုင်းက အစိုးရလေကြောင်းလိုင်း ဖြစ်ပြီး တစ်နေ့တစ်ကြိမ် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့ကလွဲလို့ နေ့စဉ်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

ကုန်းလမ်းကနေ လာမယ်ဆိုရင်တော့ အဆင့်မြင့်အဝေးပြေးယာဉ်လိုင်း တွေ ရှိပါတယ်။ ဒေသခံတွေကတော့ လွိုင်ကော်မြို့ကို ကုန်းလမ်းက လာရောက်သူတွေ ပိုများတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ကို ရောက်နိုင်တဲ့ နောက်တစ်နည်းကတော့ အင်းလေးကန် ကတဆင့် မိုးဗြဲဆည်ကြီးကို စက်လှေနဲ့ဖြတ်လာတဲ့နည်းပါ။ အင်းလေးကန် ကနေ ဖယ်ခုံမြို့ကို စက်လှေနဲ့ရောက်လာပြီးရင် လွိုင်ကော်မြို့ကို နောက်ထပ် ၂ နာရီကားစီးရဦးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်းကစလို့ တွင်ကျယ်လာတာဖြစ်ပြီး အင်းလေးကန်ကို လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသည်တွေဟာ လွိုင်ကော်မြို့ကို လည်း ရောက်လာလေ့ရှိပါတယ်။

လွိုင်ကော်မြို့ကို ခြေချလိုက်ပြီဆိုတာနဲ့ ထူးခြားမှုတစ်ခုကို သတိထားမိတာက တိမ်တွေနဲ့ ကောင်းကင်ပြာပြာကြီးပါ။ စာဖွဲ့ပြီးပြောပြလို့ မဖြစ်နိုင်လောက်အောင် လှပတာကို တွေ့ရပါတယ်။ တောင်ပေါ်မြို့ငယ်လေးဖြစ်တဲ့အတွက် နေပူပူထဲမှာ တိုက်ခတ်နေတဲ့လေက အေးမြလို့နေပါတယ်။

အထပ်မြင့်အဆောက်အအုံတွေမရှိဘဲ သစ်ပင်တွေကြားမှာ သဘာဝအတိုင်း လှပနေတဲ့ လွိုင်ကော်မြို့တခုလုံးကို မြင်တွေ့နိုင်တဲ့နေရာကတော့ တောင်ကွဲစေတီပါပဲ။ လွိုင်ကော်မြို့ရဲ့ အမှတ်အသား တစ်ခုလည်း ဖြစ်နေတဲ့ တောင်ကွဲစေတီကို သီရိမင်္ဂလာတောင်တော်ပေါ်မှာ တည်ထားတာဖြစ်ပါတယ်။

တံခွန်တိုင်တွေကတော့ ကယားပြည်နယ်က မြို့တိုင်း ရွာတိုင်းမှာ တွေ့မြင်နိုင်တဲ့ ရိုးရာအမှတ်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ နှစ်စဉ် တန်ခူးလတိုင်းမှာ တံခွန်တိုင်ပွဲတော်ကို ပြုလုပ်ကြပါတယ်။ တံခွန်တိုင်တွေဟာ ကြီးမားပြီး ဖြောင့်တန်းနေကြပါတယ်။ တံခွန်တိုင်ပြု လုပ်ဖို့ သစ်ရွေးတဲ့နေရာမှာလည်း ဖြောင့်မတ်နေတဲ့သစ်ကိုသာ ရွေးကြပြီး နတ်ပူဇော်ပသမှုတွေပြုလုပ်ပြီးမှသာ သစ်ကိုခုတ်ကြရတာ ဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့အခါမှာလည်း ထမင်း၊ ခေါင်ရည်တို့နဲ့ ဧည့်ခံတဲ့အပြင် တံခွန်တိုင်ပတ်ပတ်လည်မှာ အိုးစည်ဗုံမောင်းတီးပြီး ရိုးရာအကတွေ ကကြပါတယ်။

ကယားပြည်နယ်မှာ ကယားတိုင်းရင်းသားတွေနဲ့အတူ ဗမာ၊ ကရင်၊ ပအို့ဝ်၊ ၇ှမ်း၊ အင်းသား စတာတွေလည်း နေထိုင်ကြပါတယ်။ အဲ့ဒီထဲမှာ ကယားတိုင်းရင်းသားက ၅၅ ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ ကယားတိုင်းရင်းသားလို့ ဆိုရာမှာလည်း ကယားအပြင် ပဒေါင်လို့ခေါ်တဲ့ ကယန်းကခေါင်း၊ ယင်းဘော်လို့ခေါ်တဲ့ ကယန်းကငန်၊ ဂေခိုလို့ခေါ်တဲ့ ကယန်းကဲဒေါ့၊ ဇယိမ်းလို့ခေါ်တဲ့ ကယန်းလထ၊ ပရဲ့လို့ခေါ်တဲ့ ကယော၊ မနုမနောလို့ခေါ်တဲ့ ကယားမိုနု၊ ယင်းတလဲ၊ ဂေဘား စသဖြင့် မျိုးနွယ်စု ၉ ခု ကွဲပြားသွားပါသေးတယ်။

ဒီမျိုးနွယ်စုတွေထဲက ပဒေါင်လို့ခေါ်တဲ့ ကယန်းကခေါင်းတွေကို ကမ္ဘာလှည့်ခရီးသည်တွေ အလွန်စိတ်ဝင်စားကြပါတယ်။ သူတို့ရဲ့ ဇာတိမြေဖြစ်တဲ့ ပန်ပက်ရွာအုပ်စုနဲ့ ဒေါ့ဆန်းမွန်းရွာကိုလည်း လာရောက်လည်ပတ်လေ့ရှိပါတယ်။ နှစ်နေရာလုံးဟာ လွိုင်ကော်မြို့နဲ့ သွားလာရလွယ်ကူတဲ့နေရာမှာ ရှိနေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာနေရာတွေ ဖြစ်လို့နေပါတယ်။

ကယန်းကခေါင်းတွေ လည်ပင်းမှာကြေးကွင်းပတ်သလိုပါပဲ။ ပရဲ့လို့ခေါ်တဲ့ ကယောတိုင်းရင်းသားတွေလည်း ကြေးကွင်းပတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ကိုတော့ ဖရူဆိုမြို့နယ်က တောင်ပေါ်ဒေသတွေမှာ အများဆုံးတွေ့ကြရမှာပါ။ လွိုင်ကော်မြို့နဲ့ အလှမ်းဝေးပြီး သွားလာရခက်ခဲတဲ့အတွက် တော်ရုံနဲ့ဧည့်သည်မရောက်နိုင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။

ကယားပြည်နယ်ယဉ်ကျေးမှုပြတိုက်ထဲမှာ တိုင်းရင်းသားတွေရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ဓလေ့တွေအပြင် ရိုးရာတူရိယာတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ရိုးရာအသုံးအဆောင်တွေကိုလည်း တွေ့ကြရပါတယ်။

လွိုင်ကော်မြို့မှာ ကယားတိုင်းရင်းသားတို့ရဲ့ ရိုးရာအဆင်ဒီဇိုင်းနဲ့ အဝတ်အထည်တွေကို ရက်လုပ်ပြီး ရောင်းချကြသူတွေကိုလည်း အနည်းငယ်တွေ့ရပါတယ်။ တစ်နိုင်ငံလုံးမှာ တွင်တွင်ကျယ်ကျယ် မဖြစ်သေးပေမယ့် အခုချိန်မှာတော့ တဖြည်းဖြည်းနဲ့ ဈေးကွက်ထဲမှာ နေရာယူလာကြပါပြီ။

ဒါတင်မကသေးပါဘူး။ လွိုင်ကော်မြို့နဲ့ အနီးဝန်းကျင်မှာ စိတ်ဝင်စားစရာ နေရာတွေ ရှိနေပါသေးတယ်။

လွိုင်ကော်မြို့ရဲ့အရှေ့ဘက် ရှားတောမြို့ကို သွားတဲ့လမ်းပေါ်မှာ ထူးခြား ဆန်းကြယ်တဲ့နေရာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ လွိုင်ကော်မြို့နဲ့ ၁၀ မိုင်ခန့် အကွာမှာရှိတဲ့ ကျတ်ဂူဖြစ်ပါတယ်။

ကျတ်ဂူဆိုတာက ဒေသခံတွေအပါအဝင် ဂူလမ်းကြောင်းအဆုံးအထိ ရောက်ဖူးသူ မရှိသေးဘူးဆိုပြီး နာမည်ကြီးနေတဲ့ ဂူကြီးတစ်ခု ဖြစ်ပါတယ်။

ဂူကြီးရဲ့အဝင်ဝဟာ အထက်အောက် ပေ ၂၀ လောက်မြင့်ပြီး ဂူအတွင်း မှာတော့ ကျောက်ဆွယ်၊ ကျောက်ခက်တွေ၊ သဘာဝအတိုင်းဖြစ်နေတဲ့ ငွေရောင်အဆင်းနဲ့ ကျောက်ခက်ပန်းဆွဲတွေ၊ ကျိုးပဲ့ပျက်စီးနေတဲ့ ခေါင်းတလားပုံစံ သစ်သားအပိုင်းအစတွေကို တွေ့ကြရမှာပါ။ ဒီသစ်သားအခေါင်းတွေဟာ အလျား ၈ ပေကနေ ၁၅ ပေအထိရှိတဲ့ ကြီးမားရှည်လျားလှတဲ့အခေါင်းကြီးတွေ ဖြစ်ပါတယ်။ အဲဒီအခေါင်းတွေကို ဂူကြမ်း ပြင်ပေါ်မှာ တွေ့ရသလို ဂူကြီးရဲ့ အတွင်းနံရံတွေက ဂူပေါက်ငယ်တွေထဲမှာလည်း တွေ့ရပါတယ်။ဒေသခံတွေကတော့ အရင်ခေတ်က လူသေရုပ်အလောင်းတွေထည့်တဲ့ အခေါင်းတွေလို့ မှတ်ယူနေကြပြီး ဒီဂူမှာ ဝိညာဉ်တွေ ခိုအောင်းနေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း ဒီဂူကို ကျတ်ဂူလို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဒီဂူကြီးရဲ့အဆုံးကို ဘယ်သူမှ ရောက်ဖူးသူမရှိသေးတဲ့အတွက် ဂူရဲ့ အရှည်ဟာ ဘယ်လောက် ဖြစ်တယ်ဆိုတာ မသိကြသေးပါဘူး။ သက်ဆိုင်ရာပြည်နယ်အစိုးရကတော့ ဘူမိဗေဒပညာရှင်တွေကို လေ့လာဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့မှာ နောက်ထပ်ထူးခြားတဲ့နေရာလေးတစ်ခုကတော့ ကန္တာရဝတီစော်ဘွားရဲ့ ဟော်နန်းဖြစ်ပါတယ်။ ခုချိန်မှာတော့ ဟော်နန်းဟာ ဘုန်းကြီးကျောင်းဖြစ်လို့နေပါပြီ။

ကယားပြည်နယ်က လမ်းဘေးဝဲယာမှာ စိုက်ပျိုးထားတာတွေကို ကြည့်ပြီး ဒီဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းကို အားထားကြတယ်ဆိုတာကို သိနိုင်ပါတယ်။ တောင်ယာမှာစိုက်ပျိုးထားတဲ့ စိုက်ပျိုးသီးနှံတွေထဲမှာ ပြောင်းကောက်ကို အများအပြားစိုက်ပျိုးထားတာကိုလည်း တွေ့နိုင်ပါတယ်။

ဒီပြောင်းကောက်တွေကို ခေါင်ရည်လုပ်ရာမှာ အဓိကအသုံးပြုကြတယ်လို့ သိရပါတယ်။

ခေါင်ရည်လုပ်ငန်းဟာ ကယားပြည်နယ်က တိုင်းရင်းသားတွေအတွက် အဓိကကျတဲ့ လုပ်ငန်းတစ်ခုသဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ ခေါင်ရည်ဖေါက်တဲ့ ဒီသေကလေးဟာလည်း အရေးပါတဲ့ဒေသကလေးဖြစ်လာခဲ့ပါတယ်။  ဒါကြောင့် ဒီနေရာလေးမှာ ခေါင်ရည်ဖောက်လုပ်ပြီးရောင်းချကြသူတွေလည်း များပြားပါ တယ်။ အဓိကကျတဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

ကယားပြည်နယ်လေးဟာ မြန်မာပြည်ရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် အသေးငယ်ဆုံးပြည်နယ်ဖြစ်သော်ငြားလည်း လှည့်လည်ကြည့်ရှု အပမ်းဖြေစရာနဲ့ လေ့လာစရာ နေရာများကတော့ အများအပြားရှိပါတယ်။ ကမ္ဘာပေါ်မှာ ထူးခြားရှားပါးလှတဲ့ လည်ပင်းကြေးကွင်းစွပ်လူမျိုးစုများနေထိုင်ရာဖြစ်ပြီး ကျပ်ဂူလို လူသူ အရောက်အပေါက်နည်းနေသေးပြီး သုတေသီတွေ လက်လှမ်းမမီသေးတဲ့ ကျောက်ဂူကြီးတစ်ခု ပိုင်ဆိုင်ထားတာဖြစ်လို့ ထူးခြားပြီး သာယာလှပတဲ့ ဒေသတစ်ခုဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly