၀ါရှင်တန်ရှိ တရုတ်သံရုံးရှေ့ ပလာဇာကို တရုတ်အစိုးရနှင့် သဘောကွဲလွဲသူ၏ အမည်ပေးမည့် ဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြု

၀ါရှင်တန်ရှိ တရုတ်သံရုံးရှေ့ ပလာဇာကို တရုတ်အစိုးရနှင့် သဘောကွဲလွဲသူ၏ အမည်ပေးမည့် ဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြု

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃။           ။ ဝါရှင်တန်ရှိ တရုတ်သံရုံး၏ ရှေ့ရှိ ပလာဇာတစ်ခု၏ အမည်ကို တရုတ်အစိုးရနှင့် သဘောကွဲလွဲသူတစ်ဦး၏ အမည်ပေးမည့် အစီအစဉ်ကို အမေရိကန် အထက်လွှတ်တော်က ဖေဖော်ဝါရီ ၁၂ တွင် ထောက်ခံလိုက်သည်။ ယင်းသို့ထောက်ခံချက်မှာ သမ္မတဘားရက်အိုဘားမား၏ သံအမတ်အမည်စာရင်းတင်သွင်းမှုကို အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်က ပိတ်ဆို့နေခြင်းအား ရပ်တန့်စေရန်ပြုလုပ်သည့် အပြန်အလှန်သဘောတူညီချက်ဖြစ်သည်ဟု ကွန်ဂရက်သတင်းရင်းမြစ်များက ဆိုသည်။

၂၀၁၆ ရီပတ်ဘလစ်ကင်သမ္မတလောင်းနေရာအတွက် ဦးဆောင်ယှဉ်ပြိုင်သူ ခရုဇ်က စတင်အဆိုပြုသော ယင်းဥပဒေကြမ်းကို အထက်လွှတ်တော်က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းမှာ ဝါရှင်တန်ရှိ တရုတ်သံရုံးရှေ့ ပလာဇာ၏ အမည်ကို တရုတ်အစိုးရနှင့် သဘောကွဲလွဲသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျို့ရှောင်းပို၏ အမည်ကိုပေးမည့် ဥပဒေကြမ်းဖြစ်သည်။ "ဒါဟာ ရန်စတာဖြစ်ပြီး ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ပေါ်နိုင်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေ မလုပ်ဖို့ အမေရိကန်ကို ကျွန်တော်တို့ အလေးအနက်တိုက်တွန်းပါတယ်"ဟု တရုတ်သံရုံးမှ ပြောခွင့်ရအမျိုးသား ကျွီဟယ်ကုံက အီးမေးလ်ဖြင့် ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် ပြောသည်။

အိုဘားမား၏ နိုင်ငံခြားရေးဋ္ဌာထိပ်တန်းအရာရှိနှစ်ဦး၊ နော်ဝေနှင့် ဆွီဒင်ဆိုင်ရာသံအမတ်အသစ်များအပါအဝင် အမည်စာရင်းတင်သွင်းခံရသူများအပေါ်ထိန်းချုပ်မှုများကို ခရုဇ်က အဆုံးသတ်လိုက် ပြီဖြစ်ကြောင်း ခရုဇ်၏ ပြောခွင့်ရအမျိုးသား ဖီးလ်နိုဗက်က ပြောသည်။ အထက်လွှတ်တော်သည် အဆိုပါအမည်စာရင်းတင်သွင်းမှုများကို ဖေဖော်ဝါရီ ၁၂ကပင် အတည်ပြုခဲ့သည်။

အထက်လွှတ်တော်အမတ်တစ်ဦးသည် အမည်စာရင်းတင်းသွင်းမှုတစ်ခုကို ပိတ်ဆို့နိုင်ထားနိုင်သည်။ ဝါရှင်တန်နှင့် အခြားကမ္ဘာ့အင်အားကြီးနိုင်ငံများ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အီရန်နှင့် သဘောတူညီမှုရရှိပြီးနောက် လွန်ခဲ့သည့်နှစ်ကပင် ခရုဇ်က ပိတ်ဆို့မှုလုပ်ထားသည်။

နျူကလီးယားစာချုပ်နှင့် ပတ်သက်၍ နက်ရှိုင်းသည့်ပြသနာများဟု ၎င်းယူဆထားများကို လူအများအာရုံစိုက်အောင် လုပ်ဆောင်နိုင်ပြီဖြစ်သဖြင့် ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းဖြစ်သည်ဟု   နိုဗက်က ပြောသည်။ ပလာဇာဥပဒေကြမ်းနှင့် ပတ်သက်သည့် သဘောတူညီမှုတစ်ခုရှိမရှိနှင့် သုံးသပ်ချက်ပေးရန်ကိုမူ ၎င်းကငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly