ကွမ်းရွက်စိုက်ပျိုးပုံ နဲ့ ကွမ်း ရာဇဝင်

12 February 2016
ကွမ်းရွက်စိုက်ပျိုးပုံ နဲ့ ကွမ်း ရာဇဝင်

ကွမ်းစားခြင်းအစ

တကောင်းခေတ် ပုဂံခေတ် ကတည်းက ခေတ်တွေသာပြောင်းလဲသွားကြပေမယ့် ကွမ်းစားခြင်းဓလေ့ကိုတော့ မြန်မာတွေ မပြောင်းလဲ ဆက်လက်သုံးစွဲလျက် ရှိနေကြဆဲပါ။ ကွမ်းရွက်ပင်မှရတဲ့ ကွမ်းရွက်ကို ထုံး၊ ကွမ်းသီးနဲ့ ရောပြီး ယာစားတဲ့ ဓလေ့ဟာလည်း မြန်မာတို့ရဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ ကွမ်းစားခြင်းဟာ အမှန်တကယ်တော့ အိန္ဒိယနိုင်ငံမှ စတင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစ တကောင်းက ဆိုရိုးရှိသလို တကောင်းခေတ်ကတည်းက မြန်မာများလည်း  ကွမ်းစားလာခဲ့တာဟာ ဒီနေ့ခေတ်တိုင်ပဲ ဖြစ်ပါတယ်။ ကွမ်းရွက်ပင်ကိုတော့ ပရဆေးများမှာလည်း အသုံးပြုပါတယ်။

ကွမ်းပင်တွေ ဘယ်မှာပျော်

ကွမ်းရွက်ပင်ရဲ့ မူလ ဇာတိကတော့ အိန္ဒိယလို့ ဆိုကြပါတယ်။ ရုပ်က္ခဗေဒ ပညာရှင်များကတော့ ကွမ်းရွက်ပင်ရဲ့ မူလဒေသဟာ မလေးရှားနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယ ဒေသကနေတစ်ဆင့် အာရှဒေသတွေကို ပြန့်နှံသွားတာ ဖြစ်ပါတယ်။ အပင်ရဲ့ သဘာဝကတော့ မြေမှာပေါက်တဲ့ အပင်ပေါ့ အမျိုးစားပဲ ဖြစ်ပြီးတော့ တစ်ခုခုကို မှီတွယ်ပြီး ရှင်သန်ရတာလည်း ဖြစ်ပါတယ်။ သဘာဝအလျောက် သစ်တောကြီးတွေမှာသစ်ပင်ကြီးများကို မှီတွယ်ပြီး ပေါက်ရောက်လေ့ရှိတဲ့ နွယ်အမျိုးစားပဲ ဖြစ်ပါတယ်။  အထူးသဖြင့် ပူအိုက်စွတ်စိုတဲ့ မုတ်သုန်ဒေသမှာ ပေါက်ရောက်တာလည်း ဖြစ်ပါတယ်။ အမြင့်ပေကတော့ ၃၀၀၀ထိ ပေါက်ရောက်နိုင်စွမ်းရှိပါတယ်။

မိုးများခြင်းကို ကြိုက်နှစ်သက်ပေမယ့် ရေဝပ်တာကိုတော့ မနှစ်သက်ပါဘူး။ အာဟာရဓာတ်ပြည့်စုံတဲ့ မြေအမျိုးအစားကို ကြိုက်နှစ်သက်တဲ့အတွက် သဘာဝ သစ်ဆွေးများပေါ်များတဲ့ အပူပိုင်းသစ်တောများမှာ ဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ ကွမ်းပင် သန်မာရန်အတွက်လည်း သင့်တင့်တဲ့ အရိပ်ကို ကြိုက်နှစ်သက်ပါတယ်။ ရေစီးရေလာကောင်းမွန်ပြီး အဟာရဓာတ်ကြွယ်ဝတဲ့ မြေအမျိုးအစားမှာ ဆိုရင်တော့ အရိပ်အတုပြုလုပ်ပြီး စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ပင်စည်ကတော့ ပျော့ပျောင်းတဲ့ အသွင်သဏ္ဍာန်နဲ့ နွယ်ပင်အမျိုးစားဖြစ်ပါတယ်။ ပင်စည်ရဲ့ နုတဲ့အစိတ်ပိုင်းတွေကတော့ အစိမ်းရောင်ရှိပြီးတော့ အညွှန့်ပိုင်းကတော့ တောက်ပတဲ့ အစိမ်းရောင်အဝါရောင် ရှိပါတယ်။ ရင့်တဲ့ပင်စည်တွေကတော့ အညိုဖျော့ရောင်နဲ့ အညိုရင့်ရောင်တွေ ရှိပါတယ်။ သေးသွယ်ပျော့ပြောင်းတဲ့ ပင်စည်များမှာ အဆစ်များ ရှိပြီးတော့ အဆစ်များက အမြစ်များ ထွက်နေတတ်ပါတယ်။ အမြစ်များကတော့ တွယ်ကပ်ရန်အတွက်နဲ့ လေရှူရန်အတွက် ဖြစ်ပါတယ်။

ကွမ်းပင် ဘယ်နှမျိုးရှိ

ကွမ်းပင်က အညွန့်လေးမျိုး ရှိပါတယ်။ အဲတာတွေကတော့ ခေါင်ညွန့်၊ ခါးညွှန့်၊ ဒုတိယ သားညွှန့်နဲ့ တီနွယ်တို့ပဲ ဖြစ်ပါတယ်။ ခေါင်ညွှန့်ကတော့ အပင်ရဲ့ မူလအညွှန့်ပဲ ဖြစ်ပြီးတော့ သန်မာဖွံ့ဖြိုးတဲ့ အညွှန့်ပဲ ဖြစ်ပါတယ်။ ကွမ်းမျိုးညွှန့် ဖြစ်ရန်အတွက်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ခါးညွှန့်လို့ခေါ်တဲ့ စလင်းဓာတ်အညွှန့်ကတော့ အပင်ရဲ့ ခါးလည်အဆစ်များက ထွက်လာတဲ့ အညွှန့်များ ဖြစ်ပါတယ်။ ကွမ်းပင် သန်စွမ်းသလောက် ခါးတက်အညွှန့်များကလည်း သန်စွမ်းကြပါတယ်။ အချို့ကတော့ စလင်းဓာတ်အညွှန့်များကို မျိုးဓာတ်အဖြစ် အသုံးပြုကြပါတယ်။

ဒုတိယသားတက်ကတော့ ပထမသားတက်မှ ထွက်လေ့ရှိပါတယ်။ ဒုတိယသားတက်ရဲ့ အဆစ်များမှာတော့ အမြစ်များထွက်လေ့ မရှိပါဘူး။  တီနွယ်လို့ခေါ်တဲ့ အညွှန့်များကတော့ ပထမ သားတက်လိုပဲ ပင်စည်က ထွက်လာပေမယ့် ဖွံ့ဖြိုးမှု မရှိပဲ သေးသွယ် တွန့်လိမ်နေတဲ့ အတွက် တီနွယ်လို့ ခေါ်ခြင်းလည်း ဖြစ်ပါတယ်။ အရိုးများက သေးငယ်သလို အရွက်များကလည်း သေးငယ်ကြပါတယ်။

ရောဂါပိုး ဘယ်အဆင့်မှာ စရလဲ

ရောဂါပိုးများ ကျရောက်တယ်ဆိုရင်တော့ တီနွယ်ကနေ တစ်ဆင့် ကျရောက်တာပဲ ဖြစ်ပါတယ်။ အရွက်ကတော့  ပင်စည်ရဲ့ အဆစ်ကိုင်းကနေ ထွက်ပါတယ်။ အရွက်ထွက်တဲ့ ပုံစံကတော့ ရွက်လွှဲထွက်နည်း ပုံစံစနစ်ဖြစ်ပါတယ်။ မျက်နှာပြင်ကတော့ ချောမွေ့ပြီး အစိမ်းရောင်ရင့်ရင့်နဲ့ စိုဆွတ်တောက်ပနေပါတယ်။ ကွမ်းပင်ကတော့ နှစ်ရှည်ခံ အမျိုးစား ဖြစ်ပေမယ့် နှစ်ရှည်ခံ အပင်ကြီးများလို ရေသောက်မြစ် မပါပါဘူး။ ပင်စည်အဆစ်က ထွက်တဲ့ အမြစ်များက အဟာရဓာတ်ကို စုပ်ယူနိုင်စွမ်း ရှိကြပါတယ်။ အမြစ်များကတော့ မြေကို ကြိုက်နှစ်သက်ပေမယ့် ရေဝပ်ခြင်းကိုတော့ ခံနိုင်ရည် မရှိကြပါဘူး။

ကွမ်းရွက်ရဲ့ အာနိသင်

ကွမ်းရွက်ရဲ့ အာနိသင်တွေကတော့ အိန္ဒိယနိုင်ငံရဲ့ ဓာတ်ခွဲခန်းအဖြေအရ ရေ ၈၅.၄% ၊ ပရိုတိန်း ၃.၁% ၊ အဆီ ဝ.၈ % ၊ ကာဗွန်ဟိုက်ဒရိုက် ၆.၁၀% ၊ ထုံးဓာတ် ဝ.၂၃% ၊ မီးစုံးဓာတ် ဝ.၀၄% ၊ သတ္တုဓာတ် ၂.၃% ပါဝင်ပြီး ဗီတာမင် ဘီ ဗီတာမင် စီ စတာတွေလည်း ကြွယ်ဝတယ်လို့ ဆိုထားပါတယ်။ ရှေ့ဟောင်းမြန်မာ ဆေးကြမ်းများ အဆိုအရ ကွမ်းရွက်ဟာ ဖန်ခါးပူစပ်တဲ့ အရသာ ရှိပါတယ်။ သလိပ်ကို ကြေစေ၏။ နှုတ်ကို ငြိမ်စေ၏။ သွေးဖောက်ပြန်သောအနာ သည်းခြေနဲ့ယှဉ်သောအနာ၊ ပုပ်အားကြီးသော အနာတို့ကို နိုင်စေ၏။ အညော်ကို ထုတ်စေ၏။ ချောင်းဆိုးနာကို နိုင်၏။ အဆိပ်ကို ဖျက်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ နှလုံးကို အကျိုးပြုစေ၏လို့ ဆိုထားပါတယ်။

ကွမ်းရာသီ

ကွမ်းကိုတော့ မေလ၊ ဇွန်လ၊ သြဂုဏ်လနဲ့ စက်တင်ဘာလတွေမှာ စိုက်ပျိုးကြပါတယ်။ ကွမ်းပင်ကတော့ ပူအိုက်စွတ်စိုပြီး အစိုဓာတ်များတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ပိုမိုဖြစ်ထွန်းစေပါတယ်။ တောင်ပေါ်ဒေသတွေနဲ့ မြေနိမ့်ဒေသတွေမှာလည်း စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ကွမ်းပင်ကတော့ ရေဝပ်တဲ့မြေ ဆားပေါက်တဲ့မြေ တို့မှာဆိုရင်တော့ စိုက်ပျိုးလို့ မရနိုင်ပါဘူး။ ကွမ်းပင်စိုက်မယ်ဆိုရင်တော့ မှန်ကန်တဲ့ အရိပ်ကို ပြုလုပ်ပေးရပါတယ်။ ရေဝပ်ခြင်းကို မနှစ်သက်ပေမယ့်လည်း ရေငတ်ခြင်း၊ ရေပြတ်ခြင်းမရှိအောင်တော့ သတိပြုပေးရမှာပါ။

ကွမ်းကို သီးသန့်ခြံတွေပြုလုပ်ပြီး စိုက်ပျိုးပေးရတာပါ။ ဒေသထွက် သဘာဝပစ္စည်းတွေ ဖြစ်တဲ့ ဝါး အုံးလက်၊ ကိုင်း၊ ကောက်ရိုးစတာတွေ ကို အသုံးပြုပြီး စိုက်ပျိုးပေးရတာပါ။  ကွမ်းပင်ရဲ့ ခံနိုင်ရည်ရှိတဲ့ အပူချိန်တွေကတော့ အနိမ့်ဆုံးအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်တို့ပဲ ဖြစ်ပါတယ်။ အေးလွန်းလျင်လည်း အရွက်တွေ ကြွေကျတတ်ပြီးတော့ လေပူတိုက်ခြင်းကလည်း အပင်ကို ထိခိုက်စေပါတယ်။

ကွမ်းကို ဘယ်လိုစိုက်ပျိုးလဲ

ကွမ်းကိုတော့ စိုက်ဘောင်များပြုလုပ်ပြီး စိုက်ပျိုးပေးရတာပါ။ စိုက်ဘောင်များ ပြုလုပ်ပေးခြင်းကတော့ ကွမ်းပင်အတွင်းမှာ ရေမဝပ်စေရန်နှင့် ရောဂါများ ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်ရန်ပဲ ဖြစ်ပါတယ်။ စိုက်ဘောင်များကတော့ မြေကြီးမှ အမြင့် ၆လက်မခန့်ရှိပြီးတော့ အကျယ်က နှစ်ပေခန့် ရှိရမှာလည်း ဖြစ်ပါတယ်။ စိုက်ဘောင် တစ်ဘောင်နှင့် တစ်ဘောင်ကြားကိုတော့ သုံးပေခန့် ခြားပေးရမှာပါ။ ကွမ်းပင်တွေကတော့ မြေသြဇာထက်သန်တဲ့ မြေကို ကြိုက်နှစ်သက်တဲ့ အတွက် အမြစ်များ အလွယ်တကူ ကြီးထွား ဖွံ့ဖြိုးဖို့အတွက် သစ်ဆွေး၊ နွားချေး၊ ပဲဖတ်၊ နှမ်းဖတ်၊ သစ်ရွက်ခြောက် စတာတွေကို ထည့်ပြီး  သမအောင် မွှေပေးရပါတယ်။ အဲဒီနောက် ရေပြန်လောင်းပြီး လေးငါးရက်ခန့် နှပ်ထားရပါတယ်။ ြ့ပီးမှ ကွမ်းပင်ကို စိုက်ပျိုးရတာ ဖြစ်ပါတယ်။

တစ်ပေခွဲခန့်ရှိတဲ့ ကွမ်းမျိုးညွှန့်အရင်းကိုတော့ မြေကြီးနှင့် ဖုံးပေးရပါတယ်။ အညွှန့်များကိုတော့ ကွမ်းတိုင်မှာ ကြိုးဖြင့် ချည်နှောင်ပေးထားရပါတယ်။ ကွမ်းတိုင် တစ်တိုင်နှင့် တစ်တိုင်ကတော့ ခြောက်လက်မခန့်ခြားပေးရပါတယ်။ ကွမ်းစင်ကိုတော့ ၇ပေခန့်အမြင့် ဆောက်လုပ်ပြီး အမိုးအကာကတော့ အုန်းလက်၊ မြက်ခြောက်၊ ကောက်ရိုးစတာတွေကို အသုံးပြုပါတယ်။ ကွမ်းစိုက်ပျိုးနေသူ တစ်ဦးကိုလည်း ကွမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး ကွမ်းစိုက်ပျိုးနေသူ က အခုလိုရှင်းပြပါတယ်။

ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာ ကပါ။ အခြားသီးနှံထက် ကွမ်းက ဝင်ငွေကောင်းလို့ စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ကွမ်းစိုက်ပျိုးတာက ပထမ အဆင့်မှာ မြေကြီးကို ဘောင်ဆွဲပြီးတော့ ဘောင်တင်ရပါတယ်။ ဘောင်တင်ပြီးတော့ ကိုယ်လိုချင်သလောက် ၆လက်မ သို့မဟုတ် ၇လက်မ တိုင်ထိုးရပါတယ်။ တိုင်ထိုးပြီးတော့ ကွမ်းတိုင် တစ်တိုင်လျှင် တစ်ချို့ဆိုလျှင် နှစ်ညွှန့်သား စိုက်ပါတယ်။ တစ်ချို့ကျတော့လည်း တစ်ညွှန့်တည်း စိုက်ပါတယ်။ စိုက်ပြီးတဲ့အခါမှာ နေပေါက်မထိုးအောင် အမိုးအကာ လုပ်ပေးရပါတယ်။ ရေကြတော့ စိုက်ပြီး မိုးရွာတဲ့ အချိန်ဆို ရေမဖြန်းရဘူးပေါ့ဗျာ။ နေပူတဲ့ အချိန်ဆိုရင်တော့ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ်လောက် ဖြန်းပေးရပါတယ်။

ကွမ်းစိုက်ပျိုးချိန်ကနေ ကောင်းမယ်ဆိုရင် နှစ်လခွဲ မကောင်းရင်တော့ သုံးလခွဲမှ ခူးဆွတ်ရပါတယ်။ ကွမ်းကတော့ သာလီကာတို့ ယွန်းပဲဆစ်ပြုတ်တို့ ရှိပါတယ်။ ဒီရောဂါမျိုးကို မကျရောက်အောင် ကျွန်တော်တို့ ကြိုတင်ပြီးတော့ ဆေးများကို ကာကွယ် နှိပ်နှင်းပေးရပါတယ်။ ကျွန်တော်တို့ကတော့ အခုလတ်တလော ခရီး အဝေးကြီး မဟုတ်ဘူးပေါ့ဗျာ ကျောက်တန်းမြို့ပေါ်ပဲ တင်ပို့ ရောင်းချပါတယ်။ ကျွန်တော်တို့ ကွမ်းကို နှစ်ရှည်လများ ခံအောင်ဆိုပြီး ဆေးများလည်း ဝီရီယစိုက်ပြီးတော့ ကျွန်တော်တို့ ဖြန်းပေးရပါတယ်။ ဒါပေမယ့် အခု နွေရာသီရောက်လာတဲ့ အခါကျတော့ ကွမ်းကိုလေဒဏ် မိုးဒဏ် ခံနိုင်အောင်ဆိုပြီးတော့ အမိုးအကာနဲ့ လုံခြုံအောင် လုပ်ပေးရပါတယ်။

ကွမ်းပင်များမှာ ကျရောက်တတ်တဲ့ ရောဂါများကတော့ ကွမ်းပင်ညိုးရောဂါ၊ ပင်ပုပ်ရောဂါ၊ အမြစ်ဆွေးရောဂါ၊ ငှက်မြစ်စေ့ရောဂါ၊ မှဲ့ပျောက်စွန်း ရောဂါ၊ ဖားဥမှိုရောဂါ၊ ဆီစွန်းရောဂါနဲ့ အရိုးမဲ ဆစ်ပြုတ်ရောဂါ စတဲ့ ရောဂါပိုးတွေ ကျရောက်တတ်ပါတယ်။  ကွမ်းကိုတော့ စိုက်ပျိုးပြီး သုံးလအကြာမှာ စတင်ခူးယူပြီး ၁၅ရက်တစ်ကြိမ် ခူးယူရတာလည်း ဖြစ်ပါတယ်။ ကွမ်းယာရောင်းချနေသူ ကလည်း ကွမ်းယာ အရောင်းအဝယ်နဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

ကွမ်းရဲ့ ဝယ်လိုအားကတော့ လောလောဆယ် ရှစ်ထောင် ကိုးထောင်ပေါ့ တစ်ပိဿာကို အဲလိုဝယ်နေရပါတယ်။ ရောင်းတာကတော့ ကောင်းပါတယ်။ ကျွန်တော့်ဆိုင်က အနည်းဆုံး လေးပိဿာ ငါးပိဿလောက် ကုန်ပါတယ်။ ကျွန်တော့်ဆိုင်ကတော့ ပန်းတနော်ကွမ်းကိုပဲ အဓိက ထားရောင်းတာပေါ့။ ကျွန်တော့်ဆိုင်ကလည်း ကျွန်တော့်ကို အရင် စရောင်းကတည်းက ပန်းတနော်ကွမ်းပဲ ကိုင်တာဆိုတော့ လောလောဆယ် ဈေးဝယ်တာက သူပဲလုပ်တာဆိုတော့လေ ကျွန်တော် ပန်းတနော်ကွမ်းပဲ သုံးတာ များပါတယ်။ ဝယ်သူတွေကလည်း ပန်းအနော်ကွမ်းပဲ စားတာ များတယ် အစ်ကို။ ကျွန်တော်ကတော့ ပန်းတနော်ကွမ်းကိုပဲ ကြိုက်ပါတယ်။ သီရီမင်္ဂလာဈေး ကွမ်းဒိုင်ကနေ ဝယ်တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly