RCSS အားစစ်ကူလာပေးသော မြန်မာတပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား

RCSS အားစစ်ကူလာပေးသော မြန်မာတပ်မတော်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား
ဓာတ်ပုံ-EPA
 

 ဖေဖော်ဝါရီ ၁၁ ။           ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများဖြစ်ပွားနေရာ ယနေ့ RCSS ဖက်သို့ စစ်ကူလာပေးသော မြန်မာတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး တာဂျုတ်ဂျားက မဇ္ဈိမသို့ပြောသည်။

''ရင်ဆိုင်ထိတွေမှုတော့နေ့တိုင်းရှိနေတာဘဲ။ ဒီနေ့ နေ့လယ် RCSS ကိုကူဖို့ မိုင်းလုံဖက်ကတက်လာတဲ့ မြန်မာတပ်မတော်နဲ့ ကျွန်တော်တို့ရင်ဆိုင် တိုက်ပွဲဖြစ်တယ်။ အောက်ကတပ်ရင်းတွေက သတင်းပို့ တယ်။ ဘယ်တပ်ဆိုတာတော့အတိအကျ မသိသေးဘူး။'' ဟု၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စ၍ RCSS နှင့် TNLA တို့အကြား နယ်မြေပိုင်ဆိုင်မှုအကြောင်းပြ၍ အကြိမ် ၂၀ ကျော် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲများဖြစ်နေရသည့်အကြောင်းအား ဗိုလ်မှူးကြီး တာဂျုတ်ဂျားက ''အဓိက အရင်က RCSS ဆိုတာရွှေလီမြစ်တကြောအခွန်ကောက်တာ ခိုကပ်ဖက်ကမ်းပေါ့ ဒီလောက်တော့ရှိတယ်။ စီးပွားရေး လုပ်တဲ့အဖွဲ့ (၇၀၁) ဆိုတာခင်ဗျားတို့ကြားဖူးမှာပါ၊ နာမည်လောက်ဘဲရှိတာ။ NCA လဲထိုးပြီးရော အစိုးကသူတို့ကို မပစ်တာကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ဒေသကို အလုံးအရင်းနဲ့ တက်ပြီး နေရာယူတဲ့အပိုင်းတွေရှိတော့ ကျွန်တော်တို့လဲမတက်ပါနဲ့လို့အတန်တန်ပြောတယ်။ သူတို့က နားမထောင်ဘူး။ မီဒီယာထဲကျတို့ ကျွန်တော်တို့ အခွန်တောင်းတယ် လူသတ်တယ်လို့ သူတို့ လွှင့်တယ်။ တခါမှ အခွန်မတောင်းပါဘူး။ သူတို့တက်လာတော့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း ဆိုတော့ ပြဿနာတော့တက်မှာပေါ့။  သူတို့က ပအို့ဝ်နဲ့ဖြစ်ဖူးတာလဲရှိတယ်လေ။'' ဟုပြောကြားသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ TNLA အဖွဲ့သည် သံဃာတစ်ပါးနှင့် ရွာသား (၇) ဦးအားသတ်ဖြတ်ခဲ့သည်ဟု ထုတ်လွှင့်မှုမှာမှားယွင်းကြောင်းနှင့် ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုသည့်စာကို  PSLF/TNLA  အဖွဲ့က ယနေ့ရက်စွဲဖြင့်ပေးပို့ခဲ့သည်။

ယခုဖြစ်စဉ်အား RCSS သို့ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသော်လည်း ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက "အဲ့ဒီကိစ္စတော့ ကျနော်လည်း အတပ်မပြောနိုင်သေးပါဘူး၊ သူတို့ဘက်ကလည်း ဘာမှညှိနှိုင်းထားတာတွေ မရှိသေး ပါဘူးခင်ဗျ၊ အခုဖြစ်နေတဲ့ကိစ္စက TNLA ဘက်က စတိုက်တဲ့အတွက်ကြောင့်ပါ၊ ရှေ့တန်းတပ်မှူးတွေ အချင်းချင်း ညှိနှိုင်းရင်လည်းရပါတယ်၊ တိုက်ပွဲမဖြစ်စေချင်ဘူးဆိုရင် TNLA ဘက်က မတိုက်ဘူးဆိုရင် လည်း တိုက်ပွဲကဖြစ်စရာအကြောင်း မရှိဘူးပါဘူး'' ဟုပြီးခဲ့သည့်အပတ်က RFA သတင်းဌာနသို့ ပြောကြားထားသည်။

လော့နော်ကျေးစုအုပ်စုအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများဖြစ်သောကြောင့် ပိန်လိုင်၊ မန်ဟန်၊ ပန်ကန်၊ နမ့်ကလောက် စသည့် ကျေးရွာ (၄) ရွာမှ ဒေသခံ ၁၅၀၀ ခန့် မိုင်းဝီးကျေးရွာတွင် ခိုလှုံနေကြပြီး  ပါခါးကျေးရွာက ဒေသခံ (၃၀၀) ခန့်မှာလည်း နေရပ်စွန့်ခွာထွက်ပြေးကြပြီး ကျောက်မဲမြို့နယ် ပန်ဆန်ကျေးရွာမှာ ခိုလှုံနေကြသည်ဟုသိရသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် TNLA ဖက်မှ ငါးဦးမှ ဆယ်ဦးထိကျဆုံးခဲ့ပြီး လော့နော် ကျေးရွာတွင် RCSS ကတပ်စွဲထားပြီး လောလောဆယ်တော့ ဒုက္ခသည်များအား အကူအညီ မပေးနိုင်သေးပါဟု ဗိုလ်မှူးကြီး တာဂျုတ်ဂျားက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags