ကံပြား-နေပြည်တော်လမ်းဖောက်လုပ်စဉ်က အသိမ်းဆည်းခံတောင်သူများ မြေယာလျော်ကြေး မရသေး

ကံပြား-နေပြည်တော်လမ်းဖောက်လုပ်စဉ်က အသိမ်းဆည်းခံတောင်သူများ မြေယာလျော်ကြေး မရသေး

မကွေး   ဖေဖော်ဝါရီ   ၁၀ ။         ။ ယခင် စစ်အစိုးရလက်ထက် ၂၀၀၀ပြည့်နှစ်က နေပြည်တော်-မြို့သစ်-ကံပြားလမ်းဖောက်လုပ်ရာတွင် မကွေးမြို့ နယ်လမ်းပိုင်းက အသိမ်းဆည်းခံမြေယာများအတွက်   ပြည်ထောင်စုတိုင်းဒေသကြီး ရံပုံငွေဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနက လျှော်ပေးမည်ဟုဆိုသော်လည်း မရရှိသေးကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်မမီပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပေးလျော်သွား မည်ဆိုသော်လည်း ယနေ့တိုင်မြေယာလျော်ကြေးမရရှိသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ယင်းနေပြည်တော်လမ်းမကြီးဖောက်လုပ်စဉ်က မကွေးမြို့နယ်အတွင်းမှ(၁၃)မိုင်ပါဝင်ခဲ့ပြီး၊ကံပြား၊ဘုရားပြို၊ခွေး တောက်စမ်း၊ကျစ်စုံပွေး၊ကျောင်းဆောင်၊ဘိုကုန်း၊သံဘိုလေးနှင့်ဖိုလေးလုံးကျေးရွာများမှ ယာမြေများသိမ်းဆည်း ခံခဲ့ရပြီး၊လမ်းဖောက်စဉ်က တောင်သူများအား လမ်းလုပ်သားအဖြစ်လုပ်အားပေးစေခိုင်းခံရမှုများ၊ ကြက်ဆူပင် အတင်းစိုက်ခိုင်းမှုများလည်းရှိခဲ့ကြောင်း  ဒေသခံများထံမှ သိရသည်။

ကံပြား-နေပြည်တော်လမ်းဖောက်လုပ်စဉ်က သိမ်းဆည်းခံခဲ့ရသော ယာမြေများအတွက် မြေယာလျော်ကြေး ပေးရန် အစီစဉ်ရှိမရှိ(ကြယ်ပွင့်မပြ)မေးခွန်းကို မကွေးတိုင်းဒေသကြီး၊မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ထွန်းက (၂၀၁၄)ခုနှစ်၊ ဇူလိုင်လတွင် မေးမြန်းခဲ့ပြီး လျော်ကြေးငွေများကို ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ပေးလျော်မည်ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်ရုံးမှ ၂၀၁၄ ခုနှစ်၊ဇူလိုင် ၁၀ ရက်နေ့ ရက်စွဲ၊စာအမှတ် ၁၂/အမ(စည်းဝေး-၁)၂၀၁၄ ၂၀၆(၁၀)ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပူးတွဲပြောကြားချက် တွဲစာ(၂)စောင်နှင့် အတူ ဖြေကြားခဲ့သည်။

ဖိုလေးလုံးကျေးရွာမှ အသိမ်းဆည်းခံတောင်သူ ဦးနိုင်လွင်က " လမ်းဖောက်တဲ့အခါ စိုက်ပျိုးဖို့ပြင်ဆင်ထားတဲ့မြေယာတွေပေါ်မှာ အလံ တိုင်တွေစိုက်၊ဘူဒိုဇာနဲ့ထိုးပြီး လမ်းဖောက်တယ်။   ဒေသခံတွေလည်း နွားလှည်းတွေနဲ့မြေနီတိုက်ပြီး လမ်း လုပ်သားတွေလို လုပ်အားပေးစေခိုင်းခံခဲ့ရတယ်။ လမ်းဖောက်ပြီးတော့လည်း လမ်းမြေဝဲယာ ယာခင်းတွေထဲမှာ ကြက်ဆူပင်တွေ မစိုက်မနေရစိုက်ခိုင်းခဲ့တယ်။ မြေယာလျော်ကြေးတွေကိုလည်း တောင်သူတွေနဲ့ညှိနှိုင်းပြီး ပေးမယ်လို့တော့ ပြောတာပဲ။ ရွေးကောက်ပွဲမတိုင်ခင်ကာလက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ၊ ဆောက်လုပ်ရေးဦး စီးဌာနနဲ့ တာဝန်ရှိသူတွေ ရွာကိုလာပြီး၊ တောင်သူတွေနဲ့ တွေ့ခဲ့တယ်။ ၁ ဧကကို လျော်ကြေးငွေ (၈)သိန်းပေး မယ်ဆိုပြီး  လက်မှတ်တွေဘာတွေ ထိုးခိုင်းသွားတာပဲ။ ဒါပေမယ့် အခုချိန်ထိ ဘာလျော်ကြေးငွေမှ မရသေးဘူး။ တောင်သူတွေ အတော်နစ်နာနေပြီ။ လျော်ကြေးပေးဖို့ လွှတ်တော်မှာ ထပ်မံတင်ပြပေးဖို့ ဆက်လက်ကြိုးပမ်းသွားမယ် "ဟု ပြောသည်။

ဖိုလေးလုံးကျေးရွာတွင် ယာမြေဧက ၇၀ ကျော်အထိ အသိမ်းဆည်းခံရပြီး၊ အသိမ်းဆည်းခံတောင်သူ ၃၆ ဦးရှိ ကြောင်း၊ ၂၀၁၄ ခုနှစ်မှစ၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ မြေယာလျော်ကြေးများ   တောင်းဆိုခဲ့ဖူးကြောင်း၊ မကွေး မြို့နယ် အခြားကျေးရွာများမှ အသိမ်းဆည်းခံတောင်သူများနှင့်ပူပေါင်း၍ ယာမြေလျော်ကြေးရရှိရန် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း  ဒေသခံများ၏   ပြောကြားချက်အရ သိရသည်။

" လျော်ကြေးငွေပေးမယ်ဆိုလည်း မြန်မြန်ပေးသင့်ပါပြီ။ ယာမြေသိမ်းတုန်းက ဥပဒေနဲ့ အညီသိမ်းခဲ့တာ မဟုတ်ခဲ့ပေမယ့် အခုလိုမြေယာလျော်ကြေးပေးမယ်ဆိုရင်လည်း မြေယာဥပဒေနဲ့အညီ ပြည့်ပြည့် ဝဝမြန်မြန်ဆန်ဆန်ပေး သင့်တယ်။"ဟု မြန်မာလူမှုရေးဦးဆောင်လှုပ်ရှားမှုများအဖွဲ့(MSIG)မှ ဒေသ တွင်း လူ့အခွင့်အရေးနှင့် လယ်ယာမြေ ဥပဒေသင်တန်းများ ပို့ချပေးနေသူ ဦးယုနိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly