“ နောက်ထပ် တရားစွဲခံပြန်တဲ့ စည်သူအောင်မြင့် ”

“ နောက်ထပ် တရားစွဲခံပြန်တဲ့ စည်သူအောင်မြင့် ”

ကိုမျိုးသန့်ရေ

ဒီတစ်ပတ်တော့ ပြန်ကြားရေးက အလဲဗင်းကို တရားစွဲတဲ့ ပြဿနာဂယက်အကြောင်း နည်းနည်း ပြောချင် ပါတယ်။ အဲဒါ မပြောခင် မီဒီယာကိစ္စတွေနဲ့လည်း သက်ဆိုင်တဲ့ ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စ အရင် ပြောပြ ချင်ပါတယ်။ ဒီလ ၊ ဒီ ရက်ပိုင်းတွေဟာ ကျွန်တော် အလုပ် ပိုလုပ်ရတဲ့ ကာလလို့ ပြောရင် ရပါတယ်။

ကိုမျိုးသန့် သိပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပုံမှန် လုပ်နေတဲ့ ကျွန်တော့် အလုပ်တွေ အတွက် အချိန်ဆိုတာဟာ ကွက်တိပါပဲ။ မအား မလပ်ရအောင် အလုပ်လုပ်မှ ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုးပါ။ ဒီကြားထဲ အခုလထဲမှာကျွန်တော်ဟာ သတင်းစာပညာသင်တန်း တစ်ပတ် ပို့ချခဲ့ပါတယ်။

နောက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီး တည်ထောင်ထားတဲ့ လူ့ဂုဏ်သိက္ခာ ဖလင်အင်စတီကျု က ဦးစီးကျင်းပတဲ့ “လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်” အတွက် ဂျူရီလူကြီး (ဒိုင်) တွေထဲက တစ်ယောက်အဖြစ်လည်း ဆောင်ရွက် ခဲ့ပါ သေးတယ်။

မင်းကိုနိုင်ဆု ရွေးချယ်ရေး အဖွဲ့ဝင်ထဲက တစ်ယောက်အနေနဲ့ပါ။ ဆိုတော့ ပြိုင်ပွဲဝင်တဲ့ ရုပ်ရှင် ဇာတ်လမ်းတို တွေကိုလည်း ကြည့်ရပါတယ်။ ဂျူရီလူကြီး အစည်းအဝေး ထိုင်တာမျိုးလည်း လုပ်ရပါတယ်။ ရုပ်ရှင်ပွဲတော်နဲ့ ဆိုင်တဲ့ ညှိနှိုင်းပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွေ တက်ရပါတယ်။  

အဲဒါတွေကို ကျွန်တော့်ရဲ့ ပုံမှန် အလုပ်တွေကို မထိခိုက်စေဘဲ လုပ်ရတာမျိုးပါ။ ခက်တော့ ခက်ပါတယ်။ ပင်လည်း ပင်ပန်း ပါတယ်။ ကြိုးစားပြီး လုပ်ရပါတယ်။ ဒီကြားထဲ ဒေါက်တာသန်းထွဋ်အောင် စီအီးအို အဖြစ် ဆောင်ရွက်တဲ့ အလဲဗင်း မီဒီယာက တရားစွဲတာကိုလည်း ရင်ဆိုင်နေရပါသေးတယ်။

တစ်ခုကတော့ ကျွန်တော်နဲ့ ရန်ကုန်မီဒီယာ ဂရုဖ် စီအီးအို ကိုကို(စက်မှု) ကို နစ်နာကြေး ကျပ်ငွေ သိန်း ၅,၀၀၀ ရလိုကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားစွဲထားတဲ့ အမှုပါ။ ပြီးခဲ့တဲ့ ၂၀၁၃ စက်တင်ဘာ ၂၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာမှာ ဖော်ပြခဲ့တဲ့ “အောက်ပိုင်း တိုက်ခိုက်ခံရသူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး နစ်နာကြေး ရလိုမှု စွဲထားတာပါ။ တရားမမှု ဖြစ်လို့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ် သဘောသဘာဝအရ ကြာတတ်ပါတယ်။

ကိုမျိုးသန့်ရေ

အဲဒီ ဇွန်လ ၂၅ ရက်နေ့ကတော့ ဦးကိုကို(စက်မှု) ကိုယ်စား၊ ကိုယ်စားလှယ် လွှဲအပ်ခံရသူ အရင် ရန်ကုန်တိုင်းမ် သတင်းစာ တာဝန်ခံ အယ်ဒီတာ ကိုလှိုင်ဘွားက တရားရုံးမှာ အစစ်ခံ ထွက်ဆိုပါတယ်။ သူက တရားစွဲခံရသူ ဦးကိုကို(စက်မှု)ဟာ မီဒီယာလောကကို ရောက်လာပြီးကတည်းက ဂုဏ်သိက္ခာ ရှိသူဖြစ်တဲ့ အကြောင်း၊ လက်ရှိ ယာယီ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှာ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဋ္ဌ၊ ဟန်ဂေရီနိုင်ငံ ရီဂါမြို့မှာ ယူနက်စကိုက ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ရေးအတွက် ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာ သတင်းဆု ရွေးချယ်ပေးရေး အဖွဲ့ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ ဖြစ်တဲ့အကြောင်း၊ သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ တရားစွဲတာ မခံရဖူးကြောင်း၊ သူဦးစီးထုတ်ဝေခဲ့တဲ့ ရန်ကုန်တိုင်း သတင်းစာ အပါအဝင် အခြား သတင်းစာ၊ ဂျာနယ်တွေဟာလည်း တရားစွဲဆိုခံရတာ၊ အပြစ်ပေး အရေးယူခံရတာမျိုး မရှိခဲ့တဲ့အကြောင်း အစချီပြီး ထွက်ဆိုပါတယ်။ သူထွက်ဆိုခဲ့တာကတော့ အရှည်ကြီးပါ။ ကျွန်တော် နောက်တစ်ခု ဆက်ပါဦးမယ်။

ကိုမျိုးသန့် သိပြီးဖြစ်တဲ့အတိုင်း ဒေါက်တာသန်းထွဋ်အောင်(အလဲဗင်းမီဒီယာ) ဟာ ကျွန်တော့်ရဲ့ ဆောင်းပါး ရေးသားမှုနဲ့ ပတ်သက်ပြီး ၅ မှု စွဲခဲ့ပြီးပါပြီ။ အဲဒီထဲက တစ်မှုကတော့ ၂၆-၉-၁၃ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်၊ စာမျက်နှာ ၂၅ မှာ ဖော်ပြထားတဲ့ “ ဝန်ကြီးကိုလည်း ဂရုမစိုက်၊ လွှတ်တော်ကိုလည်း ဘာမှ မထင်တဲ့ တရုတ်ဆေးကုခန်းတွေ ” အမည်ရ “အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၃၅)” ဖြစ်ပြီး ပုဒ်မ ၅၀၀ နဲ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ တရားစွဲခဲ့တာပါ။ အဲဒီအမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားစွဲသူဟာ နစ်နာသူ မဟုတ်၊ ဒါကြောင့် မှားယွင်းမှု ဖြစ်တယ် ဆိုပြီး တရားရုံးက အမှုကို ပလပ် လိုက်တာပါ။

အဲ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကတော့ ဗိုလ်တထောင်မြို့နယ်က ရဲမှူးတစ်ယောက် ကျွန်တော့်ကို ခေါ်ပါတယ်။ အဲဒီ အမှုနဲ့ ပတ်သက်ပြီး အလဲဗင်း ဒါရိုက်တာ ဇော်ရဲနောင် ဆိုသူက ပြန်ပြီး တရားစွဲထားတယ်၊ ဒီတစ်ကြိမ် တရားစွဲရာ မှာတော့ဆောင်းပါး ကို ဖော်ပြတဲ့ ဂျာနယ်တိုက် တာဝန်ရှိသူ မပါတော့ဘဲ ကျွန်တော် တစ်ယောက်တည်းကိုပဲ စွဲဆိုထားတာ ဖြစ်တယ်၊ ဒါကြောင့် စစ်ဆေးဖို့ ခေါ်ရတာလို့ သူက ရှင်းပြပါတယ်။ ဒီအတွက် ကျွန်တော်ကလည်း ထုံးစံအတိုင်း အဲဒီ ဆောင်းပါးကို စာနယ်ဇင်း ကျင့်ဝတ်အရ ရေးသားခဲ့တာ ဖြစ်ကြောင်း အစစ်ခံခဲ့ရပါသေးတယ်။ ပြောရရင် ဒေါက်တာသန်းထွဋ်အောင်က ကျွန်တော့် ကို ဆောင်းပါး ရေးသားမှုနဲ့ပတ်သက်လို့ မရပ်မနား ဆက်ပြီး တရားစွဲနေသေးတယ် ဆိုတာပါ။

ဒါတင်မက ဒေါက်တာသန်းထွဋ်အောင် (အလဲဗင်း မီဒီယာ) ဟာ သတင်းဆောင်းပါး ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး တရားစွဲ ဆိုမှု အများအပြား လုပ်နေတဲ့သူတစ်ယောက်ပါ။ ကျွန်တော်နဲ့အတူ သူ တရားစွဲဖို့ ကြိုးစား ခဲ့ဖူးသူတွေကတော့ ကိုကို(စက်မှု) ၊ ဒေါက်တာတင်ထွန်းဦး(မြန်မာတိုင်းမ်)၊ ကိုလှိုင်ဘွား(ရန်ကုန်တိုင်းမ်)၊ ကိုသန်းထိုက်သူ(မြန်မာပို့စ်) တို့ ပါဝင်ပါတယ်။ တခြား ကျွန်တော် သိတဲ့သူတွေထဲက ဆိုရင်လည်း ဒေါက်တာ သန်းထွဋ်အောင်(အလဲဗင်းမီဒီယာ) ဟာ ဗိုလ်မှူးဝဏ္ဏ(မာဂျေ) (တူမော ရိုးဂျာနယ်)၊ ဇော်သက်ထွေး(စာနယ်ဇင်း ကောင်စီဝင်)၊ ကိုသက်(တောင်ငူ)၊ မိုက်တီး( ရုပ်ရှင်ဒါရိုက်တာ) တွေ ပါဝင်ပြီး တခြား ကျွန်တော် မသိတဲ့လူတွေ တရားစွဲမှုတွေလည်း အများကြီးရှိခဲ့ပါတယ်။ တရားစွဲမယ် ဆိုပြီး ခြိမ်းခြောက်မှု၊ စာပေးပို့မှုကတော့ အတော့်ကို များပါတယ်။ အကျိုးဆက်ကတော့ အလဲဗင်း သတင်းစာ၊ ဂျာနယ်မှာ ရေးသားဖော်ပြတာတွေကို မှားမှား မှန်မှန် ဘယ်သတင်းစာ၊ ဂျာနယ်တွေကမှ မဝေဖန်ရဲတော့တာပါပဲ။

အခုဆိုရင် ပြန်ကြားရေးကနေ အလဲဗင်း အယ်ဒီတာ (၁၇) ယောက်ကို တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ တရားစွဲထားပါတယ်။ အဲဒီကိစ္စ ပွဲတွေ လုပ် ပါတယ်။ စာနယ်ဇင်းကောင်စီ၊ MJA, MJN, MJU တို့ကနေ သူတို့အတွက် ကြေညာချက် ထုတ်ပေးဖို့ ကြိုးစားတယ်လို့လည်း သိရပါတယ်။

အခု မြန်မာမီဒီယာအကြောင်း မသိတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တချို့ကတော့ ကြေညာချက်တွေ ထုတ်ပေးနေပါတယ်။ ကဲ ဒေါက်တာ သန်းထွဋ်အောင်(အလဲဗင်း) က ကျွန်တော်အပါအဝင် ဆောင်းပါးရေးသူ အများအပြားကို တရားစွဲနေတဲ့ ကိစ္စ၊ တရားစွဲထားတဲ့ ကိစ္စတွေကိုရော မဖော်ထုတ်သင့်ဘူးလား၊ မပြောဆိုသင့်ဘူးလား၊ မဝေဖန်သင့်တော့ဘူးလားလို့ မေးရ မလို ဖြစ်လာပါပြီ ခင်ဗျား။

ကျန်းမာပျော်ရွှင်ပါစေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags