သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေးတစ်ယောက်အကြောင်း

11 February 2016
သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေးတစ်ယောက်အကြောင်း

I Myanmar House.com  စတင်တည်ထောင်ခဲ့သူ ဦးနေမင်းသူဟာ ဖေ့ဘုတ်လှုမူကွန်ယက်တွေမှ တစ်ဆင့် မြန်မာနိုင်ငံရဲ့ အသက်ငယ်ဆုံးသော မီလီယံနာလို့ လူသိများလာတဲ့သူ ဖြစ်ပါတယ်။ ငယ်စဉ်က ပြည်မြို့မှာ နေထိုင်ပြီး ဖခင်ဖြစ်သူကတော့ နာရီပြုပြင်ရောင်းချသူ ဖြစ်ပါတယ်။ မွေးချင်းငါးယောက်ရှိပြီးတော့ ဖခင်ရဲ့ နာရီပြင်ဆိုင်မှာပဲ ညီအစ်ကိုမောင်နှမတွေ ဝိုင်းကူ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေ လုံ့လဝီရီယနဲ့ ကြိုးစားမှုတွေကြောင့် ယခုအချိန်မှာတော့ အသက် ၃၀ ဝန်းကျင်မှာပဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိလာဖို့ သူဘယ်လိုစတင်ခဲ့ရတယ်ဆိုတာကို ဦးနေမင်းသူက အခုလို စတင်ပြောပြပါတယ်။

၆တန်း ၇တန်းလောက်က စပြီးတော့ အဖေ့ဆိုင်မှာ အဖေက နာရီပြင်တယ်ဆိုရင် ကျွန်တော်က နာရီဓာတ်ခဲလဲတာတို့ နာရီကြိုးလဲတာတို့ နာရီမှန်မပွန်းအောင် စတစ်ကာ ကပ်တာတို့ အဲလိုမျိုးလေး ကို ကျွန်တော်ငယ်ငယ်လေးကတည်းက ဝိုင်းကူပြီး ကူလုပ်ပေးခဲ့ရတယ်။ ပြီးရင် ဆိုင်ဖွင့်တာတို့ ဆိုင်သိမ်းတာတို့ ဆိုင်မှာ သန့်ရှင်းရေးလုပ်တာတို့ အဲလိုမျိုးတွေပေါ့နော်။ ပြီးရင် အဖေနာရီရောင်းတယ်ဆိုရင်   ဘေးကနေ ဝိုင်းကူပြီးတော့ ရောင်းပေးတာတို့ အဲလိုမျိုးတွေ ကျွန်တော် လုပ်ပေးခဲ့ပါတယ်။

ဆယ်တန်းအောင်ပြီး နောက်ပိုင်း ရန်ကုန်လာပြီးတော့ သင်တန်းတွေတက်တယ်။ သင်တန်းတက်ပြီးတော့ ၂၀၀၁ ခုနှစ်မှာ ကျွန်တော် စင်ကာပူနိုင်ငံသွားပြီးတော့ ကျောင်းတက်ဖို့ အခွင့်အရေးတစ်ခုကို ရခဲ့တယ်ပေါ့နော်။ ကျောင်းသွားတက်တော့ စင်ကူပူနိုင်ငံက စင်ကာပူ ပေါ်လီတက်ကနစ်ဆိုတဲ့ ကျောင်းမှာ ကျွန်တော် banking and finance ဆိုပြီးတော့ ကျောင်းစတက်ခဲ့ပါတယ်။   ကျောင်းစတက်ပြီးတော့ ဘဏ်လုပ်ငန်းအကြောင်းတွေ လေ့လာတာပေါ့နော်။ လေ့လာတော့ ကြုံရတဲ့ အခက်အခဲတွေကတော့ အများကြီးပါ။ ပထမဆုံး ကြုံရတာတော့ ဘာသာစကား အခက်အခဲပေါ့နော်။

ကျွန်တော်တို့ မြန်မာပြည်က သွားတဲ့ ကျောင်းသားတိုင်း နိုင်ငံခြားကို ရောက်တယ်ဆိုရင် စကားပြောစွမ်းရည်နှင့် နားထောင်မှု စွမ်းရည်က တော်တော်လေး အားနည်းတာကို တွေ့ရပါတယ်။ အင်္ဂလိပ်စာမှာပေါ့နော်။ အဲတော့ ကျွန်တော်တို့က အရေးနဲ့ အဖတ်လောက်ပဲ ရတယ်ပေါ့နော်။ အဲဒီတော့ တော်တော်လေး အခက်ခဲဖြစ်ခဲ့ပါတယ်။ ကျောင်းမှာဆိုရင် အတန်းထဲမှာ ဗမာဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ ရှိတယ်။ ပထမ ၃လလောက်က အတန်းမှာ ကျောင်းဆရာကနေပြီးတော့ သင်တာ ဘာတွေသင်လို့ သင်မှန်းမသိဘူး။ သူတို့ပြောတဲ့ဟာတွေ ဘာမှ နားမလည်ဘူးပေါ့နော်။ အဲလိုမျိုးတွေ ဖြစ်ခဲ့တယ်။

ဒီကျောင်းတက်နေရင်းနဲ့ပဲ အလုပ်မျိုးစုံလုပ်ခဲ့ဖူးပါတယ်။ ကျောင်းတက်ရင်းနဲ့ပဲ စားသောက်ဆိုင်တွေမှာ စားပွဲထိုးတွေ လုပ်ဖူးတယ်။ မင်္ဂလာဆောင်တဲ့ပွဲတွေမှာ ညစာစားပွဲတွေမှာ စားပွဲထိုးတွေ လုပ်ဖူးတယ်။ ပြီးတော့ မီးဖိုချောင်မျာ မီးဖိုချောင် အကူဆိုပြီးတော့ လုပ်ခဲ့ဖူးပါတယ်။ ပြီးတော့ မီးဖိုချောင်မှာ အားလူးချောင်းတွေ ကြော်တဲ့ အလုပ်လည်း လုပ်ဖူးတယ်။ ပြီးတော့ ကလေးကစားကွင်းမှာ ကလေးတွေ စီးတဲ့ ကားလေးတွေ မောင်းတာ ရထားလေးတွေ မောင်းတာတို့ အဲလိုမျိုး ပုံစံတွေ လုပ်ဖူးပါတယ်။

တစ်ရက်ကျတော့ ကျွန်တော်က အင်္ဂလိပ်စာ အားနည်းတဲ့ အတွက်ကြောင့် သတင်းစာ အမြဲတမ်း ဖတ်တယ်ပေါ့နော်။ သတင်းစာဖတ်တော့ တစ်ရက် သတင်းစာထဲမှာ ဘာပါလာလဲဆိုတော့ ကြေငြာတစ်ခုပါလာတယ်ပေါ့။ ဒီကြေငြာက ဘာလဲဆိုတော့ စင်ကူပူနိုင်ငံမှာ ရှိတဲ့ ဆေးဝါး ကုမ္ပဏီတွေပေါ့နော်။ ဒီဆေးဝါး ကုမ္ပဏီတွေပါ လာပြီးတော့ ဒီဆေးဝါးတွေ အစမ်းသပ်ခံတယ်။ ဆေးဝါးအသစ်တွေကို စမ်းသပ်ခံတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ဆီမှာ သွေးလှုတာတို့ သူတို့ သုတေသနလုပ်ဖို့ သွေး တွေ လာလှုတာတို့ လုပ်တယ်ဆိုရင် ဒီဆေးဝါး ကုမ္ပဏီကနေပြီးတော့ ခရီးစရိတ်တစ်ခုအနေနဲ့ ပိုက်ဆံပမာဏ တစ်ခုပေးလေ့ရှိတယ်ပေါ့။ အဲတော့ ကျွန်တော်တစ်ရက်မှာ ပိုက်ဆံလုံးဝ ပြတ်သွားတယ်။ ပြတ်သွားတော့ သုံးစရာ မရှိတော့ ကျွန်တော် စောစောကပြောတဲ့ ကြေငြာတစ်ခုကို သွားပြီး သတိရတယ်ပေါ့နော်။ သတိရတော့ အဲဒီဆေးဝါး သုတေသန လုပ်တဲ့ ကုမ္ပဏီမှာ သူတို့ဘက်ကကြည့်တယ်ဆိုရင်တော့ သွေးလာပြီးတော့ လှုတာပေါ့နော်။ သွေးလာလှုတဲ့ အတွက်ကြောင့်မို့လို့ ဒေါ်လာ ၃၀ ကို ခရီးစရိတ်အနေနဲ့ ပြန်ပေးတယ်။ ကျွန်တော်ဘက်က ကြည့်မယ်ဆိုရင်တော့ ဒေါ်လာ ၃၀ ကိုလိုချင်လို့ ကိုယ့်သွေးကို သွားပြီးတော့ ရောင်းချတဲ့ ပုံစံဖြစ်ခဲ့တာပေါ့။ အဲလိုမျိုး မှတ်မှတ်ရရ အဖြစ်ပျက်လေး တစ်ခုတော့ ဖြစ်ခဲ့ပါတယ် ခင်ဗျ။

ကျောင်းပြီးသွားတဲ့ အချိန်မှာ စင်ကာပူနိုင်ငံရဲ့ ဘဏ်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ တစ်နှစ်လောက် အလုပ်လုပ်ပြီးတဲ့ အချိန် ဘဏ်လုပ်ငန်းကို သဘောပေါက်လာခဲ့ပေမယ့်လည်း ဝန်ထမ်းဘဝမှာ မပျော်မွေ့တာကြောင့် နောက်ထပ် ခြေလှမ်းသစ်တစ်ခု ပြောင်းလဲစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း ဦးနေမင်းသူက အခုလို ရှင်းပြပါတယ်။

စင်ကာပူနိုင်ငံမှာ ရှိတဲ့ NTU  လို့ခေါ်တဲ့ Nanyang Technological University အဲမှာ ကျောင်းဆက်တက်မယ်ဆိုပြီး ကျောင်းလျောက်လိုက်တာ ကျွန်တော်ကျောင်းဝင်ခွင့်ရသွားတယ်ပေါ့နော်.။ အဲဒီမှာကျောင်းဆက်တက်တယ်ပေါနော်။ ဆက်တက်တော့ အဲဒီအချိန်မှာ ကျွန်တော် ယူလိုက်တဲ့ ဘာသာရပ်ကတော့ business ဘာသာရပ်ပဲဆက်ပြီးတော့ ယူတယ်။ ဒါပေမယ့် ဒုတိယနှစ်မှာ specialization ဘာသာရပ် တစ်ခုရွေးရတယ်ပေါ့နော်။ ကံကောင်းထောက်မစွာနဲ့ပဲ နည်းပညာ ဘာသာရပ်ကို ကျွန်တော် ရွေးချယ်မိသွားတယ်ပေါ့နော်။ သတင်းအချက်လက်နဲ့ နည်းပညာဘာသာရပ်ကို ရွေးချယ်မိသွားတယ်။

အဲလိုမျိုး ရွေးချယ်လိုက်တဲ့ အခါမှာ ဒုတိယနှစ်ကနေစပြီးတော့ ဘာသင်ရလဲဆိုတော့ photogramio ပေါ့နော်။ ကွန်ပျုတာထဲမှာ ဆော့ဝဲလ်တွေ ဘယ်လိုမျိုးရေးရသလဲဆိုတဲ့ ဟာလေးကို စပြီးတော့ သင်ရတယ်။ သင်တော့ ကျွန်တော်အဲဒီ အချိန်မှာ ဒီဆော့ဝဲလ်ရေးတာလေးကို သွားပြီးတော့ သဘောကျတယ် ခင်ဗျ။ ဒီဟာလေးကို ငါနှစ်သက်ပါလားဆိုတာ ကိုယ်က သွားပြီးတော့ သိတယ်။ အဲတာနဲ့ တစ်နေ့ကျတော့ ကျွန်တော်တို့ အတန်းထဲက ဆရာတစ်ယောက်ကနေပြီးတော့ သူက အတန်းသားတွေကို ဆော့ဝဲလ် Program  အသစ်လေးတစ်ခု ရေးဖို့ ရှိတယ်ပေါ့။ ရေးပေးနိုင်တဲ့ သူကို ဒေါ်လာ ၅၀ ပေးမယ်လို့ သူက အတန်းထဲမှာ ကြေငြာလိုက်တယ်။ ကြေငြာလိုက်တော့ အခြားသူတွေကလည်း ဘယ်သူမှ ရေးမပေးကြဘူး။ ကျွန်တော်ကလည်းပိုက်ဆံအမြဲတမ်း လိုနေတာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဆရာရေးခိုင်းတဲ့ ပရိုဂရမ်လေးကို ရေးပေးမယ်ဆိုပြီး အာမခံလိုက်တယ်။ ဆရာညွှန်ကြားတဲ့ အတိုင်းပဲ ဒီ ပရိုဂရမ် သေးသေးလေးကို ရေးပေးခဲ့တယ်ပေါ့နော်။ ရေးပေးတော့ ဆရာကနေပြီးတော့ ဒေါ်လာ ၅၀ ကျွန်တော်ကို ပြန်ပေးတယ်ပေါ့နော်။ ကျွန်တော့် လုပ်အားခ အဖြစ်ဆိုပြီး ကျွန်တော်ကို ပေးတယ်။ ပြန်ပေးတော့ အဲဒီမှာ ကျွန်တော် အချက်နှစ်ချက်ကို သွားပြီးတော့ တွေ့တယ်။

နံပါတ် တစ်အချက်ကတော့ ကျွန်တော် အိုင်တီလုပ်ငန်းကို သွားပြီးတော့ စိတ်ဝင်စားပါလား ဆိုတာ သွားပြီးတော့ တွေ့တယ်။ နံပါတ်နှစ်အချက်ကတော့ ဒီအိုင်တီလုပ်ငန်းကနေပြီးတော့ ပိုက်ဆံရနိုင်ပါလားဆိုတာ ကျွန်တော်တွေ့တယ်။ အဲဒီအချက်နှစ်ချက်က ကျွန်တော့်ဘဝမှာ စီးပွားရေးကနေပြီးတော့ နည်းပညာပိုင်းကို ကူးပြောင်း စေခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

နည်းပညာပိုင်းကို စပြီး စိတ်ဝင်စားလာခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့အတွက် စပြီး ဆုံးဖြတ်ချက်တစ်ခု စတင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို သူရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အခြေခံကနေ စတင်ကြိုးစားခဲ့ရပုံကို ပြောပြပါတယ်။

အဲလိုမျိုး ဝက်ဆိုဒ်ရေးနည်းတွေ ကိုယ့်ဟာကိုယ် လေ့လာတယ်။ လေ့လာပြီးတော့ ဘာစလုပ်လဲဆိုတော့ တခြား ကုမ္ပဏီ တွေကို အပြင်ကကုမ္ပဏီတွေကို ဒီဝက်ဆိုဒ်တွေမှာ ကျွန်တော်ရေးနေပါတယ် ဆိုပြီးတော့ လက်ကမ်းစားစောင်လေးကို ကိုယ့်ဟာကိုယ် စာစီရိုက်ြ့ပီးတော့ မိတ္တုကူးပြီးတော့ ကြေငြာတယ်ပေါ့။  လိုက်ပြီးတော့ ကြေငြာတယ်ပေါ့နော်။ ဘယ်လိုမျိုးတွေ လိုက်ပြီးတော့   ကြေငြာလည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေ အလာများတဲ့ နေရာတွေကို သွားပြီးတော့ သူတို့ အဲဒီမှာရှိတဲ့ ကားပါကင်ပေါ့နော်။ သူတို့ရပ်ထားတဲ့ ကားပေါ်မှာ   ကြေငြာစာရွက်လေးတွေ လိုက်ကပ်တယ်ပေါ့နော်။ လိုက်ကပ်တော့အဲဒီကနေမှတစ်ဆင့် Customer  တွေ တော်တော်များများ ရခဲ့တယ်။

စင်ကာပူနိုင်ငံမှာ အဲဒီအချိန်တုန်းက ဝက်ဆိုဒ်တစ်ခုရေးတယ်ဆိုတာက ဒေါ်လာ ထောင်ဂဏန်းလောက် ကျတယ်။ တစ်ထောင်ကနေပြီးတော့ သုံးလေးထောင်ကျတဲ့ အချိန်မှာ ကျွန်တော် ကျောင်းသားတစ်ယောက်အနေနဲ့ ဒီဝက်ဆိုဒ်ရေးပေးတာကို ကျွန်တော် ဒေါ်လာ ရာဂဏန်းလောက်ပဲ ယူတာဖြစ်တဲ့ အတွက်ကြောင့် ကုမ္ပဏီတော်တော်များများ အလုပ်အပ်ကြတယ်။ ကျွန်တော်အဲကနေပြီးတော့ အလုပ်တွေ တော်တော်များများရခဲ့တယ်။ ကျောင်းမပြီးသေးခင်ပေါ့။ ကျောင်းက သုံးနှစ်တက်ရတယ်။ သုံးနှစ်တက်ပြီး ပြီးသွားတော့ ၂၀၀၈ ခုနှစ်မှာ ကျွန်တော်ကျောင်းပြီးခဲ့တယ်။

 ကျောင်းပြီးပြီးချင်းပဲ ကျောင်းပြီးသွားတာနဲ့ တစ်ပြိုင်တည်း အခြားကုမ္ပဏီမှာ အလုပ်ဝင်မလုပ်ဘူး ဆိုပြီးတော့ သန္နိဋ္ဌာန် ချထားတယ်။ ချထားပြီးတော့ ကျောင်းပြီးပြီးချင်းမှာပဲ ကျွန်တော် အခြား ကုမ္ပဏီရဲ့ ဝက်ဆိုဒ်ရေးပေးတဲ့ လုပ်ငန်းကို စပြီးတော့ ချဲ့ထွင်သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ ကျွန်တော် ရုံခန်းသေးသေးလေးတစ်ခုငှားလိုက်တယ်။ ငှားတာမှ တကယ့်ကို အခန်းလေးကသေးသေးလေးပါ။ အဲဒီအခန်းသေးသေးလေးက ၇၀ပေ ပတ်လည်ပဲ ကျယ်တယ်။ အဲဒီမှာ ဘာပဲထားလို့ရလဲဆိုတော့ စားပွဲတစ်လုံးရယ် ခုံတစ်လုံးရယ် ပြီးတော့ ဘေးမှာ လူသွားလမ်းလေး လျောက်လမ်းလေး ရှိတယ်။ အဲတာကို ငှားတာ တစ်လကို ဒေါ်လာ ၃၅၀ ပေးရတယ်။ အဲလိုမျိုးငှားပြီးတော့ ကျွန်တော် အဲဒီအချိန်မှာစုထားတဲ့ အရင်းအနှီးက ဒေါ်လာ တစ်ထောင်လောက် ပိုက်ဆံရှိတယ်။ ဒေါ်လာတစ်ထောင် အရင်းအနှီးနဲ့ အဲလုပ်ငန်းကို စပြီးတော့ လုပ်ခဲ့တယ်။

ကိုယ်ပိုင် ရုံးခန်းလေးနဲ့ အလုပ်စတင်ခဲ့စဉ်က ရုံးသွားရုံးပြန် အချိန်တွေကိုသက်သာစေဖို့အတွက် အဲဒီရုံးခန်းမှာပဲ ဖြစ်သလိုနေခဲ့ရတဲ့ အမှတ်တရ အဖြစ်အပျက်တွေကိုပြောပြခဲ့ပါတယ်။

ရုံးခန်းမှာနေတော့  ကျွန်တော်ဘယ်လိုမျိုးနေရလဲဆိုတော့ ရုံးခန်းဖြစ်တဲ့အတွက်ကြောင့် ကုတင်ဆိုပြီး သီးသန့်မရှိဘူး ကြမ်းခင်းမှာပဲ တာလပတ်လိုပုံစံခင်းပြီးတော့ အိပ်ခဲ့ရတယ်။ ရုံးခန်းဖြစ်တဲ့အတွက်ကြောင့် ရေချိုးခန်း သီးသန့်မရှိဘူး။ ရေချိုးချင်တယ်ဆိုရင် အိမ်သာထဲမှာပဲ သူများတွေ ဖင်ဆေးတဲ့ ပိုက်နဲ့ ရေချိုးခဲ့ရတယ်ပေါ့နော်။ ဖြစ်သလိုပဲရေချိုးခဲ့ရတဲ့ ပုံစံမျိုးပေါ့နော်။
အဲဒီလိုမျိုးရုံးခန်းစဖွင့်ပြီးတော့ သိပ်မကြာခင်မှာပဲ ကျွန်တော် သုံးလလောက်ကြာတဲ့အချိန်မှာ ကျွန်တော်စုထားတဲ့ ပိုက်ဆံ တစ်ထောင်ဟာလည်း လုံးဝ ပြတ်သွားတယ်။ တစ်ချို့လတွေဆို ပိုက်ဆံဝင်တယ်။ တစ်ချို့လတွေဆို ပိုက်ဆံလုံးဝ မဝင်ဘူး။ လုပ်ငန်းက အခုမှ စလုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် စည်းစနစ်တွေကလည်း မကျသေးဘူး။ တစ်ချို့ဝက်ဆိုဒ်ရေးပေးတဲ့ ပရောဂျက်တွေကလည်း လနဲ့ချီပြီးတော့ ရေးပေးရတာ ဖြစ်တဲ့အတွက်ကြောင့် တစ်ချို့တွေဆို နှစ်လ သုံးလမှကြာ ပိုက်ဆံရတာဖြစ်တဲ့ အတွက်ကြောင့် တစ်ချို့လတွေ ပိုက်ဆံမဝင်တော့ ကျွန်တော်စုထားတဲ့ ပိုက်ဆံတစ်ထောင် လုံးဝ ပြတ်သွားတယ်။ ပိုက်ဆံပြတ်သွားတော့ ကျွန်တော် ဘာဆက်လုပ်ရလဲဆိုတော့ ရုံးခန်းပိုင်ရှင်ကို ဆက်ပြီးတော့ အကူညီတောင်းရတယ်။ ကျွန်တော့်ကိုတော့ ဒီမှာ အလကားနေခွင့်ပေးပါပေါ့နော်။ ရုံးခန်းလခပေးဖို့ ပိုက်ဆံ ဒေါ်လာ ၃၀၀ မရှိတော့ဘူးပေါ့နော်။ ကျွန်တော်ကို အလကားနေခွင့်ပေးပါ။ ကျွန်တော်ကနြေ့ပီးတော့ ဘာပြန်လုပ်ပေးမလဲဆိုတော့ ဒီရုံးခန်းပိုင်ရှင်က ဘယ်လိုလဲဆိုတော့ နှစ်ထပ်တိုက်တစ်လုံးကို ရုံးခန်းသေးသေးလေးတွေ ဖွဲ့ပြီးတော့ ငှားစားတာ။

 သူက အဲဒီရုံးခန်းတွေကို manage လုပ်ရတယ်ပေါ့နော်။ ကျွန်တော်က သူ့အစား အဲအခန်းတွေကို manage လုပ်ပေးမယ်ပေါ့နော်။ ကျွန်တော်ပြောပြီး ကူညီတောင်းတော့ သူကနေ ကူညီပေးပါတယ်။ ကျွန်တော့်ကို အလကားနေခွင့် ပေးလိုက်တယ်။ ကျွန်တော်သူ့ကို ဘာပြန်လုပ်ပေးရလဲဆိုတော့ ကျွန်တော် ရုံးခန်းမှာ သန့်ရှင်းရေးတွေ လုပ်ပေးရတယ်။ ရုံးခန်းမှာ တံမြက်စီးလှဲတာတို့ ဖုန်စုတ်တာတို့ ပြီးတော့ အိပ်သာ သန့်ရှင်းရေး လုပ်တာတို့ အိပ်သာဆေးတာတို့ အဲလိုမျိုးတွေလ ုပ်ပေးရတယ်။ လကုန်တယ်ဆိုရင် အခြားရုံးခန်းတွေကနေပြီးတော့ ရုံးခန်းခတွေ လိုက်ပြီးတော့ ကောက်တာပေါ့နော်။ ရုံးခန်းလခတွေ ကောက်ပြီးတော့ သူ့ဆီကို ပြန်အပ်ရတယ်။ အဲလိုလုပ်ပေးပြီးတော့ ကျွန်တော်အဲဒီမှာ ရုံးခန်းလခ အဆင်ပြေသွားတယ်။

အဲဒီတော့ အခုနတုန်းက ကြိုးစားရုန်းကန်ခဲ့ရတာကို ပြန်ဆက်မယ်ဆိုရင်ပေါ့နော်။ အဲဒီလိုအခက်အခဲတွေ ကြုံနေတဲ့ အချိန်မှာ ဦးနေမင်းသူ အနေနဲ့ စိတ်ကို ဘယ်လိုမျိုး အမြဲတမ်း အားတင်းပြီးတော့ ရှေ့ဆက်ခဲ့လဲ။

ကျွန်တော်ပြောချင်တဲ့ အချက်တစ်ခုက ဘာလဲဆိုတော့ အောင်မြင်သူနှင့် ရှုံးနိမ့်သူကြားမှာ  အဓိက ကွာခြားချက်က ဘာလဲဆိုတော့ လုပ်ငန်းတိုင်း လုပ်ငန်းတိုင်းမှာ အခက်အခဲဆိုတာ ရှိတယ်။ လူတိုင်း လူတိုင်းမှာလည်း အခက်အခဲဆိုတာ ရှိတယ်။ အောင်မြင်တဲ့သူနဲ့ ရှုံနိမ့်သူကြားမှာ ကွာခြားချက်က ဘာလဲဆိုတော့ ရှုံးနိမ့်သူက အခက်အခဲတစ်ခု ကြုံတွေ့တဲ့ အခါမှာ တွေ့တာနဲ့ တစ်ပြိုင်တည်း ဆက်ပြီးတော့ ရှေ့မတိုးနိုင်တော့ဘူး။ အဲဒီမှာပဲ ရပ်တန့်သွားတယ်။ လက်မြောက် အရှုံးပေးသွားတယ်။ အောင်မြင်တဲ့ သူကျတော့ ဘယ်လိုမျိုး စဉ်းစားလဲဆိုတော့ အခက်အခဲတစ်ခုကို ကြုံတွေ့တယ်။ ဒီအခက်အခဲတစ်ခု ကြုံတွေ့တဲ့အခါမှာ ဒီအခက်ခဲကို ဘယ်လိုမျိုး ကျော်လွှားသွားမလဲ။ဆိုတာကို ရအောင် စဉ်းစားတယ်။ တကယ်လို့ ဒီအခက်ခဲကို ကျော်လွှားသွားလို့ မရဘူးဆိုရင် ဒီအခက်အခဲကို ဘယ်လိုမျိုးကွေ့ဝိုက်ပြီးတော့ သွားလို့ရမလဲဆိုတာ စဉ်းစားတယ်။ တကယ်လို့ ကွေ့ဝိုက်ပြီးတော့ သွားလို့မရဘူးဆိုရင် ဒီအခက်အခဲ ကို အောက်ကနေပြီးတော့ ဘယ်လိုမျိုး ငုတ်လျိုးသွားမလဲဆိုတာ စဉ်းစားတယ်။ ငုတ်လျိုးသွားလို့မရဘူးဆိုရင် ဒီအခက်အခဲကို အလည်ကနေ ဘယ်လိုမျိုး ဖောက်ထွက်သွားမလဲဆိုတာ စဉ်းစားတယ်။ အဲလိုမျိုး နည်းလမ်းပေါင်းစုံးနဲ့ အဖြေရှာကြတယ်။

အဲဒီတော့ အောင်မြင်တဲ့သူတွေ အဓိကအချက်က ဘာလဲ။ အခက်အခဲဆိုတာ လုပ်ငန်းတိုင်းမှာ ရှိတယ်။ နေရာတိုင်းမှာ ရှိတယ်။ အဲလိုမျိုး အခက်အခဲတွေ ကြုံတွေ့လာတဲ့ အခါမှာ ကိုယ်က သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ်နိုင်မှ သာလျှင် ဒီ ကိုယ်လိုချင်တဲ့ အောင်မြင်မှု ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ ပြီးတော့ နောက်တစ်ခုက ကျွန်တော် အခက်အခဲတွေ ကြုံတိုင်း ကြုံတိုင်းမှာ အဓိကဖြင့်တော့ အချက်နှစ်ချက်လုပ်တယ်ပေါ့နော်။

နံပါတ်တစ် အချက်က ကျွန်တော် အမြဲတမ်းရွက်တဲ့ ကဗျားလေး တစ်ပုဒ်ရှိပါတယ်။ အဲဒီကဗျာလေးကို ကျွန်တော် အခက်အခဲ ကြုံတဲ့ အခါတိုင်းမှာ ရွက်ပါတယ်။ အဲဒီကဗျာလေးက ဆရာကြီး မင်းသိင်္ခ ရေးစပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သေချာတော့ အမှတ်မိတော့ပါဘူး။ ကဗျာလေးက ဘယ်လိုပုံစံမျိုးလည်းဆိုတော့
မလျှော့အားမာန် မချန်သတ္တိ
ဇွဲရှိရှိနှင့် ဝီရိယထူ
လုံးလကူ၍ သူမတူအောင် ကြိုးစားပေလော့။

အဲဒီကဗျာလေးကို အမြဲတမ်း အခက်ခဲတွေ ကြုံလာတဲ့ အခါမှာ စိတ်ထဲကလည်း ရွက်တယ်။ ပါးစပ်ကလည်း ထုတ်ြ့ပီးတော့ ရွက်တယ်။ အဲကဗျာလေး ရွက်ပြီးတော့ ကိုယ့်ဟာကိုယ် သတ္တိတွေ ပြန်ပြီးတော့ မွေးမြူရတယ်။ ပြီးတော့ နောက်တစ်ခု ကျွန်တော်လုပ်တဲ့ အချက်က အခက်တွေ ကြုံလာတဲ့ အခါမှာ ကျွန်တော်ငယ်ငယ်လေးကတည်းက စာဖတ်ဝါသနာပါပါတယ်။ စာဖတ်ဝါသနာပါတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုစာအုပ်တွေ ဖတ်လဲဆိုတော့ ကိုယ်ရေး အတ္ထုပ္ပတ္တ္ထိိတွေကို ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ ဗမာပြည်မှာ ထင်ရှားကျော်ကြားတဲ့သူတွေ ဥပမာဆိုရင် ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေ ကျွန်တော်ဖတ်တယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားနေတဲ့ လူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိတွေ အဲလိုမျိုးတွေ ဖတ်တယ်။ အောင်မြင်ရေးတက်ကျမ်းတွေ ကျွန်တော်ဖတ်တယ်။ အဲလိုမျိုးစာအုပ်ဖတ်ခြင်းအားဖြင့် စာဖတ်ခြင်းကနေ ကျွန်တော် ဗဟုသုတတွေလည်း ပိုပြီးတိုးလာတယ်။ ကိုယ့်ဘဝကို စိတ်ဓာတ်ခွန်းအားလည်း ပေးစေတယ်။ အဲသလိုမျိုး ပုံစံနဲ့ အခကအ်ခဲတွေကို ကျွန်တော် ကျော်ဖြတ်ခဲ့ပါတယ်။

အဲဒီတော့ ကျွန်တော်တို့ နောက်တစ်ခုကလေ ဒီလုပ်ငန်းတစ်ခုကို အစ်ကိုဆိုရင် သူများနိုင်ငံမှာ ကိုယ့်အမိမြေမှာ မဟုတ်ဘဲနဲ့ အောင်မြင်အောင် ကြိုးစားခဲ့ရတယ်ပေါ့နော်။ ဒါပေမယ့် အခုနက ပြောသလိုပေါ့နော်။ စစချင်းမှာ ကိုယ်နဲ့လုပ်ငန်းတူတွေ အပြိုင်အဆိုင်တွေ ကိုယ့်ထက်အောင်မြင်နေတဲ့ သူတွေလည်း ရှိတယ်။ အဲဒီလိုကြားထဲကို ဝင်တိုးရတဲ့အခါကျတော့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ထဲမှာ သူတို့ကို ကြောက်တဲ့ စိတ်တို့ စိုးရိမ်တဲ့စိတ်တို့ ရှိခဲ့ဖူးလား။

ရှိပါတယ်။ မှန်ပါတယ်။ ဆိုပါစို့ လုပ်ငန်းစပြီးတော့ လုပ်တဲ့ အချိန်မှာ အခြားကုမ္ပဏီကို ဝက်ဆိုဒ်ရေးပေးတဲ့ လုပ်ငန်းကို စပြီးလုပ်တဲ့အချိန်မှာ ကျွန်တော် ဘာကိုသွားပြီးတော့ ကြုံတွေ့ရလဲဆိုတော့ ကျွန်တော်က လူငယ်လေးတစ်ယောက် ဆိုပါစို့ ကုမ္ပဏီကြီးတစ်ခုကို သွားပြီးတော့ ဒီကုမ္ပဏီကို ဝက်ဆိုဒ်ရေးပေးပါ့မယ်ဆိုပြီး proposal သွားပြီးတော့ တင်တယ်ဆိုပါစို့ ။ အဲအချိန်မှာ သူတို့ ဌာနက အကြီးကဲတွေနဲ့ တွေ့ရတယ်။ အကြီးအကဲတွေနဲ့တွေ့ရတဲ့ အချိန်မှာ ကျွန်တော့်ကို တလေးတစား မဆက်ဆံကြဘူး။ ဒီလူငယ်လေးတစ်ယောက် ဒီလုပ်ငန်းဟာလည်း သူတစ်ယောက်တည်း လုပ်နေရတဲ့ လူငယ်လေး။ ဘာမှအထင်ကြီးစရာ မရှိတဲ့ လုပ်ငန်းလေး ဆိုပြီး နှိပ်ချပြီးတော့ ဆက်ဆံခဲ့တဲ့ အခြေနေတွေလည်း အများကြီး ရှိပါတယ်။ အဲတော့ တစ်ချို့လူတွေကလည်း မြေတောင်မြောက်ပေးချင်တဲ့ စိတ်ရှိခဲ့တယ်ပေါ့နော်။

ကျွန်တော်နဲ့ လက်တွဲလုပ်ခဲ့တဲ့ တစ်ချို့ Customer  တွေဆိုရင် ဒီလူငယ်တွေကို မြေတောင်မြောက်ပေးချင်တဲ့ စိတ်ရှိခဲ့တယ် ခင်ဗျ။ ကျွန်တော်ကတော့ လုပ်ငန်းကြီးမဟုတ်ပါဘူး တစ်ယောက်တည်းပဲ လုပ်နေပါတယ်။ ဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ် ဆိုပြီးတော့ ကိုယ့်ဘက်ကနေပြီးတော့ ကတိပေးတယ်။ ဖြစ်အောင်လည်း လုပ်ပြတယ်။ သူ့ဘက်ကနေ ယုံကြည့်မှုပေးပြီးတော့ အလုပ်အပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ ထပ်ထပ်ပြီးတော့ တိုးပြီးတော့နှစ်စဉ်နဲ့ အမျှ ထပ်တိုးပြီးတော့ အလုပ်အပ်တာလဲ ရှိခဲ့တာပေါ့နော်။ အဲဒီတော့ လူတန်းစားပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတယ်ပေါ့နော်။ အဓိကတော့ ဘာလဲဆိုတော့ စောစောကလိုမျိုး ကိုယ့်ကို နှိမ့်ချလိုတဲ့ လူတွေနဲ့ တွေ့တဲ့ အခါမှာလည်း ကိုယ့်စိတ်ဓာတ်ကျမသွားဖို့ နောက်ထပ် Customer  အသစ်တွေ ထပ်ထပ်ရှာဖို့ အဲလိုမျိုး အရေးကြီးပါတယ်။

အဲဒီတော့ နောက်တစ်ချက်ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဦးနေမင်းသူကို အများဆုံး သိကြတာက အသက်အငယ်ဆုံး မီလီယံနာ တစ်ယောက်လို့ ကျွန်တော်တို့က သိကြတာပေါ့နော်။ အဲလိုမျိုး ဘဝဖြစ်လာဖို့ ဦးနေမင်းသူ အနေနဲ့ ဘယ်လိုမျိုး အချက်က တွန်းအားပေးခဲ့တာလဲ။ ဘဝမှာ ကြိုးစားချင်စိတ် ရှိအောင် ဘယ်အရာက အခုချိန်ထိ တွန်းအားပေးခဲ့တာလဲ။

တွန်းအားပေးတဲ့ အချက်တွေကတော့ အများကြီး ရှိတယ်တယ်။ တွန်းအားပေးတဲ့ အချက်တွေထဲက တစ်ချို့ကိုပြောပြရမယ်ဆိုရင် ကျွန်တော်ငယ်ငယ်ကတည်းက ဘာစိတ်ကူးရှိလဲဆိုတော့ ကျွန်တော်အဖေက နာရီပြင်တယ် နာရီရောင်းတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့် အရမ်းကို ချမ်းသာကြွယ်ဝတဲ့ မိသားစုထဲမှာ မပါပါဘူး။ အဲတော့ ငယ်ငယ်လေးကတည်းက ကျောင်းတွေသွားတယ်။ ဥပမာဆိုရင် ကျွန်တော် ရန်ကုန်လာပြီးတော့ ကျောင်းတက်တယ် ဆိုပါစို့ ကျောင်းတက်တယ်ဆိုရင် ကျွန်တော် ဘာသွားတွေ့ရလဲဆိုတော့ ကျောင်းတက်တယ်ဆိုရင် ဘတ်စ်ကားစီးပြီးတော့ သွားရတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အတန်းတူတဲ့ သူတွေကတော့ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ကားအကောင်းစားတွေ စီးပြီးတော့ လာကြတယ်ပေါ့နော်။ သူတို့အိမ်ကနေ လိုက်ပို့ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဘာစိတ်ဖြစ်လဲဆိုတော့ ငါလည်းတစ်နေ့ကျရင် အဲလိုကြီးပွားချမ်းသာအောင် ကြိုးစားမယ်။ ကြီးပွားချမ်းသာအောင် လုပ်ပြီးတော့ ဒီလိုမျိုး ဘဝမှာ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်မယ် ဆိုပြီးတော့ အဲဒီအချက်လေးတစ်ချက် သွားပြီးတော့ စဉ်းစားမိပါတယ်။

နောက်တစ်ချက်က လူမှုအကျိုးပြုလုပ်ငန်းတွေ ကျွန်တော် ဘယ်လိုမျိုး ပုံစံမျိုး လုပ်ချင်တာလဲဆိုတော့ စင်ကာပူနိုင်ငံမှာပဲ NTU  မှာကျောင်းလျောက်တော့ ပညာသင်ဆုရအောင် တွဲပြီးတော့ လျောက်ခဲ့တယ်ပေါ့နော်။ ကျွန်တော်အမှတ်ကလည်း ယှဉ်နိုင်တဲ့ အရည်ချင်း ရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ဆုကို မရခဲ့ဘူး။ မရခဲ့တော့ အဲအချိန်မှာဘာ သိန္နိဋ္ဌာန် တစ်ခု ချခဲ့လည်း ဆိုတော့ ငါ့ဘဝမှာ အောင်မြင်အောင် ကြိုးစားမယ် အရမ်းချမ်းသာ ကြွယ်ဝတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ ငါချမ်းသာ ကြွယ်ဝလာတဲ့ တစ်နေ့မှာ အခြားသူတွေရဲ့ပညာရေးကို ပြန်ပြီးတော့ ဖြည့်ဆည်းပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီးတော့ သိန္နိဋ္ဌာန်တွေ ချခဲ့ပါတယ်။ အဲတော့ ကျွန်တော် အခုချိန်မှာ အောင်မြင်နေတဲ့ အချိန်မှာလည်း ပညာရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ အများကြီး လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်ပညာရေး စရိတ်ထောက်ပံ့နေတဲ့ ကျောင်းသားတွေလည်း ရှိပါတယ် ခင်ဗျ။ အဲလိုမျိုး အချက်တွေက ကျွန်တော့်ဘဝကို တွန်းအားပေးစေခဲ့တာပေါ့။

ဘဝမှာ သူဖြစ်ချင်တဲ့ ဆန္ဒတွေကပဲ အမြဲတမ်း ကြိုးစားချင်တဲ့ တွန်းအားဖြစ်ပေါ်လာခဲ့တယ်လို့ ပြောပြပါတယ်။ ငွေကြေးအရင်းအနှီးရယ်လို့ အများကြီး မရှိခဲ့ပေမယ့်လည်း ကြွယ်ဝချမ်းသာလို့ ဖို့အတွက် အခြေခံကနေစပြီး ကြိုးစားသင့်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက်ရှင်းပြခဲ့ပါတယ်။

ဦးနေမင်းသူရဲ့ လုပ်ငန်းဟာဆိုရင် ကျွန်တော်တု့ိ မြန်မာနိုင်ငံမှာ ပထမဆုံး စွန့်ဦးတီထွင် လုပ်ငန်းလို့လဲ ပြောလို့ ရပါတယ် ခင်ဗျ။ အဲလိုမျိုး လုပ်ငန်း လုပ်တဲ့ အခါမှာ ဦးနေမင်းသူက ဟိုးကျောင်းပြီးကတည်းက ငယ်ငယ်လေးကတည်းက လုပ်လာတာ အရင်းအနှီးလည်း မရှိဘူးပေါ့နော်။ တစ်ချို့ရှိပါတယ်။ လူငယ်ထဲမှာလည်း စီးပွားရေး လုပ်ငန်းတစ်ခုကို စချင်တယ်။ ဒါပေမယ့် အရင်းအနှီးမရှိဘူး ဘယ်လိုလုပ်ရမလဲ။ အဲလိုမျိုး လူမျိုးတွေအတွက်ကော ဦးနေမင်းသူရဲ့ ဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ပြောပြပေးပါအုံး။

ကောင်းပါတယ်။ အရမ်းကောင်း တဲ့ မေးခွန်းပါ။ ကျွန်တော်အဲတာကိုလည်း ပြောချင်နေတာပါ။ ဘာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူအတော်တော်များများ မှားယွင်းနေတဲ့ အယူဆ ရှိပါတယ်။ ဘယ်လိုမျိုး မှားယွင်းနေတဲ့ အယူအဆလဲဆိုတော့ စီးပွားရေး လုပ်ငန်းတစ်ခုလုပ်တော့မယ် ဘဝမှာ အောင်မြင်ဖို့ဆိုတာက ငွေးကြေးအများကြီးလိုမှ ဘဝမှာ အောင်မြင်တယ်လို့ ထင်တဲ့သူတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ကိုယ့်ဘဝမှာ အဆက်အသွယ်ရှိရမယ်။ ဆွေမျိုး အသိုင်းဝိုင်းတွေ ရှိရမယ်။ အဲလိုမျိုးတွေ ရှိမှ အောင်မြင်မယ် လို့ ထင်တဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲအချက်တွေက လုံးဝ မှားယွင်းတဲ့ အချက်တွေပါ။

ဘဝမှာ ဆွေမျိုး အသိုင်းဝိုင်းတွေ လုံးဝ မရှိဘူး။ ငွေကြေးအရင်းအနှီး အများကြီး မရှိပဲနဲ့ ဘဝကို သုညကနေ စပြီးအောင်မြင်တဲ့ သူတွေ ဘဝမှာ အများပြားရှိပါတယ်။ ကျွန်တော့်ဘဝဆိုလည်း နမူနာ ယူလို့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နမူနာပြစရာတွေ အများကြီး ရှိတယ်။ ဥမာဆိုရင် ကျွန်တော် တော်ဝင်စင်တာ ဦးကိုကိုထွေးတို့ ဘဝကို သုညကနေ စခဲ့တာ။ ပြီးတော့ အောင်သမာဓိ ရွှေဆိုင်က ဦးအောင်ဆန်းဝင်းတို့ ဘဝကို သုညကနေ စခဲ့တာ သူတို့ ဦးအောင်ဆန်းဝင်းတို့ ဆိုရင် ကျွန်တော်ဖတ်မိသလောက်ပေါ့နော်။ ကွမ်းယာဆိုင်ကနေပြီးတော့ သူ့ဘဝကို ရုန်းကုန် လှုပ်ရှားခဲ့ရတာ။ ကွမ်းယာသည် အရင်းအနှီး ဘယ်လောက်မှ မရှိဘူး။ သူရှိတဲ့ ပိုက်ဆံလေးနဲ့ပဲ ကွမ်းယာလေးကို လိုက်ပြီးတော့ ရောင်းတယ်။ အထမ်းကွမ်းယာလေး လိုက်ပြီး ရောင်းခဲ့တဲ့ ပုံစံလေးက စခဲ့တာ။ အဲက စတင်ပြီးတော့ တစ်ဖြေးဖြေး လုပ်ငန်းတွေ ချဲ့ထွင်ပြီးတော့ လုပ်ကိုင်သွားတယ်။ အဲကနေ စုတယ်။ ပြီးတော့ သူကောင်းမွန်ရာ လုပ်ငန်းလေးတွေ လိုက်ပြီးတော့ ကြည့်တယ်။ ဘာလုပ်ငန်း ဆက်ပြီးတော့လုပ်သွားလို့ ရမလဲ။ ဘာလုပ်ငန်းတွေက အကျိုးအမြတ်ရှိမလဲ အဲလိုမျိုး လုပ်ငန်းတွေက ပြောင်းပြီးတော့ လုပ်တယ်။

လူတစ်ယောက်ဟာ အရင်းအနှီးမရှိဘူးဆိုရင် ရွှေဆိုင်လုပ်ငန်းကြီးကို စပြီးတော့ လုပ်လို့မရဘူး။ ဘယ်လိုမှ မလွယ်ဘူး။ ဒါပေမယ့် သူလုပ်ခဲ့တဲ့ ပုံစံက ကွမ်းယာဆိုင်လုပ်တယ်။ ကွမ်းယာဆိုင်ကနေပြီးတော့ အရင်းအနှီး စပြီးတော့ စုတယ်။ အရင်းအနှီးရလာတော့ သူရွှေအရိုင်းတုန်းတွေ ဝယ်ပြီးတော့ ဒီမန္တလေးမြို့မှာလာပြီးတော့ ရွှေသန့်စင်လုပ်ပြီးတော့ လာရောင်းတယ်။ အဲလိုမျိုး ရွှေကုန်သည်ပုံစံမျိုးလေး သေးသေးလေး စပြီးတော့ လုပ်ခဲ့တယ်။ ပြီးတော့မှ တဖြေးဖြေး ပိုက်ဆံစုပြီးတော့ ရွှေဆိုင်သေးသေးလေး စပြီးတော့ ဖွင့်တယ်။ အောင်မြင်တော့မှ ရွှေဆိုင်အကြီးကြီး ကူးပြောင်းသွားတယ်။ ပြီးတော့ ရွှေဆိုင်အောင်မြင်တော့ နောက်ထပ်တစ်ဆိုင် ဆက်ပြီးတော့ ဖွင့်တယ်ပေါ့နော်။

အဲတော့ လူတစ်ယောက်ဟာ ကျွန်တော်တို့ ၅၅၀ ဇာတ်နိပါတ်ထဲမှာလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ကြွက်သေတစ်ခုကို အရင်းပြုပြီးတော့ ကြီးပွားချမ်းသာသွားတဲ့ သူဋ္ဌေးပေါ့နော်။ အဲလိုမျိုး ပုံစံမျိုးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာလည်း သာဓကတွေ အများကြီး ရှိပါတယ်။  အဲတော့ သူတို့လို လူတွေကို စံနမူနာ ထားပြီးတော့ ကျွန်တော်တို့ ကြိုးစားမယ်ဆိုရင် လူငယ်တွေကလည်း ဘဝမှာ အရင်းအနှီး အများကြီး မရှိပဲနဲ့ ငါ့ဘဝမှာ အောင်မြင်နိုင်ပါလားဆိုရင် အချက်တွေ စိတ်ဓာတ်တွေ မွေးမြူထား မှသာလျှင် သူ့ဘဝမှာ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။

ဦးနေမင်းသူအနေနဲ့ ကိုယ့်အခုလုပ်နေတဲ့ လုပ်ငန်းပေါ်မှာ အောင်မြင်မှုရနေတဲ့အပေါ် ကျေနပ်မှု ရနေပြီလား ရှေ့ဆက်ပြီးတော့ ဘာတွေ လုပ်သွားဖို့ အစီစဉ် ရှိပါသလဲ ခင်ဗျ။

ကျွန်တော်ဘဝမှာ ခံယူချက်တစ်ခုရှိပါတယ်။ အဲတာက ဘာလဲဆိုတော့ ပြည့်နေတဲ့အိုးက ထပ်ပြီးတော့ ထည့်လို့မရဘူးဆိုတဲ့ ခံယူချက်တစ်ခုရှိတယ်ပေါ့နော်။ ကျွန်တော့်ဘဝမှာ အရာအားလုံးပေါ့နော်။ ကဏ္ဍ အသီးသီးအားလုံးကို ပြည့်နေတယ်လို့ ကျွန်တော်မယူဆပါဘူး။ အမြဲလိုအပ်ချက်ရှိနေတယ်လို့ ယူဆပါတယ်။ အဲတော့ ကျွန်တော့်လုပ်ငန်းတွေလည်း အမြဲထပ်ပြီးတော့ တိုးချဲ့လုပ်ကိုင်သွားလို့ရတယ်လို့ ကျွန်တော်အမြဲတမ်းယုံကြည်ပါတယ်။ အဲတော့ ကျွန်တော် လုပ်ငန်းတွေကိုလည်း ထပ်ပြီးတော့ တိုးချဲ့နေပါတယ်။ ကျွန်တော့်လုပ်ငန်းကိုလည်း တိုးချဲ့တဲ့အပြင် ကျွန်တော်အခု ဘာလုပ်နေလဲဆိုတော့ မြန်မာပြည်မှာ ရှိတဲ့ လူငယ်လေးတွေ အခုမှ စပြီး စီးပွားရေးလုပ်မယ့် လူငယ်လေးတွေ သူတို့လုပ်မယ့် လုပ်ငန်းလေးတွေဟာ အလားအလာ ရှိတယ်။ တိုးတက်ဖို့ရှိတယ်။ သူတို့ကလည်း ဇွဲ၊ လုံးလ တွေရှိကြတယ်ဆိုရင် ကျွန်တော် သူတို့ အလုပ်လုပ်တဲ့ ပုံစံကို ကြိုက်တယ်ဆိုရင် ကျွန်တော် ဘာလုပ်လဲဆိုတော့ သူတို့လုပ်ငန်းတွေမှာ စပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ စပြီးတော့ ပြုလုပ်ပေးနေပါတယ်။ ကျွန်တော် ရင်းနှီးမြုပ်နှံမှု လုပ်ထားတဲ့ လုပ်ငန်း စုစုပေါင်း သုံးခု ရှိသွားပါပြီ။ အဲတော့ ကျွန်တော် ဆက်ပြီးတော့လည်း နောက်တက်လာမယ့် လူငယ်လေးတွေကို ပြုစုပျိုးထောင်ဖို့ အစီစဉ် ရှိပါတယ်။ အဲတော့ လုပ်ငန်းတွေ အမြဲတစေ ချဲ့ထွင်ပြီးတော့ လုပ်ကိုင်နေပါတယ်။

ကျွန်တော်တို့ ဒီအစီစဉ်ကို ကြည့်နေတဲ့ ပရိသတ်တွေအတွက် သူတို့ဘဝမှာ ကြိုးစားနေတဲ့ အချိန်မှာ သူတို့ဘဝအတွက် အားတစ်ခုဖြစ်စေမယ့် အမှတ်တရ စကားလေးတစ်ခု ပြောပြပေးပါ ခင်ဗျ။

အမှတ်တရ စကားအနေနဲ့ ပြောရမယ်ဆိုရင် လူ တော်တော်များများဟာ အခုလောလောဆယ်မှာ ဘယ်လိုမျိုးတွေ ဖြစ်နေလဲဆိုတော့ ရည်ရွယ်ချက် ကင်းမဲ့နေကြတယ်။ ဘဝမှာ သူတို့ ရည်ရွယ်ချက်တွေကင်းမဲ့နေကြတယ်။ သူတို့ဘဝမှာ ဘာတွေဖြစ်ချင်တယ်။ ဘာလုပ်ချင်လဲဆိုတာ သေချာမသိကြဘူး ဖြစ်နေတယ်။

အဲဒီတော့ လူတစ်ယောက်ဟာ ဘဝမှာ ကြီးပွားချင်တယ် တိုးတက်ချင်တယ် အောင်မြင်ချင်တယ်ဆိုရင် သူ့ဘဝမှာ ပထမဆုံး ထားရမှာ ဘာလဲဆိုတော့ ဘဝရည်မှန်းချက်ဆိုတာ ထားရပါတယ်။ ဘယ်လိုမျိုး ထားရမလဲဆိုတော့ ငါနောက်တစ်နှစ်အတွင်းမှာ ဘာဖြစ်အောင် ကြိုးစားမလဲ။ ငါနောက် သုံးနှစ်အတွင်မှာ ဘာဖြစ်အောင် ကြိုးစားမလဲ။ ငါနောက်ငါးနှစ်အတွင်းမှာ ဘာဖြစ်အောင် ကြိုးစားမလဲ။ ငါနောက်ဆယ်နှစ်အတွင်းမှ ဘာဖြစ်အောင် ကြိုးစားမလဲ။ အဲလိုမျိုး ဘဝရည်မှန်းချက်တွေကို စီမံကိန်းချ ကြိုးစား အားထုတ်မှ သာလျှင် သူတို့ရဲ့ ဘဝက အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ဘဝက ကြီးပွားတိုးတက်မှာ    ဖြစ်ပါတယ်။ အဲတော့ အဲလိုမျိုးဘဝရည်မှန်းချက်တွေ ချထားပြီးတော့ ကြိုးစားမှသာလျှင် ကျွန်တော်တို့ လူငယ် အနာဂတ်တွေဟာပိုမိုကောင်းမွန်ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံး စီးပွားရေးရော ကဏ္ဍအသီးသီးပေါ့ ကျန်းမာရေးရော လူမှုရေးကော ကဏ္ဍအသီးသီးကနေ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ အဲတော့ လူငယ်တွေကို မလျော့တဲ့ ဇွဲနဲ့ ကြိုးစားကြပါလို့  အကြံပြုတိုက်တွန်းချင်ပါတယ်။

Mizzima Weekly