သံသရာတကွေ့ တွေ့ကြရာဝယ်

သံသရာတကွေ့ တွေ့ကြရာဝယ်

ဒုတိယကမ္ဘာစစ်အတွင်းက ကွဲသွားသည့် ချစ်သူနှစ်ဦး သြစတြေးလျတွင် ပြန်လည်ပေါင်းစည်း

ဆစ်ဒနီ၊ ဖေဖော်ဝါရီ - ၁၁ ။          ။ ရေစက်မကုန်သေးတော့ သံသရာတစ်ကွေ့မှာ ပြန်လည်ဆုံတွေ့ကြတဲ့ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ နှစ်ပေါင်း ၇၀ကျော်ကြာ ကွဲကွာသွားခဲ့ပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုက ၉၃နှစ်အရွယ် ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီးဟာ ဗုဒ္ဓဟူးနေ့က စစ်အတွင်းတုန်းက ရည်းစားနဲ့ သြစတြေးလျမှာ ပြန်လည်ဆုံတွေ့ ပွေ့ဖက်နိုင်ခဲ့ကြပါတယ်။

ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ချစ်သူနဲ့ ပြန်လည်ဆက်သွယ်နိုင်ဖို့ ဗာဂျီးနီးယားကနေ သြစတြေးလျတောင်ပိုင်း မြို့ကလေးဖြစ်တဲ့ အဒဲလဒီကို အရေးတကြီးပျံသန်း ရောက်ရှိလာပြီးနောက် မှာနောဝု သောမတ်စ်ဟာ ၈၈နှစ်အရွယ် ဂျွိုက် မောရစ်နဲ့ လက်ချင်းချိတ် ရယ်မောနိုင်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။

‘ဖြစ်တောင့်ဖြစ်ခဲ အံ့သြစရာအကောင်းဆုံးအရာတစ်ခု ဖြစ်လာခဲ့တာပါပဲ’လို့ သောမတ်စ်က ပြန်လည်ပေါင်းစည်းမှုကို ထုတ်လွှွင့်တင်ဆက်နေတဲ့ ချဲနယ်၁၀ရဲ့ The Project အစီအစဉ်မှာ ပြောကြား ခဲ့ပါတယ်။

‘ကောင်းတာပေါ့။ ကျမတို့ အံ့သြစရာ ရက်သတ္တနှစ်ပတ်ကို အတူတူ ကုန်ဆုံးကြမယ်’လို့ မောရစ်က အရယ်တစ်ဝက်နဲ့ ပြောပါတယ်။  

ဒီဒေးမတိုင်ခင်လေး လန်ဒန်မှာ သူတို့တွေ့ကြတော့ မောရစ်က ၁၇နှစ်အရွယ် လှသွေးကြွယ်နေတဲ့ ဗြိတိသျှသမီးပျိုကလေးဖြစ်ပြီး၊ သောမတ်ကတော့ လူချောလူလှ ၂၁နှစ်သား လေထီးတပ်သား ကလေးပဲ ဖြစ်ပါတယ်။ စစ်ကြီးပြီးတော့ သောမတ်က အမေရိကန်ကို ပြန်လာလို့၊ နှစ်ယောက်သား ချစ်သဝဏ်လွှာတွေ အပြန်အလှန်ပါးခဲ့ကြကာ၊ သောမတ်က မောရစ်ကို အမေရိကန်လာပြီး သူ့ကိုလက်ထပ်ဖို့ ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မောရစ်က သောမတ်တစ်ယောက် အသစ်တွေ့နေပြီလို့ ယူဆပြီး စာတွေ ဆက်ပြီး ရေးမပို့တော့ပါဘူး။

နောက်တော့လည်း အသီးသီးအသက အိမ်ထောင်ရက်သားတွေကျကုန်ကြလို့ ၂၀၀၁ခုနှစ်မှာ သောမတ်ရဲ့ ဇနီး သေဆုံးသွားခဲ့သလို၊ မောရစ်တစ်ယောက်လည်း လက်ထပ်ပြီး နှစ်ပေါင်း ၃၀အကြာမှာ ခင်ပွန်းသည်နဲ့ လမ်းခွဲခဲ့ပါတယ်။

မနှစ်ကတော့ မောရစ်က သူ့သားတစ်ယောက်ကို သောမတ်ကိုများ တွေ့လေမလားလို့ အွန်လိုင်းမှာ ရှာကြည့်ခိုင်းတဲ့အခါ The Virginian-Pilot သတင်းစာထဲက D-Day အကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ သောမတ်ရဲ့အမည်ပါလာတာကို တွေ့လိုက်ရပါတယ်။

အဲဒီနောက်တော့ သောမတ်နဲ့ မောရစ်တို့ဟာ Skype မှာ ပြန်လည်ဆက်သွယ်မိကြပါတယ်။ သူတို့ဇာတ်လမ်းက လူသိရှင်ကြားဖြစ်သွားတဲ့အခါမှာ ရာပေါင်းများစွာသောလူတွေက သောမတ် သြစတြေးလျသွားနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းထောက်ပံ့လာခဲ့ကြပါတယ်။

အခုတော့ သူတို့နှစ်ယောက်ဟာ ချစ်သူများနေ့ကို အတူတကွ နေထိုင်ဖြတ်သန်းဖို့ အသင့်ရှိနေကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly