ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း

မည်သည့်နိုင်ငံတွင်မဆို တိုင်းပြည်စီမံအုပ်ချုပ်မှု ပုံစံများ ရှိကြသည်။ အများစုကမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး စီမံအုပ်ချုပ်ကြ သည်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသည်ဟူ၍ပင် ပြောလို့ ရနိုင်ပါသည်။

နိုင်ငံတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသည့်အချက်မှာ တူညီကြသော်ငြားလည်း ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး ကြိုးပမ်းမှု သမိုင်းများကမူ မတူကြပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ကြိုးစားစဉ်ကတည်းက အခြေအနေများသည်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါ။

တစ်ခါ အတည်ပြု ကျင့်သုံးလက်စ အခြေခံဥပဒေမှာ အခြေအနေနှင့် အချိန်အခါအရ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း များ ပြုလုပ်ကြရ သည့် အချက်များတွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပါ။ ပြင်ဆင်ရမည့်အချက်များ မတူကြ သလို ပြင်ဆင်ရန်ကြိုးပမ်းကြရ သည့် ကြိုးပမ်းမှုပုံစံများကလည်း မတူကြပါ။

မိမိတို့နိုင်ငံသည် ယခုအခါ မည်သူက မည်ကဲ့သို့ပင်ပြောပြော ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကာလဟု ဆိုရပါလိမ့်မည်။ မနေ့တနေ့ကပင် လွှတ်တော်ကြီးက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဥပဒေပုဒ်မ အတော်များများ ကို မပြင်ဆင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ သို့သော် ဆက်လက်ရှင်သန်နေသည့် စိန်ခေါ်ချက်မှာ ယခုမပြင်လည်း နောင်တွင် မလွဲမသွေ ပြင်ကြရမည့် သဘော ရှိနေသည်။ ပြင်ရန်အချိန်မှာ အကန့်အသတ်သဘောသာ ဖြစ်သည်။

ထို့ကြောင့် ရှင်းလင်းသည့် အဖြေမှာ မိမိတို့သည် နောင်တစ်ချိန်တွင် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေ ပြင်ဆင်ကြရ မည်သာ ဖြစ်သည်ဆိုသည့်အဖြေပင် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် လွယ်ကူတာရှိသလို မလွဲကူတာလည်း ရှိပါသည်။ အချို့နိုင်ငံများတွင် ပြင်ဆင်ရန် လွယ် ကူပြီး အချို့နိုင်ငံများတွင်မူ မလွယ်ကူပါ။ အထူးသဖြင့် ဒီမိုကရေစီ ကျင့်သုံးသည့် နိုင်ငံတိုင်း လိုလိုတွင် ပြင်ဆင်ရန် လွယ်ကူပြီး အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရန် ကြိုးစားသည့် သို့မဟုတ် ဒီမိုကရေစီ မရင့်ကျက်သေးသည့် နိုင်ငံများ တွင်မူ ပြင် ဆင်ရန် ခက်ခဲပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ကြိုးပမ်းသည့်အခါ အချို့နိုင်ငံများတွင် အချိန်ကြာမြင့်စွာ နာကျင်မှုဖြင့် ပြင်ဆင် ကြရပြီး အချို့ တိုင်းပြည်များတွင်မူ ပျော်ရွှင်စွာ ပိုမိုစည်းလုံးညီညွတ်စေမှုဖြင့် အောင်မြင်သွားသည်ကိုလည်း တွေ့ကြရပါသည်။

ဥပမာ တောင်အာဖရိကနိုင်ငံ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား အစရှိသောနိုင်ငံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် အချိန်အများကြီး၊ အရင်းအနှီးနှင့် သွေးထွက်သံယို ဖြစ်သည်အထိ ဖြတ်သန်းကြရ ယူခဲ့ကြရပါသည်။ ဥရောပနိုင်ငံ အချို့တွင်မူ အနာအကျင်ကင်းစွာ ပြောင်းလဲလို့ ရတတ်ကြပါသည်။

ယခုအခါ မိမိတို့တိုင်းပြည်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းမှာ ကမ္ဘာသိဖြစ်လာ ပါသည်။ ယင်း အကျပ်အတည်း ကို နိုင်ငံ့ခေါင်းဆောင်များသည် အခြားတပါးသော တိုင်းပြည် ခေါင်းဆောင်များထံမှလည်းကောင်း၊ အခြားတစ်ပါးသောတိုင်းပြည် များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအတွေ့အကြုံများထံမှလည်းကောင်း မလွဲမသွေ သင်ခန်းစာယူရန် သင်ယူရန် အမှန်ပင် လိုအပ်သည်။

တိုင်းပြည်တစ်ပြည် ကောင်းစားဖို့ဆိုလျှင် မည်သည့်ဘက်မှမဆို ပေးဆပ်ကြရသည်တော့ ရှိပါသည်။ မိမိတို့ တိုင်းပြည် လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် အသက်သွေးချွေး ပေးခဲ့ရပြီး နယ်ချဲ့အင်္ဂလိပ် တို့သည်လည်း သူတို့၏ လက်ရှိအကျိုးစီးပွားများကို ဖဲ့ချလိုက် ကြရသည့်သဘော ဖြစ်ပါသည်။

ထို့ကြောင့် မည်သည့်ဘက်မှ မနာစေရဘဲ မည်သည့်ဘက်မှ မသာစေရဘဲ နှစ်ဘက်စလုံးအတွက် အာမခံချက်ရှိသောနည်းဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းကြရန် လိုအပ်ပါသည်။

တစ်ဘက်သတ် အကျိုးစီးပွားဖြစ်ထွန်းရေး ဆိုသည့်ခေတ် ကုန်ပါပြီ။  တစ်ဘက်သတ် အကျိုးစီးပွားဖြစ်ထွန်းရေး နည်းနာများသည် လည်း ခေတ်မရှိတော့ပါ။ ထို့ကြောင့်  မိမိတို့ တိုင်းပြည်ကို ခေါင်းဆောင်ခွင့် ရရှိနေသူများ အားလုံးက မိမိတို့ တိုင်းပြည်၏ ဖွဲ့စည်း ပုံအခြေခံဥပဒေ အကျပ် အတည်းကို နှစ်ဘက်စလုံး အကျိုးရှိသည့် အခြေခံအပေါ်တွင် ရပ်တည်လျက် မှန်ကန်စွာ ကိုင်တွယ် ဖြေ ရှင်းနိုင်ကြပါစေကြောင်း တင်ပြလိုက်ရပါသည်။

Mizzima Weekly

Tags