၅နှစ်အတွင်း အပျော်ရွှင်ဆုံးနိုင်ငံဖြစ်လိုသည့် ယူအေအီး၊ ကဗျာဆရာဝန်ကြီးချုပ်က ပျော်ရွှင်မှုရေးရာဝန်ကြီးခန့်အပ်

၅နှစ်အတွင်း အပျော်ရွှင်ဆုံးနိုင်ငံဖြစ်လိုသည့် ယူအေအီး၊ ကဗျာဆရာဝန်ကြီးချုပ်က ပျော်ရွှင်မှုရေးရာဝန်ကြီးခန့်အပ်

ဒူဘိုင်း၊ ဖေဖော်ဝါရီ - ၁၁ ။             ။ ယူအေအီးကို ၅နှစ်အတွင်း ကမ္ဘာပေါ်တွင် အကောင်းဆုံးနိုင်ငံအဖြစ် ဖန်တီးလိုသည်ဟု ကြေညာထားသည့် ကဗျာဆရာတစ်ဦးလည်းဖြစ်သည့် ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၀ ရက်က ပြန်လည်ဖွဲ့စည်းလိုက်သည့် အစိုးရသစ်တွင် ပျော်ရွှင်မှုရေးရာ ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လိုက်သည်။

၁၉၈၅ ခုနှစ်တွင် Emirates လေကြောင်းလိုင်းကို စတင်ထူထောင်ခဲ့သည့် ဗြိတိန်ပညာတတ် စီးပွားရေးလုပ်ငန်းရှင်နှင့် နည်းပညာကျွမ်းကျင်သူဖြစ်သည့် ရှိတ် မိုဟမ္မတ် ဘင် ရာရှစ်မှာ ၂၀၀၆ခုနှစ်တွင် ကမ္ဘာ့ဆဌမမြောက် အချမ်းသာဆုံးနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ၎င်း၏ အစိုးရအဖွဲ့သစ်တွင် အမျိုးသမီး ၅ဦး ပါဝင်နေသည်။

၎င်းတို့အထဲတွင် ယခုလက်ရှိ ဝန်ကြီးချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် အိုဟု အယ်လ် ရူမီလည်း ပါဝင်နေသည်။ ရူမီမှာ ပျော်ရွှင်မှုရေးရာ ဝန်ကြီး ရာထူးတာဝန်အသစ် ကိုလည်း ထမ်းဆောင်ရမည်ဖြစ်သည်။ ယခင်က စီးပွားရေးပေါ်လစီ အကြီးအကဲဟောင်းတစ်ယောက်ဖြစ်ခဲ့သည့် ရူမီမှာ လက်ရှိတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ရမည်ဖြစ်သည်။

‘အယ်လ် ရူမီဟာ လူမှုရေး ကျေနပ်နှစ်သိမ့်မှုတွေကို ဖန်တီးပေးဖို့အတွက် အစိုးရပေါ်လစီကို ထိန်းညှိမောင်းနှင်ရမှာပါ။ ယူအေအီးမှာ ပျော်ရွှင်မှုက မျှော်လင့်ချက်သက်သက် မဟုတ်ပါဘူး။ စီမံကိန်းတွေ၊ ပရိုဂျက်တွေ၊ ပရိုဂရမ်တွေနဲ့ အညွှန်းကိန်းတွေ ရှိမှာပါ’ဟု ရှိက်မိုဟာမက်က ပြောကြားခဲ့သည်။  

မိုဟမ္မတ်က ယူအေအီးတွင် ပျော်ရွှင်မှုမှာ နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ရစေ့မည်ဟု ကတိပြုခဲ့ပြီး၊ ဝန်ကြီးချုပ်ရုံးဝဘ်ဆိုက်ပေါ် သူရေးသားလွှင့်တင်ခဲ့သည့် ကဗျာများတွင်လည်း ပျော်ရွှင်မှုသာ လျှက် အကြောင်းအရာဖြစ်နေခဲ့သည်။ လတ်တလောရေးသားထားသည့် ‘အပျော်ရွှင်ဆုံးနိုင်ငံ (Happiest Nation)’ကို ဘာသာပြန် ဖော်ပြလိုက်ပါသည်။

Our people are happy and in their prime,
Since the days of Zayed till the end of time.
Blessed with honor and dignity they thrive,
Admonished by none, they lead a joyous revive.
While some struggle with obstacles and strain,
Our people are sheltered from agony and pain.
Their children wrapped in peace, they do not fear,
For their wishes and desires, they need not shed a tear.
They live in justice, their dreams fulfilled,
Not chasing illusions, their visions instilled.

 ‘အပျာ်အရွှင်ဆုံးနိုင်ငံ’
ဒို့ပြည်သူတွေ ပျော်ရွှင်ကြ အကောင်းဆုံးအချိန်ပ
ဇာယစ်နေ့တို့ ထာဝရ ကပ်ဆုံးကမ္ဘာတိုင်လှ။
ဂုဏ်အသရေတင့် ကောင်းချီးလှိုင် ဖွံ့ဖြိုးဝေစည်ခိုင်
ဆုံးမပဲ့ပြင်မလိုသေး၊ ငြိမ်းချမ်းပျော်ရွှင် ဘဝလေး။
တချို့တွေမှာ သောကဖြာ ရုန်းကန်နေရရှာ
ဒို့ပြည်သူ ကြည်ဖြူအေး သောကအနာ ကင်းဝေး။
ဒို့ကလေးငယ်တွေ ငြိမ်းချမ်းစွာ အကြောက်ကင်းမဲ့တာ
လိုတိုင်းတ အစဉ်ပြည့်၀ မျက်ရည်မကျရ။
တရားမျှတ သူတို့နေ အိပ်မက်တွေ ပြည့်ဝေ
သူတို့အမြင်တွေ မမှောက်မှား ကြည်စင်ခိုင်စိတ်ထား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly