အိန္ဒိယမြို့တစ်မြို့တွင် ဆင်ရိုင်းတစ်ကောင်ဝင်ရောက်သောင်းကျန်း အဆောက်အဦ ၁၀၀ ခန့်ပျက်စီး

အိန္ဒိယမြို့တစ်မြို့တွင် ဆင်ရိုင်းတစ်ကောင်ဝင်ရောက်သောင်းကျန်း အဆောက်အဦ ၁၀၀ ခန့်ပျက်စီး

ကိုလ်ကတ္တား၊ ဖေဖော်ဝါရီ ၁၁ ။              ။ ဖေဖော်ဝါရီ ၁၀က အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြို့တစ်မြို့တွင် တောဆင်ရိုင်းတစ်ကောင် တစ်နာရီကြာ ဝင်ရောက်သောင်းကျန်းမှုကြောင့် အိမ်များ၊ ဆိုင်များနှင့် အခြားအဆောက်အဦ ၁၀၀ ခန့်ပျက်စီးခဲ့သည်ဟု ပြည်နယ်ဝန်ကြီးတစ်ဦးက ပြောကြားသည်။

ဓါတ်ပုံများတွင် ဖော်ပြထားချက်အရ တောင်ဆင်ရိုင်းသည် ကိုလ်ကတ္တားမြို့ မြောက်ဘက် ၅၇၇ကီလိုမီတာအကွာ ဆီလီဂူရီမြို့တစ်ဝိုက် ဟိုဟိုဒီဒီသွားလာရင်း အဆောက်အဦးများကို ဝင်တိုးရာ လူများမှာ ထွက်ပြေးခဲ့ရသည်။ "ဆင်က အနီးရှိတောထဲက ဆင်အုပ်နဲ့ကွဲလာပြီး လမ်းပျောက်သွားတာပါ။ ဆင်ကြောင့် မြို့လူကတွေ ငါးနာရီလောက် အထိတ်တလန့် ဖြစ်သွားတယ်"ဟု အနောက်ဘင်္ဂလားပြည်နယ် သစ်တောဝန်ကြီး ဘီနေခရစ်ရှ်နားဘားမန်က အေအက်ဖ်ပီသို့ ဖုန်းဖြင့်ပြောသည်။

ဆင်ကို မောင်းထုတ်ရန် လူများက ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီးနောက် သစ်တောအရာရှိများ ရောက်ရှိလာကာ ထိန်းချုပ်နိုင်ရေးအတွက် ဆင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခဲ့သည်။ ဆင်ကို ဆီလီဂူရီမြို့၏ အစပ် ဆပ်ကနာသစ်တောထဲသို့ ပို့ဆောင်လိုက်ပြီဟု ဝန်ကြီးက ပြောသည်။

ဆီလီဂူရီသည် အပမ်းဖြေတောင်ပေါ်စခန်း ဒါဂျီလင်မြို့၏ ဝင်ပေါက်ထွက်ပေါက်ဖြစ်ပြီး ဆင်များစွာလည်းရှိသည်။ ဆင်အချို့မှာ သစ်တောများဘေး ရထားလမ်းကို ဖြတ်ကူးရင်း ရထားတိုက်ကာ သေဆုံးသည်။

ဆင်များ၏ ကျက်စားရာပျက်စီးခြင်းက အိန္ဒိယ၏ကျေးလက်တွင် လူနှင့်ဆင်ထိပ်တိုက်တွေ့ခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု တောရိုင်းသတ္တဝါကျွမ်းကျင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly