နိုင်ဂျီးရီးယားတွင် ဒုက္ခသည်စခန်းအတွင်း အမျိုးသမီးနှစ်ဦး အသေခံဗုံးခွဲ၍ လူ ၆၀ ကျော်သေဆုံး

နိုင်ဂျီးရီးယားတွင် ဒုက္ခသည်စခန်းအတွင်း အမျိုးသမီးနှစ်ဦး အသေခံဗုံးခွဲ၍ လူ ၆၀ ကျော်သေဆုံး

မေဒူဂူရီ၊ ဖေဖော်ဝါရီ ၁၁ ။                ။ နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း ဒီကဝါမြို့တွင် ဂျီဟတ်ဝါဒီ ဘိုကိုဟာရမ် စစ်သွေးကြွများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်စခန်း တစ်ခုအတွင်း အမျိုးသမီးနှစ်ဦး အသေခံဗုံးခွဲခြင်းကြောင့် လူပေါင်း ၆၀ ထက်မနည်းသေဆုံးကြောင်း စစ်တပ်နှင့် အရေးပေါ်ဌာနတာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားသည်။

ခုနစ်နှစ်ကြာ ထကြွပုန်ကန်မှုများ၏ အချက်အခြာဖြစ်သော ဘော်နိုပြည်နယ် မြို့တော် မေဒူဂူရီအပြင်ဖက် မိုင်ငါးဆယ်အကွာခန့်တွင် ယင်းတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

နေရပ်ပြောင်းရွှေ့လာသူများကို ထားရှိသည့် တဲစခန်းအတွင်းသို့ အမျိုးသမီးနှစ်ဦး ဝင်ရောက်လာပြီး လူအုပ်အလယ်တွင် ၎င်းတို့ကိုကို ဗုံးဖောက်ခွဲခင်းဖြစ်ကြောင်း အရေးပေါ်တာဝန်ရှိသူများနှင့် စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူပေါင်း ၇၈ ဦးရှိကြောင်း နိုင်ငံတော်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ ဥက္ကဌဖြစ်သူက ဆိုသည်။ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ကျုးလွန်ကြောင်း ကြေညာခြင်းမရှိသေးသော်လည်း အမျိုးသမီးများနှင့် တစ်ခါတစ်ရံကလေးငယ်များကိုပါ အသုံးပြုပြီး အသေခံဗုံးခွဲမှုများ ဆောင်ရွက်တတ်သည့် ဘိုကိုဟာရမ်တို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ထင်ကြေးများ ရှိထားသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း မေဒူဂူရီမြို့တော်အတွင်း ယင်းအုပ်စု၏ တိုက်ခိုက်မှုကြောင့် လူပေါင်း အနည်းဆုံး ၆၅ ဦးအထိ သေဆုံးခဲ့ရသည်။ အစိုးရ၏ ထိုးစစ်များကြောင့် နယ်မြေများ ဆုံးရှုံးခဲ့ရသည့် ဘိုကိုဟာရမ်တို့က ရွာများကို ဝင်တိုက်ဆုတ်ခွာခြင်းနှင့် လူစည်ကားရာ ဈေးနှင့် အလုပ်ရုံများသို့ အသေခံဗုံးခွဲမှုများဖြင့် တိုက်ခိုက်ခြင်းများကို ဆင်နွှဲလာလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly