အရည်အသွေးမြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူများကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

အရည်အသွေးမြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြည်သူများကို ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက်၊ ဇွန် ၂၇ ။      ။ အရည်အသွေးမြင့် ဒီမိုကရေစီစနစ်တစ်ရပ်ပေါ်ပေါက်လာရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ကြရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်သူများကို တိုက်တွန်းလိုက်သည်။ သို့သော်လည်း ယင်းကဲ့သို့လူ့အဖွဲ့ အစည်းမျိုး ပေါ်ထွက်လာရန်မှာ ဆယ်စုနှစ်များစွာ ကြာနိုင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် အဆင့်သုံးဆင့်ပါ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အနက် ပထမအဆင့် နှစ်ခုကို အကောင်းဆုံးဆောင် ရွက်နေကြောင်း ၎င်း၏ အပတ်စဉ်ထုတ်လွှင့်သည့် Returning Happiness to Thai People မှ ဗိုလ်ချုပ်ကြီးပရာယွတ်က ထပ်မံပြောကြားခဲ့သည်။

"တတိယအဆင့် အပြီးသတ်နိုင်ဖို့ကတော့ အစိုးရနှစ်ဆက်၊ သုံးဆက်လောက်အထိ ကြာသွားနိုင်ပါတယ်။ အချို့ပြသနာတွေ ကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်ဖြေရှင်းဖို့ ၁၀ နှစ်ကနေ အနှစ် ၂၀ အထိအချိန်လိုအပ်ပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုအခါ အမှန်တကယ်ပြုပြင်ပြောင်းလဲရေးလုပ်သည့်အချိန် ပြည်သူများအနေဖြင့်  ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်ဟု ၎င်းကဆိုသည်။
 

"ကျွန်တော် ဒီမိုကရေစီကို အရေးမပါသလိုမျိုး ဘယ်တုံးကမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပြည်သူတွေကို ပိုပြီးပျော်ရွှင်ခွင့်ရစေမဲ့ စဉ်ဆက်မပြတ် ခိုင်မာနေတဲ့ ဒီမိုကရေစီစနစ်တစ်ခုလိုပါတယ်။ အဲဒီလိုစနစ်ဖွံ့ဖြိုးလာဖို့ အချိန်လိုပါလိမ့်မယ်"ဟု ပရာယွတ် က ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခြင်းမှာ ယခုသီတင်းပတ်တွင် ၂၀၁၄ခုနှစ်က အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ကျောင်းသားများ၏ ဆန့်ကျင်ကန့်ကွက်မှုကို သွယ်ဝိုက်ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။ ယခုအချိန်များမှာ နိုင်ငံတွင်း အုပ်ချုပ်မှု၊ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် အချိန်များဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

"အခုအချိန်က ပါတီအဖွဲ့အစည်းတွေ တစ်ဦးကိုတစ်ဦး ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခဖြစ်နေရမဲ့ အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ အတိတ်က ပြသနာတွေကို ကိုင်တွယ်နေပါတယ်။ အဲဒီပြသနာတွေသာ ကျွန်တော်တို့ ကိုင်တွယ်ခွင့် မရခဲ့ရင် ဒီပြသနာတွေက နောက်တစ်ကြိမ်ပေါ်လာဦးမှာပဲ။ အခု ကျွန်တော်တို့ အရည်အသွေးကို အခြေခံတဲ့ ဒီမိုကရေစီစနစ်တစ်ရပ်ကို တည်ဆောက်နေပါတယ်" ဟု ပရာယွတ်က ပြောသည်။

ယခုသီတင်းပတ် ကျောင်းသားလှုပ်ရှားတက်ကြွသူများ၏ ဆန္ဒပြမှုများ၏ နောက်ကွယ်တွင် နိုင်ငံရေးအကျိုးစီးပွားများရှိနေသည်ဟု ပရာယွတ်နှင့် စစ်တပ်အကြီးအကဲ အူဒွမ်ဒေ့ဆီတာဘွတ်အာတို့က ပြောကြားခဲ့သည်။ လှုပ်ရှားတက်ကြွသူများအနက် ၁၄ ဦးကို ဇွန် ၂၆ညနေက ဖမ်းဆီးခဲ့သည်။ တက်ကြွသူများက ပရာယွတ်တို့၏ ပြောကြားချက်များမှာ မှန်ကန်မှုမရှိဟု ငြင်းဆိုခဲ့ကြသည်။

အစိုးရ၏ ကြိုးစားဆောင်ရွက်မှုကို ပိတ်ဆို့ရန် ပြည်သူများကို အသုံးချခြင်းက ပြည်သူများကို ဆက်လက်ဆင်းရဲစေသည့် ထောင်ချောက်တွင် ပိတ်မိနိုင်ပြီး ယင်းသို့ဖြစ်ခြင်းမှာ နိုင်ငံမှာ တိုးတက်မှုမရှိသေးဟုလည်း ပရာယွတ်က ဆိုသည်။ ပြည်သူများ ပိုမိုဝင်ငွေရရှိရေး ဘန်ကောက်ပြင်ပတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်စေချင်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly