နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြံုရှိသည့်သူများကို ဦးစားပေးရွေးချယ်ခဲ့ဟု ဖရိုင်းဒရစ်ဆို

နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြံုရှိသည့်သူများကို ဦးစားပေးရွေးချယ်ခဲ့ဟု ဖရိုင်းဒရစ်ဆို
မြန်မာလက်ရွေးစင်အသင်းလေ့ကျင့်ခန်းဆင်းနေစဉ် (ဓါတ်ပုံ- MFF)

ဖေဖော်ဝါရီ ၁၀ ၊ ရန်ကုန်။            ။ လာမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ထုတ်ပြန်လိုက်သည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရှိသည့်သူများကို ဦးစားပေးရွေးချယ်ခဲ့သည် ဟု လက်ရွေးသင်နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ဆိုသည်။

အဆိုပါလူစာရင်းတွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၌ နေရာမရသည့် လူငယ်ကစားသမားအများအပြားပါဝင်နေခြင်းကို မြန်မာဘောလုံးပရိသတ်များက ဝေဖန်နေကြသည်။

ယင်းနှင့်ပတ်သက်၍ “အဓိက, ကတော့ ဒီလူစာရင်းက ခြေစွမ်းနဲ့ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံကို ဦးစားပေးရွေးထားတာပါ။ ယူ-၂၀ က ကစားသမားတွေများတယ် ဆိုတာကလည်း သူတို့က နိုင်ငံတကာအတွေ့အကြုံကောင်းတွေ အများအပြားရှိထားလို့ပါ။

တစ်ချို့ကစားသမားတွေက ကလပ်အသင်းမှာ နေရာမရပေမယ့် သူတို့နဲ့ လက်တွဲဖူးတော့ ခြေစွမ်းကို ယုံကြည်လို့ အခုလိုရွေးချယ်တာပါ။ ဂိုးသမား သီဟစည်သူကို မရွေးပဲ မျိုးမင်းလတ်ကို ရွေးတာကတော့ ဂိုးနည်းပြရဲ့ ရွေးချယ်မှုပါ ” ဟု ဖရိုင်းဒရစ်က ပြန်လည်ဖြေရှင်းခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ လက်ရှိ ကစားသမား ၂၉ ဦး စာရင်းတွင် ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၀ အသင်းမှ ကစားသမား ကိုးဦးအထိ ပါဝင်ခဲ့ပြီး ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြနေသည့် အောင်မိုး၊ သီဟစည်သူ အစရှိသူတို့ ပါဝင်ခြင်းမရှိပဲ ဒဏ်ရာကြောင့်ကာလရှည်ကြာနားနေရသည့် ငြိမ်းချမ်းအောင်မှာမူ ပါဝင်လာခဲ့သည်။

မြန်မာအသင်းသည်  မတ်၂၃ တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံတွင် ခြေစမ်းကစားမည် ဖြစ်ပြီး မတ် ၂၉ တွင် လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly