နိုင်ငံ့စွမ်းဆောင်ရည်ဆုအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သမ္မတဦးသိန်းစိန် ပေးအပ်

နိုင်ငံ့စွမ်းဆောင်ရည်ဆုအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သမ္မတဦးသိန်းစိန် ပေးအပ်
ဓာတ်ပုံ- သက်ကို/မဇ္ဈိမ
 

နေပြည်တော်(ဖေဖော်ဝါရီ ၉)။ ။ သမ္မတသက်တမ်းကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် ဦးသိန်းစိန်က သူ့သက်တမ်းတွင် နောက်ဆုံးပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆုများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည်။

စွမ်းဆောင်ရည်ဆု ၃၃ဆုအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ဝင်(၉)ဦးအား "နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များကို ကိုယ်ကျိုးစွန့်၍ ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့" ဟုဆိုကာ နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရတပ်မတော်ကို နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြင့်ရသည့် အကြောင်းရင်းမှာ "နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတဲ့ဖြစ်စဉ်အပါအဝင်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့ရဲ့ အသက်အိုးအိမ် ထိပါးနှောက်ယှက်လာတဲ့ ဖြစ်စဉ်ဖြစ်ရပ်များမှာ အသက်ခန္ဓာသွေးချွေးပေးဆပ်မှုများဖြင့် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်" ဟု ဖုန်ကြားရှင်အဖွဲ့နှင့်ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများကိုရည်ညွှန်းကာ အခမ်းအနားတွင် ကြေငြာခဲ့သည်။

ထို့ပြင် "၂၀၁၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တာရာယ်များကြောင့် ရေကြီးရေလျှံပြီး မြေပြိုမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်း လူအင်အား၊ စက်ယန္တယားအင်အား၊ ရေယာဉ်၊ လေယာဉ်များဖြင့် ကယ်တင်ရွှေ့ပြောင်းပြီး ကူညီစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ အင်တိုက်အားတိုက် အချိန်နှင့်တပြေးညီ ဆောင်ရွက်ခဲ့ပါတယ်" ဟုလည်း ဆိုသည်။

သမ္မတဦးသိန်းစိန် ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် စသူတို့ ပါဝင်သည်။

သမ္မတဦးသိန်းစိန်ပေးအပ်သည့် နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြင့်ပွဲအခမ်းအနားကို နေပြည်တော်၊ MICC-2ရှိ ညီလာခံခန်းမတွင် ဖေဖော်ဝါရီ ၉ရက်၊ ညနေပိုင်းက ကျင်းပပြလုပ်ကာ ဆုများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများတွင် ပရဟိတသမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို ပေးအပ်ခြင်းမရှိဘဲ လက်ရှိ ပြည်ထောင်စုအစိုးရဝန်ကြီး၊ ဒုဝန်ကြီးများနှင့် အငြိမ်းစားဝန်ကြီးများကိုသာ အများစု ပေးအပ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ဆုများတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သည့်အဖွဲ့ကို ဆုအမျိုးအစားအဖြစ် "ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့" အဖြစ် လည်းကောင်း၊ အငြိမ်းစားဝန်ကြီး ဦးခင်ရီဦးဆောင်သည့်အဖွဲ့ကို ဆုအမျိုးအစားအဖြစ် "ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံရန် ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့" အဖြစ် လည်းကောင်း၊ ဝန်ကြီး ဦးခင်မောင်စိုးဦးဆောင်သည့်အဖွဲ့အား "လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့" အဖြစ် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးဦးဆောင်သည့်အဖွဲ့အား "ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့"အဖြစ် လည်းကောင်း၊ ဝန်ကြီး ဦးရဲထွဋ်ဦးဆောင်သည့် အဖွဲ့အား "မြန်မာ့အသံ၊ ရုပ်မြင်သံကြား၊ သတင်းစာ အသွင်ပြောင်းလဲရန် ကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့အဖြစ် လည်းကောင်း စသဖြင့် အသီးသီး ပေးအပ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly