အိန္ဒိယတောင်ပိုင်းတွင် ဥက္ကာခဲထိမှန်၍ လူတစ်ဦးသေဆုံးခဲ့ လူ့သမိုင်းတွင် ပထမဆုံးဖြစ်ရပ်ဟု ဆို

အိန္ဒိယတောင်ပိုင်းတွင် ဥက္ကာခဲထိမှန်၍ လူတစ်ဦးသေဆုံးခဲ့ လူ့သမိုင်းတွင် ပထမဆုံးဖြစ်ရပ်ဟု ဆို

ချင်နိုင်း၊ အိန္ဒိယ၊ ဖေဖော်ဝါရီ - ၉ ။              ။ ဘတ်စကားယာဉ်မောင်းတစ်ဦး သေဆုံးစေခဲ့ပြီး၊ အခြား ၃ ဦးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် ကောင်းကင်မှ ကျဆင်းလာသည့် အရာဝတ္ထုမှာ ဥက္ကာပျံ တစ်ခုဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်ရာ အကယ်၍ မှန်ကန်ခဲ့ပါက မှတ်တမ်းရှိဖူးသမျှ သမိုင်းတလျှောက်တွင် ပထမဆုံး ဥက္ကာပျံကြောင့် သေဆုံးမှု ဖြစ်လာမည်ဖြစ်သည်။

အိန္ဒိယအနောက်တောင်ပိုင်း တမီနာဒူးပြည်နယ်တွင် ဖေဖော်ဝါရီ ၆ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွက် အခြားသော အကြောင်းအချက်များလည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် သူများက ပြောကြားသည်။

ထိုအရာဝတ္ထု ကျဆင်းလာသည့် အရှိန်ကြောင့် မြေကြီးထဲတွင် ၅ပေနက်သည့် ချိုင့်တစ်ခု ဖြစ်ပေါ်ခဲ့ရပြီး အနီးအနားရှိ အဆောက်အအုံမှ ပြတင်းမှန်များလည်း ကွဲကြေခဲ့ကာ လမ်းလျှောက်နေသည့် ယာဉ်မောင်းတစ်ဦးလည်း သေဆုံးခဲ့ရသည်ဟု Times of India သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုအရာဝတ္ထုမှာ ၁၁ဂရမ်ခန့်မျှသာ ရှိသောကြောင့် AAA ဓာတ်ခံတစ်လုံးစာမျှသာ လေးသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။ ဒေသတွင်းမီဒီယာတွင် ဖော်ပြသည့် ပုံများအရ ထိုအရာဝတ္ထုမှာ အပြာရောင် ကျောက်တုံးတစ်တုံးဖြစ်ပြီး တမီနာဒူးဝန်ကြီးချုပ် ဂျယာလာလီသာ ဂျယာရမ်က ဥက္ကာခဲတစ်ခုဟု ပြောသော်လည်း သိပ္ပံပညာရှင်များကမူ ယခုအထိ အတည်ပြုရခြင်း မရှိသေးကြောင်းပြော ကြားခဲ့သည်။

ဘန်ဂလား နက္ခတ္တရူပဗေဒ အင်စတီကျုမှ တွဲဖက်ပါမောက္ခ အက်စ် ပီ ရာဇဂုရုကမူ ကျောက်တုံးမှာ ဥက္ကာခဲတစ်ခု ဖြစ်နိုင်သော်လည်း နောက်ထပ် စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ပြောကြား ခဲ့သည်။

အကယ်၍ ဥက္ကာခဲမှန်ကန်ခဲ့ပါက မှတ်တမ်းရှိဖူးသမျှ သမိုင်းတလျှောက်တွင် ပထမဆုံး ဥက္ကာပျံကြောင့် သေဆုံးမှုဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ “ဥက္ကာပျံအများစုက လေထုထဲမှာပဲ လုံးဝအငွေ့ပျံ သွားကြတော့ ကမ္ဘာမြေမျက်နှာပြင်ကို ရောက်မလာတတ်ကြပါဘူး”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“ကမ္ဘာမြေကို ထိမှန်တာ အလွန်ရှားပါးပြီး၊ မှတ်တမ်းတင်လာတဲ့ သမိုင်းတလျှောက်မှာ ဥက္ကာပျံကြောင့် သေဆုံးရတာမျိုးလည်း မရှိခဲ့ပါဘူး”ဟု ရာဇာဂုရုက ပြောကြားခဲ့သည်။ ဒုံးပျံ (သို့မဟုတ်) အာကာသ ယာဉ်တစ်စင်းမှ အပျက်အစီးအစအန တစ်ခုလည်း ဖြစ်နိုင်သည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဥက္ကာပျံများမှာ ဖုန်မှုန်နှင့် ကျောက်တုံးများဖြစ်ပြီး၊ ကမ္ဘာ့လေထုကို ဖြတ်သန်းစဉ် လောင်ကျွမ်းအငွေ့ပျံသွားလေ့ ရှိကြသည်။ လုံးဝလောင်ကျွမ်းမသွားဘဲ၊ ကမ္ဘာမြေမျက်နှာပြင်ပေါ်အထိ ကျဆင်းလာသည့် အရာဝတ္ထုများကို ဥက္ကာခဲများအဖြစ် သိထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly