တရုတ်နှင့် အိန္ဒိယနယ်ခြားတပ်ဖွဲ့ဝင်များ ကပ်ဘေးကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်

တရုတ်နှင့် အိန္ဒိယနယ်ခြားတပ်ဖွဲ့ဝင်များ ကပ်ဘေးကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၈ ။             ။ တရုတ်နှင့် အိန္ဒိယနယ်ခြားတပ်ဖွဲ့ဝင်များသည် ကပ်ဘေးကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်ခန်းတစ်ခုကို လုပ်နေပြီဟု တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၈ ကထုတ်ပြန်ခဲ့ရာ ကာလရှည်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန်ကြိုးစားနေသော အာရှအင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးနွေးထွေးလာသည့် လက္ခဏာဖြစ်သည်။

ရှုပ်ထွေးခက်ခဲသော သဘောမတူညီမှုများ ရှိနေသေးသည့်တိုင် ၁၉၆၂ က နယ်စပ်စစ်ပွဲတိုတစ်ခုပင်ဖြစ်ခဲ့သော နယ်စပ်အငြင်းပွားကို အေးဆေးဆေးဆေးဖြေရှင်းရန် နှစ်နိုင်ငံခေါင်းဆောင်များက လွန်ခဲ့သည့်မေလက ကတိပြုခဲ့ကြသည်။

ဖေဖော်ဝါရီ ၆ က ပိတ်မိနေသူများကို ကယ်ဆယ်ခြင်းကဲ့သို့ လေ့ကျင့်ခန်းများကို နှစ်နိုင်ငံစစ်တပ်များက ပြုလုပ်ခဲ့ကြကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

"ဒီလေ့ကျင့်ခန်းတွေက နယ်ခြားဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပူးတွဲထိန်းသိမ်းဖို့ တရုတ်-အိန္ဒိယနယ်စပ်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါ တယ်"ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်စဉ်စစ်တပ်နှစ်ခုကြား အပြန်အလှန်သွားရောက်မှုများ၊ နယ်စပ်တပ်မှူးများ အပြန်အလှန်သွားရောက်မှု တိုးမြင့်ရန်နှင့် နှစ်နိုင်ငံကြား အရေးပေါ်စစ်ဘက် ဖုန်းလိုင်းတစ်ခုထားရှိရန် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တရုတ်ဝန်ကြီးချုပ် လီကယ်ချန်းတို့က မေလက အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။

ဟိမဝန္တာ၏ အရှေ့ဘက်ပိုင်း နယူးဒေလီက အုပ်ချုပ်နေသော စတုရန်းကီလိုမီတာ ၉၀,၀၀၀ကျော်ကို တရုတ်က ပိုင်ဆိုင်သည်ဟု ပြောကြားနေသည်။ အနောက်ဘက်ပိုင်းရှိ ၎င်း၏နယ်မြေ ၃၈စတုရန်း ကီလိုမီတာကို တရုတ်က သိမ်းပိုက်ထားသည်ဟုလည်း အိန္ဒိယက ပြောနေသည်။ အိန္ဒိယသည် ၎င်း၏ မဟာပြိုင်ဘက် ပါကစ္စတန်ကို တရုတ်က ကူညီနေခြင်းကိုလည်း သံသယဝင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly