အမေရိကန် သံအမတ် နှင့် ကချင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ့ဆုံကာ ဘိန်းခင်းဖျက်ဆီးမှု အခြေအနေ ဆွေးနွေး

အမေရိကန် သံအမတ် နှင့် ကချင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ့ဆုံကာ ဘိန်းခင်းဖျက်ဆီးမှု အခြေအနေ ဆွေးနွေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring ဟုုိတယ်တွင် Derek J. Mitchellနှင့် ကချင်မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့တိုု့ ဖေဖော်ဝါရီလ ရ ရက်က တွေ့ဆုံုစဉ်။ (ဓာတ်ပုံ-Hkun Aung nLam)

ချင်းမိုင်၊ ဖေဖော်ဝါရီ ၇ ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် (Derek J. Mitchell) သည် လူထုအခြေပြု ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ(Pat Jasan) မှ ခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၇ ရက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မစ္စတာ ဒဲရစ်မစ်ချယ်လ်သည် မြစ်ကြီးနားမြို့နယ် PJS အဖွဲ့ ဥက္ကဋ္ဌ ဦးလုန်ဂျွန်တူးရော်နှင့် အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်းတို့ ပါဝင် ဆွေးနွေးခဲ့ရာ လက်ရှိ ကချင်လူထုမှ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းခဲ့သဖြင့် ဘိန်းခင်းဖျက်ဆီးနေမှု အခြေအနေများကို တင်ပြ ဆွေးနွေးခဲ့သည်ဟု PJS မှ အတွင်းရေးမှူး ဦးအင်ခွမ်တန်ခွန်းက ပြောသည်။

“သူက လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ကိုယ်ထူကိုယ်ထ လုပ်တာနဲ့ ပတ်သက်လို့ သူတို့က သတင်းလိုတော့ သိနေတယ်။ ဒါပေမဲ့ ဒီခရီးစဉ်မှာ ဒီမူးယစ်တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားပြီး အလေးအနက်ထားလို့ လာတွေ့တာ ဖြစ်တယ်။ သူပြောတာက ဘယ်လို အခက်အခဲတွေ ရှိနေတယ်။ ဘယ်လို လုပ်ဆောင်နေတယ်။ သူတို့ဘက်က ဘာတွေ ကူညီနိုင်မယ်ဆိုတာတွေ သိနိုင်ဖို့လည်း လာခြင်းဖြစ်တယ်ဆိုပြီး ပြောတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

PJS ဘက်မှလည်း ၎င်းတို့ ၂၀၁၄ ခုနှစ်မှစတင် လုပ်ဆောင်ခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများဖြစ်သော ဒေသတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး ပညာပေးခြင်း၊ ဘိန်းဖြတ်စခန်းများ ဖွင့်လှစ်ထားခြင်း၊ သုတေသန လုပ်ဆောင်နေမှု များနှင့် ဘိန်းခင်း ဖျက်ဆီးမှုတွင် ဘိန်းစိုက်ပျိုးသူများဘက်မှ တားဆီး ပိတ်ပင်မှုများကိုလည်း တင်ပြခဲ့သည်ဟု သူက ပြောသည်။

ကချင်လူထု၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမေရိကန် အစိုးရကိုလည်း တင်ပြသွားမည် ဖြစ်သလို၊ နိုင်ငံတကာကလည်း သိရှိစေရန် လုပ်ဆေင်သွားမည်ဟု ဒဲရစ်မစ်ချယ်လ် ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“သူပြောတာက ကျနော်တို့အကြောင်းတွေ သိရှိပြီး အမေရိကန်အစိုးရကိုလည်း တင်ပြသွားမယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့က နိုင်ငံတကာရဲ့ တာဝန်ဖြစ်တယ်။ ဒါကြောင့် ဒီမူးယစ်ဆေးဝါး ပြသနာမှ လွတ်မြောက်ဖို့ ကျနော်တို့ အားလုံးရဲ့ တာဝန်ဖြစ်တယ် ဆိုတာတွေ ပြောတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

အမေရိကန် သံအမတ်ကြီးကိုယ်တိုင် ယခုကဲ့သို့ ကချင်ပြည်နယ်သို့ လာရောက်၍ ကိုယ်ထူကိုယ်ထ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းအပေါ် စိတ်ဝင်တစ်စား အလေးထား၍ အားပေးမှုအပေါ် ခွန်အားတစ်ခု ဖြစ်စေသည်ဟု ဦးအင်ခွမ်တန်ခွန်းက ပြောသည်။

မစ္စတာ ဒဲရစ်မစ်ချယ်လ်သည် ၎င်းတို့အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြစ်ကြီးနားမြို့ရှိ စစ်ပြေးဒုက္ခသည်စခန်းများသို့လည်း သွားရောက် လေ့လာမည် ဖြစ်ပြီး ယင်းနောက်တွင် ပူတာအိုသို့ ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်ကလည်း မစ္စတာ ဒဲရစ်မစ်ချယ်လ်သည် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ယနေ့ တွေ့ဆုံမှုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်တွင် နံနက် ၉ နာရီက ၃၀ မိနစ်ခွဲချိန်ထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှစတင်၍ ကချင်ပြည်နယ် ပူတာအို၊ တနိုင်း၊ တရုတ်-မြန်မာနယ်စပ် ဝိုင်းမော်၊ ကန်ပိုင်တီ၊ ချီဖွေ၊ ဆံဒုံး စသည့် ဒေသများအတွင်းရှိ ဘိန်းခင်း ဧကပေါင်း ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဘိန်းခင်းများ ဖျက်ဆီးရာတွင် တနိုင်းဒေသနှင့် ဝိုင်းမော်မြို့နယ်အတွင် ဘိန်းခင်းစိုက်ပျိုးသူများက တားဆီး ပိတ်ပင်၍ တူမီးလက်နက်နှင့် မိုင်းခွဲခံရခြင်းနှင့် ကျောက်ခဲ၊ ဓါး၊ တုတ်များဖြင့် ချိန်းခြောက် ဟန့်တားမှုများ ရှိခဲ့သဖြင့် အသက်အန္တရာယ်စိုးရိမ်မှု ရှိလာသဖြင့် ဖေဖော်ဝါရီလ ၄ ရက်က ဝိုင်းမော်မြို့နယ် မော်စီတုံးကျေးရွာတွင် ဘိန်းခင်းများ သွးရောက် ဖျက်ဆီးနေတသော လူအင်အား ၂၀၀ ကျော်သည် ပြန်လှည့်လာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly