စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ နှင့် အိမ်ခြံမြေစျေးကွက်အပြောင်းအလဲ

07 February 2016
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ နှင့် အိမ်ခြံမြေစျေးကွက်အပြောင်းအလဲ
(ဓာတ်ပုံ-စည်သူအောင်)

၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ ထွက်ပေါ်လာခဲ့သည်။

ယင်းဥပဒေအရ အဆောက်အအုံတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြား သားများဝယ်ယူခွင့်ရမည် ဆိုသည့် အချက်လည်းပါဝင်လာသောကြောင့် ထိုဥပဒေမူကြမ်း ထွက်ပေါ် လာသည့်အချိန်ကပင် အိမ်ခြံမြေဈေးကွက်အပြောင်းအလဲဖြစ်ပေါ်လာမည်ဟု သုံးသပ်မှုများကြား ခဲ့ရသည်။

 ယခုတင်ဆက်မည့် 7 Minutes အစီအစဉ်တွင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေနှင့် ပတ်သတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် တော်ဝင်ဦးကိုကိုထွေးနှင့် မဇ္ဈိမသတင်းထောက် မရှုမဝအောင်တို့က ဥပဒေကြောင့် ဈေးကွက်အတွင်း သက်ရောက်မှုရှိလာနိုင်မည့် မေးခွန်းတစ်ချို့ကို မေးမြန်းထားသည်။

မဇ္ဈိမ - ဦးကိုကိုထွေး မင်္ဂလာပါရှင့်။ 7 mins  အစီစဉ်ကို အချိန်ပေးတာလဲ ကျွန်မတို့ အစီစဉ်ကနေ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ အရင်ဦးဆုံးအနေနဲ့ လတ်တလော ထွက်ရှိထားတဲ့ စုပေါင်း အဆောက်အအုံဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီးတော့ ဒီဥပဒေအပေါ် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ပြောပါဆိုရင် ဘယ်လိုများ မှတ်ချက်ပေးချင်ပါလဲရှင့်။

ဦးကိုကိုထွေး - အဲဒီဥပဒေကတော့ ကွန်ဒိုမိနီယံ Law လို့တော့ အများနားလည်ထားတာပေါ့လေ။ ဒီ ကွန်ဒိုမိနီယံ Law က ကွန်ဒိုမိနီယံ  သက်သက်အတွက်တော့ လိုအပ်တဲ့ ဥပဒေ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ဒိုမိနီယံ အတွက်လိုအပ်တယ်ဆိုတဲ့ ပုံသဏ္ဍာန်တော့ မကျတဲ့ သဘောလေး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေဟာ ဝန်ကြီးဌာန လက်အောက်တစ်ခုတည်းကို ရောက်သွားတဲ့ ဥပဒေဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ ခွင့်ပြုမယ့် အာဏာပိုင် အဖွဲ့အစည်းက ကျွန်တော်တို့ မြို့တော် စည်ပင်သာယာဖြစ်တယ်။ မြို့တော်စည်ပင်သာယာ မြေယာနဲ့ ပတ်သက်လို့ကော နောက်ပြီးတော့ အဆောက်အုံခွင့်ပြုချက်နဲ့ ပတ်သက်လို့ကော သူရဲ့ authority စည်ပင်သာယာကို ပေးထားတာ။ တစ်ခါ ထပ်ပြီးတော့ ကွန်ဒိုမိနီယံလုပ်မယ်ဆိုတာနဲ့ ဆောက်လုပ်ရေး ဝန်းကြီးဌာနဆီကို တစ်ခါပြန်သွားရတယ်။ အဲတာဆိုလို့ရှိရင် နည်းနည်းနားလည်မှု လွဲစေတာကတော့ ဘာလဲဆိုတော့ ဒီအဆောက်အအုံကို ခွင့်ပြုချက်ပေးမယ်ဆိုရင် ဒီဆောက်လုပ်ရေးလုပ်ငန်း ဝန်ကြီးဌာနတစ်ခုတည်း ပြီးမှာလား။ အဲဒါလည်း မပီးနိုင်ဘူး။ မြို့တော်စည်ပင်သာယာလည်း တင်ရမယ်။ ကျွန်တော်တို့လက်ရှိ ကန်ထရိုက်တွေ ကိုယ်ပိုင်အိမ်ဆောက်မယ့် လူတွေ Owner  တွေကော အားလုံးနားလည်ထားတာက ဆောက်လုပ်ခွင့် တင်ရတာကိုတင်ပဲ ကျွန်တော်တို့ စည်ပင်သာယာမှာ လနဲ့နှစ်နဲ့ ချီပြီးတော့ ကြာနေတယ်။ အဲတာကို ထပ်ပြီးတော့ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်လို့ ဝန်ကြီဌာန တစ်ခုက ထပ်ပြီးတော့ ခွင့်ပြုချက် တင်ရတော့မယ်ဆိုရင် နှစ်ထပ်ကွမ်းဖြစ်သွားတဲ့ အတွက် ကျွန်တော်တို့ကို ချုပ်ကိုင်တဲ့ အဖွဲ့အစည်းနှစ်ခုဖြစ်သွားတယ်။ ဒါကတော့ ဖြေလျော့ရမယ်ဆိုတဲ့နေရာမှာ မဖြေလျော့ပဲ ထပ်တင်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးတစ်ခုရောက်သွားတယ်ပေါ့။ ဒါတွေကို ကျွန်တော်တို့ အရင်တုန်းကလည်း ဆွေးနွေးဖူးပါတယ်။ ဒီ ကွန်ဒိုမိနီယံ Lawရဲ့ ပင်မထွက်လာတာ ၁၉၉၅ ခုနှစ်လောက်က ကျွန်တော်တို့ တိုက်ခန်းတွေကို နိုင်ငံခြားသားကိုရောင်းမယ်ဆိုရင် ကွန်ဒိုမိနီယံ Law နဲ့ ရောင်းလို့ရတယ်ဆိုတဲ့ Concept ကနေပြီးတော့လာတယ်။ အဲဒါကို ဦးဆောင်တဲ့ အဖွဲ့အစည်းက အဲဒီတုန်းကတော့ စည်ပင်သာယာထက်  အိုးအိမ်ဦးစီးဌာနကနေ အားလုံးကို ချုပ်ကိုင်ထားတဲ့ အနေထားမို့ သူက ဦးဆောင်တာပေါ့နော်။ ဒီနှစ်က ခေတ်ကပြောင်းသွားပြီ။ အခုဟာက ဒီနေ့ဒီချိန်ဟာ စည်ပင်သာယာ လက်အောက်ကိုရောက်သွားတယ်။ အိုးအိမ်ဦးစီးဌာနက နောက်ဆုတ်သွားတယ်။ အခုတစ်ခါ အိုးအိမဦးစီးဌာနကို ပြန်သွင်းလာတဲ့ သဘောမျိုးလေး သက်ရောက်တဲ့အတွက် ဒီအရာနှစ်ခုဟာ နည်းနည်း confuse (ရှုတ်ထွေးမှု) ဖြစ်နေတာပေါ့နော်။

မဇ္ဈိမ - ဟုတ်ကဲ့ပါရှင့်။ ဒီဥပဒေထဲမှာ မြို့ရွာနှင့် ပတ်ဝန်းကျင်ဒေသပေါ့နော်။ ဒီဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းတွေ အိမ်ယာကဏ္ဍတွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာတွေ အပြင် စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေပါတာ ကျွန်မတို့ တွေ့ရတယ်ပေါ့နော်။ အဲတော့ ဒီလိုမျိုးပါတဲ့ အချက်တွေက ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဒီထက် ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ ဖြစ်စေလားရှင်။

ဦးကိုကိုထွေး- ရည်ရွယ်တာတော့ အဲလိုရည်ရွယ်တာပေါ့နော်။ အဲတာကို နောက်ကနေ လိုက်မယ့်ဥစ္စာ တကယ်ကျတော့ မြေယာဥပဒေတွေလိုတာပေါ့နော်။ မြေယာဥပဒေကို ပီပီပြင်ပြင် မလုပ်ပေးနိုင်ရင်တော့ ဒီဥပဒေဟာ ဘာမှလုပ်လို့ မရဘူးပေါ့။ ဒီဥပဒေကတော့ ရည်ရွယ်ချက်အတွက် အစပျိုးပြီးတော့ လမ်းစလေး ထောင်ထားတဲ့ အနေထားပဲ ရှိပါတယ်။ ကျွန်တော်တို့က ဆိုင်းဘုတ်ထောင်တုန်းပဲ ရှိတာပေါ့လေ။ အဲတော့ တကယ်တမ်း မြေယာတွေ ဒါတွေကို ဖွံ့ဖြိုးချင်တယ်ဆိုရင် ကျွန်တော်တို့မှာမြေယာဥပဒေတွေ ပီပီပြင်ပြင်ဖြစ်ဖို့လိုတယ်။ နောက်ပြီးတော့ အဆောက်အဦတွေကို ဘယ်လိုဆောက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ သီးသီးသန့်သန့်လုပ်ထားလိုက်ရင် လူက ကိုယ်ဘာလုပ်ရမယ်ဆိုတာ နားလည်သွားတယ်။ အခုက အဆောက်အဦတစ်ခုဆောက်တော့မယ်ဆိုရင် ဘေးက အိမ်တွေ သဘောတူမလား ကိုယ်နဲ့ ရန်ဖြစ်ထားတဲ့ အိမ်များရှိရင် ကျွန်တော်တို့ အိမ်ဟာ ဆောက်လို့မရတဲ့ အိမ် ဖြစ်သွားမယ်။ အဲတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း တည့်နေမှာ မဟုတ်ဘူးလေ။ ညီအစ်ကိုမောင်နှမခြင်းလည်း တည့်ချင်မှတည့်မှာပေါ့။ ဒါကြောင့်မို့လို့ ဒါဟာ မှန်ကုန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လူတိုင်းကိုယ်စီ လိုအပ်တာတွေ ချနိုင်ဖို့ နောက်ပြီးတော့ မြို့ရွာမှာ ကန့်သတ်ချက်တွေ ဘာတွေတော့ ကန့်သတ်မယ်။  ဘယ်မှာတော့ အထပ်မြင့်ဟာ ဘယ်လောက်ထိ ဆောက်နိုင်တယ်။ ဘယ်မှာတော့ ဆောက်ခွင့်မရှိဘူး။ ဘယ်လောက်မဆောက်ရဘူး။ သူရဲ့အားလုံးဟာ ဥပဒေနှင့်အညီ ကန့်သတ်ချက်တွေ လုပ်ပေးလိုက်မယ်ဆိုရင်တော့ ဒါတွေက အဆောက်အဦးဆောက်တဲ့ ဟာတွေ အကုန်လုံးကို ဖွံ့ဖြိုးသွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမ -  ပြီးတော့ ဦးကိုကိုထွေးတို့ ရေးဆွဲနေတဲ့ အိမ်ရှင်၊အိမ်ငှားဥပဒေအခြေအနေက ဘယ်လောက်အဆင့်ထိ ရောက်နေပြီ လဲရှင့်။

ဦးကိုကိုထွေး - အိမ်ခြံမြေ အကျိုးသက်ရောက်မှု ဆိုတာက အခုလက်ရှိနေထားနဲ့ ကန့်သတ်ချက်က စုပေါင်း ပိုင်မြေကို စုပေါင်းပိုင်မြေအဖြစ် သတ်မှတ်မယ်ဆိုရင် ဒီ အခန်းတွေ ဝယ်တဲ့သူတိုင်း စုပေါင်းပြီးတော့ ဝယ်တယ်လို့ သက်ရောက်သွားတယ်။ စုပေါင်းပြီးတော့ ပိုင်တယ်လို့ သက်ရောက်တာနဲ့ တစ်ပြိုင်တည်း နိုင်ငံခြားသားကို ရောင်းလိုက်ရင် နိုင်ငံခြားသားကလည်း မြေပိုင်မယ်။ သူဟာသူ တစ်လက်မပဲပိုင်ပိုင် တစ်ပေပဲ ပိုင်ပိုင် တကယ်တော့ နိုင်ငံခြားသားဟာ မြေပိုင်ဆိုင်ခွင့်မရှိဘူး။ ဒါကြောင့်မို့လို့ မြေပိုင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မို့လို့ သူက ဒီတိုက်ခန်းကို ဝယ်တယ်ဆိုလို့ ရှိရင်လည်း ကျွန်တော်တို့ ၈၇ ဥပဒေကြီးက ရှိနေတယ်လေ။ ၈၇ ဥပဒေကို ပယ်ဖျက်လိုက်မယ်ဆိုရင် မြေတွေပါ ပါသွားမယ်။ ဒါမှမဟုတ် မပယ်ဖျက်ပဲနဲ့ ၈၇ ထဲက အဆောက်အဦနဲ့ ပတ်သက်လို့ မပါဘူးဆိုရင်လည်း ဒါတွေကို ခွဲခြားဖို့ဆိုတာ နည်းနည်းတော့ ခက်တယ်။ ၈၇ တစ်ခုလုံးကို ပယ်ဖျက်လိုက်မယ်ဆိုရင်လည်း နောက်ကြောင်းရာဇဝင်တွေ မြေရာဥပဒေနှင့် ပတ်သက်တဲ့ ကိစ္စတွေ အများကြီး ရှုပ်ထွေးလာနိုင်တယ်။ အဲတော့ ဒါကြီးကို ပယ်ဖြစ်ဖို့အတွက် မြေရာဥပဒေနှင့် တိုက်ခန်းလွှဲပြောင်းခြင်းဆိုင်ရာ ဥပဒေ နှစ်ခုကို သီးသီးသန့်သန့် ပေါ်ထွက်လာမှသာ ဒီဥပဒေအရ ရောင်းခွင့်ရှိမယ်။ အခုဟာက ဒီဥဒေက ရောင်းခွင့်ရှိတယ်။ ၈၇ ကြီးက ရောင်းခွင့်မရှိဘူး။ အဲဒီနှစ်ခုက constrict ဖြစ်နေတယ်။ အဲဒီ constrict ဖြစ်နေတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ။ ဒီဥပဒေက ဖြေရှင်းထားတာ မရှိဘူး။

မဇ္ဈိမ - အဆုံးသတ်ဆွေးနွေးချင်တာက ဒီစုပေါင်းအဆောက်အအုံဆိုင်ရာဥပဒေမှာ စုပေါင်းအဆောက်အအုံရဲ့ ၄၀ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းတွေကို   နိုင်ငံခြားသားတွေ   ရောင်းချခွင့်၊ ငှားရမ်းခွင့်နဲ့ ပေါင်နံှခွင့်ဆိုတဲ့အချက်တွေလည်း ပါလာတယ်။ သူတို့ကို ရောင်းချတဲ့အခါမှာလည်း နိုင်ငံခြားကနေ တရားဝင်ငွေလွှဲပေးပို့တဲ့   နိုင်ငံခြားငွေနဲ့ပဲရောင်းချရမယ် ဆိုတဲ့ အချက်တွေကြောင့် ဦးကိုကိုထွေးအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုနဲ့ ကွန်ဒိုဈေးကွက်တွေထဲမှာ   နိုင်ငံခြားငွေစီးဆင်းလာမှုက   ပြည်တွင်းကျပ်ငွေတန်ဘိုးအခြေအနေအပေါ်မှာ အန္တရာယ်ရှိနိုင်..မရှိနိုင်ဆိုတဲ့အချက်တွေကို ဆွေးနွေးပေးပါရှင့်။

ဦးကိုကိုထွေး - သူတို့ကတော့ပြောတာပေါ့။ အဲဒီနိုင်ငံခြားကနေ ငွေတွေ တရားဝင်လွှဲတယ်။ အဲဒီနိုင်ငံခြားငွေကို ထိန်းချုပ်မှုတွေလည်း ပါတာပေါ့နော်။ အဲတော့ ဒီဟာအတွက် နိုင်ငံခြားငွေကို လွှဲပေးရမယ်။ လွှဲပြီးတော့ ဝင်လာရမယ်။ တကယ်လို့ သူတို့က ဒီမှာပဲ နိုင်ငံခြားငွေရတဲ့ အလုပ်တွေ မရှိဘူးလား။ ရှိတယ်လေ။ နိုင်ငံခြားက ငွေတွေဝင်လာတဲ့ ဥစ္စာကို ဝင်ပြီးသား အရောင်းအဝယ်လုပ်ထားတဲ့ သူပိုက်ဆံ ဥပမာ ဒီမှာ လစာရတယ်။ ရတဲ့ပိုက်ဆံ ပေးလို့မရဘူးလား။ ဒါမျိုးတွေပေါ့နော်။ အဲတော့ နိုင်ငံခြားကနေ invest လုပ်တဲ့သူတွေက ဆိုလိုချင်တာကတော့ နိုင်ငံခြားကနေ ငွေယူလာပြီးတော့ invest လုပ်ပြီးတော့ ဝယ်ပါလို့ ပြောတာနဲ့ တူတယ်။ အဲတော့ ဒီဟာအတွက် ကန့်သတ်ချက်လေးကတော့ ကောင်းသလိုလိုပဲလေ။ ဒါပေမယ့် ဝယ်တဲ့သူအတွက်ကတော့ နည်းနည်း ရှုပ်ထွေးမှုတွေ ပါတာပေါ့နော်။  

Mizzima Weekly