အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် နှင့် ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ မြစ်ကြီးနား၌ တွေ့ဆုံ

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် နှင့် ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ မြစ်ကြီးနား၌ တွေ့ဆုံ
ဓာတ်ပုံ- KSDP

ချင်းမိုင်၊ ဖေဖော်ဝါရီ ၇ ။       ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်လ် (Derek J. Mitchell) သည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းတွင် မစ္စတာ ဒဲရစ်မစ်ချယ်လ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် ပြည်နယ်အစိုးရဖွဲ့စည်းမှုအပေါ် အမြင်သဘောထားကို ထည့်သွင်းမေးမြန်းခဲ့သည်ဟု KSDP ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ပြောသည်။

“လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အလားအလာတွေ။ အခု အန်အယ်ဒီပါတီက ဦးဆောင်ပြီးတော့ အစိုးရ ဖွဲ့စည်းတော့မယ် ဆိုတော့ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လို အနေအထားမျိုး မြင်သလဲပေါ့။ ကျနော်တို့ကတော့ ပြည်နယ်အစိုးရက ပိုပြီးအင်အားတောင့်တင်းတဲ့ လူထုနှစ်သက်တဲ့ အစိုးရ တစ်ရပ်ဖြစ်ပေါ်လာဖို့ ဆိုရင် Coordinition Goverment ပုံစံဖွဲ့စည်းတာတော့ ပိုကောင်းတယ်လို့ပြောလိုက်တယ်။ သူက အဲဒါကိုလက်ခံတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိသော ကချင်ပြည်နယ်အတွင်း NLD အစိုးရနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်းကို တင်ပြပြောဆိုခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“နောက်ပြီး အန်အယ်ဒီရဲ့ ဦးဆောင်မှုက ထောက်ခံပေးဖို့ သူလည်း သိချင်တဲ့သဘောပါတယ်။ ကျနော်တို့လည်း ထောက်ခံပါတယ်လို့၊ ကျနော်တို့က မဲအများဆုံးနိုင်တဲ့ အယ်အယ်လ်ဒီကို ကျနော်တို့လည်း ထောက်ခံပါတယ်လို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့်ပါပဲလို့ ကျနော်ပြောပြတယ်”ဟု သူက ပြောသည်။

မစ္စတာ ဒဲရစ်မစ်ချယ်လ် နှင့် တွေ့ဆုံဆွေးနွေးရာတွင် KSDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာနှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်လည်း ပါဝင်ဆွေးနွေးခဲ့ပြီး   တွေ့ဆုံဆွေးနွေးမှုကို  မြစ်ကြီးနားမြို့ရှိ လုံဂါပါ (lungga Pa) စားသောက်ဆိုင်တွင် ညနေစာ အတူသုံးဆောင်ကာ တွေ့ဆုံခဲ့သည်။

ထို့ပြင် သံအမတ်ကြီးသည် ဖေဖော်ဝါရီလ ၆ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကာ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များနှင့်လည်း   တွေ့ဆုံဆွေးနွေးခဲ့သည် ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly