ကမ္ဘာလှည့်ခရီးသည်ကို သတ်သည့် ဆင်၏ ဆင်ဦးစီး မြန်မာနိုင်ငံသားကို ပေါ့ဆမှုဖြင့် ထိုင်းရဲ အရေးယူ

ကမ္ဘာလှည့်ခရီးသည်ကို သတ်သည့် ဆင်၏ ဆင်ဦးစီး မြန်မာနိုင်ငံသားကို ပေါ့ဆမှုဖြင့် ထိုင်းရဲ အရေးယူ

ထိုင်းနိုင်ငံ ကော့စမွေအပန်းဖြေကျွန်းတွင် စကော့တလန်ကမ္ဘာလှည့်ခရီးသည်အား ဆင်နင်းသတ်မှုတွင် ဆင်ဦးစီးဖြစ်သည့် မြန်မာနိုင်ငံသားအား ထိုင်းရဲက ပေါ့ဆမှုဖြင့် အရေးယူတရားစွဲဆိုထားမည်ဖြစ်သည်။

အသက် ၃၇ နှစ်ရှိ ဇော်ဝင်းထွန်းဆိုသူအား လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများဖြစ်စေသည့် ပေါ့ဆမှုဖြင့် ဘောဖတ်ရဲဌာနက တရားစွဲဆိုရန် အမှုဖွင့်ထားခြင်းဖြစ်သည်။

"ဒီအမှုကို တရားရုံးတင်ဖို့ ရဲဌာနအနေနဲ့ ပြင်ဆင်နေပါပြီ"ဟု ရဲအုပ် တီဝီပလွမ်းစက်က ပြောသည်။

စကော့တလန်သူ ကမ္ဘာလှည့်ခရီးသည် အသက် ၃၇ နှစ်ရှိ Gareth Croweသည် အသက် ၁၆ နှစ်ရှိ သမီးဖြစ်သူနှင့်အတူ ဖေဖော်ဝါရီ ၁ ရက်က ဘောဖတ်ရှိ သစ်တောဧရိယာအတွင်း Golf ဆိုသည့် ဆင်ထီးတစ်ကောင်းအား စီးနင်းစဉ် ယင်းဆင်က နှာမောင်းဖြင့် ရိုက်ချခြင်းဖြစ်သည်။ သမီးဖြစ်သူမှာလည်း ဆင်ပေါ်က ပြုတ်ကျကာ ဒဏ်ရာရသည်။

Crowe အား ယင်းဆင်က နင်းသတ်ကာ ရင်ဘတ်ကို အစွယ်ဖြင့် ထိုးသတ်ခြင်းဖြစ်သည်။ ဆင်ဦးစီးဖြစ်သူ ကိုဇော်ဝင်ထွန်းကိုလည်း ဆင်က တိုက်ခိုက်ပြီး နံပါးအား အစွယ်ဖြင့် ထိုးခဲ့သည်။

ကိုဇော်ဝင်းထွန်းကို ကော့စမွေဆေးရုံတွင် ကုသမှုပေးခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်က ဆရာဝန်များက ဆေးရုံက ဆင်းခိုင်းလိုက်ခြင်းဖြစ်သည်။

Crowe အား ဆင်နင်းသတ်သည့် ဖြစ်ရပ်ဖြစ်ပွားချိန်၌ Golf ကို ကမ္ဘာလှည့်ခရီးသွားနှစ်ဦးက ငှက်ပျောသီးကျွေးနေသည်ကို ကိုဇော်ဝင်းထွန်းက မြေပေါ်မှ ဓာတ်ပုံရိုက်ပေးနေခြင်းဖြစ်ကြောင်း ရဲဌာနတွင် ၎င်းက ပြောကြားသည်။ ငှက်ပျောသီးကျွေးနေသူနှစ်ဦးအနက် စကော့တလန်အမျိုးသားက ဆင်ကို စနောက်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ကိုဇော်ဝင်းထွန်းအနေဖြင့် ဆင်စီး ကမ္ဘာလှည့်ခရီးသည်တို့ကို ဂရုတစိုက်စောင့်ရှောက်ရန်အတွက် ဆင်ပေါ်တွင် ရှိနေရမည့်အစား ဆင်ပေါ်က ဆင်းလာခြင်းအတွက် ပေါ့ပေါ့ဆဆလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရဲအုပ် တီဝီပလွမ်းစက်က ပြောသည်။

ခရီးသွားလုပ်ငန်းကုမ္ပဏီများ၊ ဆင်များနှင့် ဆင်ဦးစီးများအားလုံးကို လိုင်စင်စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ခရိုင်မှူးဖြစ်သူ ပိုင်ဘွန်းအိုမတ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly