KIO ဌာနချုပ်တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

KIO ဌာနချုပ်တွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ချင်းမိုင်၊ ဇွန်  ၂၆  ။     ။ ဇွန် ၂၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမှုများကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့ကြောင်း KIO ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူး ဂမ်ဘားက ပြောသည်။

၎င်းက “ဒီနေ့က ကေအိုင်အိုရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မူဝါနဲ့ လုပ်ဆောင်ချက်တွေနဲ့ သမိုင်းတွေကို ဟောပြောတယ်။ ဒီနေ့ ကချင် လူမျိုးတွေ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတဲ့အကြောင်းတွေ အားလုံးပါဝင် တိုက်ဖျက်ကြဖို့ ဟောပြောခဲ့တယ်၊ ပြခန်းတွေပြ တယ်၊ ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါး မီးရှုံ့ဖျက်ဆီးတယ်”ဟု  ပြောသည်။  

လိုင်ဇာမြို့ မနော်ကွင်းရှိ ခန်းမတွင် ပြည်သူလူထု ၇၆၀ ကျော် တက်ရောက်သော အခမ်းအနားတွင် ခရစ်ယာန်ဂိုင်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ ဝတ်ပြုဆုတောင်းခဲ့ကြပြီး အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်၍ အသိပညာပေးမှုနှင့် KIO ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါနှင့် လုပ်ဆောင်ချက်များကို ဗိုလ်မှူးကြီး နော်ဘူ မှ ဟောပြောခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ပြခန်းများ ပြသခြင်း၊ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးအမျိုးအစား ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာမဆေးပြား အပါအဝင် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၀ ကျော် တရုတ်ငွေ (၄၅၀၀၀ ယွန်) ကျော်အား မီးရှှုံ့ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၀-၂၀၁၂ ခုနှစ်က မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ထောင်ချီ မီးရှို့ ဖျက်ဆီးခဲ့ရာမှ  ယခု ၂၀၁၃ -၂၀၁၄ခုနှစ်အတွင်း မူးယစ်ဆေးဝါး ကာလတန်ဖိုး ကျပ်သိန်း ၉၀ ကျော်ခန့်သာ မီးရှုံ့ဖျက်ဆီးနိုင်ခဲ့သဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက် လုပ်ငန်း ထိရောက်သည်ဟု ဆိုနိုင်သည်ဟု ဗိုလ်မှူး ဂမ်ဘားက ပြောသည်။

၎င်းက “ကျွန်တော် တို့မြင်တာက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ထိရောက်တယ်၊ ဘာကြောင့်လဲ ဆိုတော့အရင်ကလိုင်ဇာ ပတ်ဝန်းကျင် အခြေအနေကို တိုင်းတာကြည့်ရင် အရင်က ပြည်သူလူထုတွေ မနေရဲဘူး။ သူခိုး ဓါးမြတွေ အရမ်းများတယ်။

မူးယစ်ဆေးဝါးသုံးစွဲနဲ့လူတွေ အများကြီး ရှိတယ်။ ညပိုင်းဆို လုံခြုံမှု မရှိဘူး။ ခုတော့ တယောက်မှ မရှိတော့ဘူး။ အခု ခက်နေတာ က တရုတ်ဘက်ခြမ်းက ရောင်းဝယ်နေ တာတွေ ရှိတာတွေတော့ ရှိနေတယ်။ ဟိုဖက်ကမ်းကနေ ယူလာတဲ့ဟာ ဖမ်းဆီးရမိ သလောက်ကိုဘဲ ကျွန်တော် တို့ မီးရှို့ ဖျက်ဆီးတာပါ”ဟု  ပြောသည်။

၂၀၁၀-၂၀၁၃ ခုနှစ်အတွင်း KIO အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ပေးသူပေါင်း ၂၀၀ ကျော် မူးယစ်ဆေး သုံးစွဲသူများ ကို ဖြတ်ပေးခဲ့ရာမှ လက်ရှိ ၂၀၁၄ ခုနှစ်တွင်မူ မူးယစ်ဆေးဝါး ဖြတ်သူပေါင်း ၉၄ ဦးသာ ရှိသည်။ ယခင်က မူးယစ်ဆေးဝါး သုံးစွဲသူများကို ခြောက်လကြာ ဖြတ်ပေးခဲ့ရာမှ လက်ရှိတွင် ၁ နှစ်ကြာ မူးယစ်ဆေးဝါး ဖြတ်ပေးနေသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း ခရစ်ယာန်ဘာသာရေးဂိုင်းပေါင်းစုံမှ ခေါင်းဆောင်များ ဦးဆောင်၍ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီး၊ ကားမိုင်း စသည့် မြို့နယ်များ အပါအဝင် ကချင်ပြည်နယ်တစ်ခုလုံးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကက်သလစ် အသင်းတော် စိန်ကိုလွန်ဘန် ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းဝတ်ပြုမှုများ ပြုလုပ်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပညာပေးဟောပြောမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်ဘုတ်များ ဆိုက်ထူခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly