ချင်းမိုင်၊ ဇွန်လ ၂၆ ။ ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ဗဟို ဌာနချုပ် လိုင်ဇာမြို့ရှိ ကျောင်းသားများ နေထိုင်နေသော ဘော်ဒါ ဆောင်အနီး အစိုးရ တပ်မတော် အခြေချသော ဘက်မှ ပစ်လိုက်သော လက်နက်ကြီးတစ်ခု ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် ကျရောက်ခဲ့သည်ဟု ကချင်စစ်ပြေးဒုက္ခသည်များကူညီရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူး ဇော်ရော်က ပြောသည်။
လိုင်ဇာမြို့၏ တောင်ဘက်ရှိ အစိုးရ စစ်တပ်အခြေချနေသော ခါရာဘွမ်တောင်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး တစ်လုံးသည် လိုင်ဇာမြို့၏ အနောက်ဘက်ရှိ အလန်းဘွမ်(တောင်)ရှိ ကျောင်းအနီး ဘော်ဒါဆောင်မှ မီတာ ၂၀၀ ခန့် အကွာအဝေးတွင် ကျရောက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဗိုလ်မှူး ဇော်ရော်က “မနေ့ညက ၆ နာရီ မိနစ် ၁၀ မှာ ခရာဘွမ်ကနေ ပစ်လိုက်တာ။ ကျောင်းက ဆရာနဲ့ကျောင်းသားတွေ နေနေ တဲ့ ဘော်ဒါဆောင်ကနေ မီတာ ၂၀၀ လောက်ဝေးတဲ့နေရာမှာချတယ်။ အဲဒီက ကျည်စတွေတောင် ကျောင်းခေါင်မိုးတွေ မှာလာချ တယ်၊ ၈၁ မမ လက်နက်ကြီးလို့ ခန့်မှန်းရတယ်”ဟု မဇ္ဈိမကို ပြောသည်။
လက်နက်ကြီး ကျရောက်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် စာသင်ကျောင်းပိတ်ခြင်းလည်း မရှိဘဲ ဆက်လက် သင်ကြားနေသည်ဟုလည်း ၎င်းက ပြောသည်။
ယင်းအလန်းဘွမ် ကျောင်းတွင် ၆ တန်းမှ ၁၀ တန်းထိ ကျောင်းသူ ကျောင်းသားပေါင်း ၉၀၀ ကျော်နှင့် ဆရာ၊ ဆရာပေါင်း ၁၀၀ ခန့် နေထိုင်နေသည်ဟုလည်း ၎င်းက ပြောသည်။
လက်နက်ကြီး ကျရောက်ခဲ့သဖြင့် ကျောင်းသူကျောင်းသားများ စိုးရိမ်မှုများ ရှိနေသည်ဟုလည်း ဗိုလ်မှူး ဇော်ရော်က ပြောသည်။
၎င်းက “စိုးရိမ်မှုတွေ ရှိနေတယ်။ ပြည်သူလူထု စစ်ပြေးဒုက္ခသည်တွေ ပညာသင်နေတဲ့ နေရာဖြစ်တယ်။ အဲဒီနေရာမှ လက်နက်နဲ့ ပစ်ခတ်တာ မဖြစ်သင့်ဘူး။ စစ်ပြေးဒုက္ခသည်တွေ နဂိုကတည်းက စစ်အားငယ်နေတဲ့ထဲ ပိုပြီး စိုးရိမ်မှုတွေ ရှိလာတယ်”ဟု ဆက်လက် ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း ခရာဘွမ်မှ အစိုးရ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် လိုင်ဇာမြို့ရှိ KIA ဗိုလ်သင်တန်းကျောင်းသို့ ကျရောက်ခဲ့သဖြင့် ဗိုလ်လောင်း ၂၃ ဦးကျဆုံးခဲ့သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေ ချိန် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် KIA တပ်တို့အကြား ဇွန်လ ၂၅ ရက်ကလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည် KIA ဘက်မှ သိရသည်။
KIO အဖွဲ့သည် လက်ရှိ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တွင် ပါဝင် ဆွေးနွေးနေသည်။