ထိုင်းတွင် e-payment ကို ၂၀၁၈ တွင် စသုံးစွဲမည်

ထိုင်းတွင် e-payment ကို ၂၀၁၈ တွင် စသုံးစွဲမည်

ထိုင်းနိုင်ငံက e-payment စနစ်ကို တစ်နိုင်ငံလုံးအနှံ့ သုံးစွဲနိုင်ရန် လုပ်ဆောင်လျက်ရှိနေပြီး အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု ဘတ်ငွေ ၃ ဒသမ ၅ ဘီလီယံနှင့်အတူ ဖော်ဆောင်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး အပီဆစ်တန်တီရိုရာဝန်က ပြောသည်။

အခြေခံအဆောက်အအုံတည်ဆောက်မှုက ၁၈ လအတွင်း ပြီးစီးမည်ဖြစ်ပြီး ၂၀၁၈ မကုန်မီ ယင်းစနစ်ကို အပြည့်အဝလည်ပတ်နိုင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောခဲ့သည်။

အမျိုးသား e-payment ဦးဆောင်ကော်မတီ၏ ပထမဆုံးအစည်းအဝေးနောက် ကျင်းပသည့် ယင်းသတင်းစာရှင်လင်းပွဲတွင် ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ဂျက်တူဆရီပီတက်က သဘာပတိမူခဲ့သည်။

ယင်းစနစ်က အခွန်ကောက်မှုလုပ်ငန်းများကို ထိရောက်စွာအကျိုးရှိစေမည်ဖြစ်ပြီး နိုင်ငံ၏ အခွန်ဘဏ္ဍာကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း အပီဆစ်က ပြောသည်။

စနစ်အပြည့်အ၀ ပြီးစီးအကောင်အထည်ပေါ်ချိန်တွင် ဝင်ငွေနည်းပြည်သူများအတွက် ဘတ် ၂၀ တန် ကုန်ပစ္စည်းများကို ၎င်းတို့၏ ID ကတ်များဖြင့် ဝယ်ယူနိုင်ကြမည်ဖြစ်သည်။

"ထိုင်းပြည်သူအားလုံးအတွက် e-payment စနစ်သုံးဖို့ အခွင့်အလမ်းပဲဖြစ်တယ်။"ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags