မဇ္ဈိမရဲ့ အလှဆုံးပွဲ(ဂရန်နာဒါ-ရီးယဲလ်မက်ဒရစ်)

06 February 2016
မဇ္ဈိမရဲ့ အလှဆုံးပွဲ(ဂရန်နာဒါ-ရီးယဲလ်မက်ဒရစ်)

ဒီတစ်ပတ်မဇ္ဈိမရဲ့ အလှဆုံးပွဲကဏ္ဍမှာ စပိန်လာလီဂါပွဲစဉ် ၂၃ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂရန်နာဒါ-ရီးယဲလ်မက်ဒရစ်ပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဂရန်နာဒါ-ရီးယဲလ်မက်ဒရစ်

(၈-၂-၁၆ တနင်္လာနံနက် ၂း၀၀)

ထိပ်တိုက်တွေ့ဆုံမှု

၁၉-၉-၁၅ (လာလီဂါ)         ရီးယဲလ်မက်ဒရစ် ၁-၀ ဂရန်နာဒါ

၅-၄-၁၅  (လာလီဂါ)           ရီးယဲလ်မက်ဒရစ် ၉-၁ ဂရန်နာဒါ

၁-၁၁-၁၄ (လာလီဂါ)         ဂရန်နာဒါ ဝ-၄ ရီးယဲလ်မက်ဒရစ်

ဂရန်နာဒါ

ဂရန်နာဒါက အဆင့် ၁၉ နေရာရောက်နေတယ်။ တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတယ်။ ဒါပေမဲ့ အပေါ်ပိုင်းနဲ့က အမှတ်မပြတ်ဘူး။ အမှတ်ရမယ် ဆိုရင် ပြန်ရုန်းနိုင်မယ့်အနေအထားပါ။ အဆင့် ၁၄ နေရာကအသင်းနဲ့တောင် အမှတ်သိပ်မကွာဘူး။ ဒီအနေအထားက ရုန်းကန်နိုင်ရင် အပေါ် ပြန်ရောက်နိုင်တဲ့ အနေအထားပါ။ ဒါကြောင့်ဒီပွဲမှာ ရီးယဲလ်လည်းမချောင်ဘူးလို့တော့ ပြောလို့ရတယ်။ ဂရန်နာဒါက အိမ်ကွင်းမှာလာလီဂါ ပြိုင်ပွဲမှာ သုံးပွဲနိုင်ထားတယ်။ နိုင်ထားတဲ့အသင်းတွေကလည်း ဆီဗီလာ၊ ဂီတာဖေး၊ ဘီလ်ဘာအို။ အဆင့်ရှိတဲ့အသင်းတွေကို နိုင်ထားတာ။ လာလီဂါအိမ်ကွင်းနောက်ဆုံး နှစ်ပွဲဆက်အနိုင်ရထားတယ်။ ဒီရလဒ်ကိုကြည့်မယ်ဆိုရင် အိမ်ကွင်းမှာခြေစွာနေတဲ့သဘောမျိုးတော့ သက်ရောက်နေတယ်။ ဒါပေမဲ့တစ်ခုရှိတာက အိမ်ကွင်းမှာ ၁၁ ဂိုးပဲသွင်းထားနိုင်တယ်။ ဂိုးသွင်းအားတော်တော်လေးနည်းတဲ့အနေအထားပေါ့။ နောက်တစ်ချက်က ပေးဂိုးအနေအထားပါ။ ပေးဂိုးက လာလီဂါမှာ ၄၄ ဂိုးတောင်ပေးထားရတယ်။ ဗယ်လ်ကာနိုပြီးရင် ဒုတိယပေးဂိုးအများဆုံး အသင်း။ ဒါကြောင့်ခံစစ်ပွင့်နေတဲ့အနေအထားမျိုးလို့တော့ သုံးသပ်လို့ရတယ်။

ရီးယဲလ်မက်ဒရစ်

လက်ရှိမှာ ရီးယဲလ်က အဆင့် ၃ နေရာမှာ။ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ဘာစီလိုနာထက်တစ်ပွဲပိုကစားထားတယ်။ ပြီးတော့လေးမှတ် လျော့နေတယ်။ ဒါပေမဲ့ ဒုတိယနေရာက အက်သလက်တီကိုနဲ့တော့ တစ်မှတ်ပဲကွာတော့တယ်။ ဒါကြောင့်နည်းပြဇီဒန်းအနေနဲ့ ဖိအားတွေ များနေတယ်။ အဓိကဖိအားကတော့ ဘာစီလိုနာကိုအမီလိုက်နိုင်ဖို့ပါ။ ဒီအချက်ကအရေးကြီးဆုံးဖြစ်နေသလို မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို ကျော်တက်ဖို့လိုနေတယ်။ ဇီဒန်းအနေနဲ့ လေးပွဲကိုင်တွယ်ပြီးခဲ့ချိန်မှာ အားရစရာရလဒ်တွေကိုတော့ တွေ့ရတယ်။ သုံးပွဲနိုင်၊ တစ်ပွဲသရေကျထားတယ်။ ၁၇ ဂိုးသွင်းထားပြီး နှစ်ဂိုးပဲပေးရတယ်။ သို့သော် သူကိုင်ခဲ့တဲ့လာလီဂါအဝေးကွင်းပွဲကတော့ နိုင်ပွဲမရခဲ့ ဘူး။ ဘက်တစ်နဲ့တစ်ဂိုးစီသရေကျတယ်။ ဒါကြောင့်အဝေးကွင်းနိုင်ပွဲရဖို့ အရင်ဆုံးကြိုးစားပြရမယ်။ နောက်တစ်ချက်က ချန်ပီယံဆုယူမယ့် အသင်းက အသင်းချောင်တွေနဲ့တွေ့ရင် အမှတ်ပြည့်ယူထားဖို့တော့လိုတယ်။ ဇီဒန်းလက်ထက်မှာ ပထမဆုံးအဝေးကွင်းနိုင်ပွဲရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်ရမယ့် အနေအထားပါ။

သုံးသပ်ချက်

ဒီရာသီပထမအကျော့မှာတုန်းက ရီးယဲလ်ကွင်းမှာ ရီးယဲလ် ၁-၀ နဲ့နိုင်ထားတယ်။ ၂၀၁၄-၁၅ လာလီဂါပြိုင်ပွဲ အိမ်ကွင်းမှာ ရီးယဲလ်က ၉-၁ ဂိုးနဲ့ အနိုင်ရတယ်။ ဒုတိယအကျော့ဂရန်နာဒါကွင်းမှာ ဝ-၄ နဲ့အနိုင်ရတယ်။ အဲဒီတော့ ရီးယဲလ်က အပြတ်အသတ်ချည်းပါပဲ။ ဒီရာသီမှာတော့ အိမ်ကွင်းမှာ ဂိုးသွင်းနည်းခဲ့တယ်။ ကျန်တဲ့ပွဲတွေမှာတော့ အနိုင်ရအောင်ကစားနိုင်တယ်။ ဂိုးလည်းပြတ်တာတွေ့ရတယ်။ ဒီပွဲရလဒ်နဲ့ပတ်သက်ပြီးတော့ အဖြေကရှင်းရှင်းကြီးပါ။ ရီးယဲလ်က ဇီဒန်းလက်ထက်မှာ တိုက်စစ်အားတက်လာတယ်။ အဝေးကွင်းနိုင်ပွဲလည်း လိုအပ်နေတယ်။ ပြီးတော့အသင်းချောင်လည်းဖြစ်တယ်။ ကစားသမားအင်အားကလည်း တစ်ဖက်သတ်အသာစီးရနေတယ်။ ဂရန်နာဒါမှာ လည်းလူသိတဲ့ကစားသမားတစ်ယောက်မှ မရှိသလောက်ပဲ။ မထင်မရှားကစားသမားတွေနဲ့ အခြေပြုထားတယ်။ ဒါပေမဲ့တစ်ခုသတိထားရ မှာက ဂရန်နာဒါက အိမ်ကွင်းမှာ အမှတ်ရဖို့အတွက်ရုန်းကန်ရမယ်။ ဘာကြောင့်လည်းဆိုတော့ တန်းဆင်းဇုန်လွတ်ဖို့အတွက်။ ဒါပေမဲ့လည်း အဖက်ဖက်ကခြုံငုံကြည့်မယ်ဆိုရင်တော့ ဒီပွဲက ရီးယဲလ်ပဲအသာရမယ်လို့ ခန့်မှန်းချင်တယ်။ ဇီဒန်းအဝေးကွင်းနိုင်ပွဲစယူသွားလိမ့်မယ်။ ဂိုးပြတ်နိုင်ပွဲယူမယ်လို့ ခန့်မှန်းချင်တယ်။ ဂိုးရလဒ်ကတော့ ဂရန်နာဒါ ၁-၄ ရီးယဲလ်မက်ဒရစ်ပါ။

အလှဆုံးပွဲရွေးချယ်မှု ရီးယဲလ်မက်ဒရစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly