ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင််ကြောင့် အဆောက်အဦများပြိုကျကာ လူသုံးဦးသေဆုံး

ထိုင်ဝမ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင််ကြောင့် အဆောက်အဦများပြိုကျကာ လူသုံးဦးသေဆုံး

တိုင်ပေ၊ ဖေဖော်ဝါရီ ၆ ။              ။ ဖေဖော်ဝါရီ ၆ က ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်ဝမ်တောင်ပိုင်း တယ်နန်မြို့တွင် ၁၆ ထပ်မြင့် အဆောက်အဦကြီး ပြိုကျခဲ့ရာ ၁၀ လသား အရွယ် ကလေးတစ်ဦးအပါအဝင် လူသုံးဦးသေဆုံးခဲ့သည်။

"အဲဒီလူသုံးဦးက ဆေးရုံမပို့ခင်ကတည်းက အသက်ရှင်တဲ့လက္ခဏာမရှိပါဘူး"ဟု အမျိုးသားမီးသတ်အေဂျင်စီမှ ပြောခွင့်ရအမျိုးသား လင်ကွမ်ချန်က ပြောသည်။ ကယ်ဆယ်သူများမှာ အတွင်း၌ ပိတ်မိနေ သူများကို လွတ်မြောက်စေရန် ရုန်းကန်နေရသည်။ ကယ်ဆယ်သူများက ဟိုက်ဒရောလစ်လှေကားများ၊ ကရိန်းများသုံးကာ အပျက်အစီးကြားမှ ရှင်သန်သူ ၁၂၀ကျော်ကို အန္တရာယ်ကင်းအောင်း ဆွဲထုတ်နိုင်ခဲ့ပြီး အနည်းဆုံး ၂၆ ဦးကို ဆေးရုံသို့ပို့ခဲ့သည်ဟု မီးသတ်အရာရှိတစ်ဦးက ပြောသည်။

မူလငလျင်ကြီးလှုပ်ပြီးနောက် နာရီဝက်ခန့်ကြာသည်အထိ ပြင်းအား ၃ဒသမ၈ရှိ ငလျင်ငယ် အနည်းဆုံးငါးခုခန့် လှုပ်ခတ်ခဲ့သည်ဟု ထိုင်ဝမ်၏ ဗဟိုရာသီဥတုဗျူရိုက ပြောသည်။ ကယ်ဆယ်သူများသည် အပျက်အစီးကြားမှ အသက်ရှင်သူများကို ရှာဖွေရန် ခွေးများနှင့် အသံပိုင်းဆိုင်ရာကိရိယာများ အသုံးပြုခဲ့ကြသည်။

"အဲဒီအဆောက်အဦကြီးမှာ အိမ်ထောင်စု ၆၀ ရှိပါတယ်"ဟု တယ်နန်မီးသတ်ဋ္ဌာနပြန်ကြားရေးအရာရှိ လီပိုမင်းက ပြောသည်။ လူဦးရေးအားဖြင့် ၂၄၀ခန့်ရှိမည်ဟုလည်း ၎င်းက ခန့်မှန်းပြောကြားခဲ့ သည်။ ဆေးရုံသို့ လူ ၅၈ဦးရောက်လာပြီး အများစုမှာ အသေးစားဒဏ်ရာများသာ ရရှိထားသည်ဟု တယ်နန်မြို့ဆေးရုံတစ်ခုက ပြောသည်။

မူလက ငလျင်ပြင်းအားမှာ ၆ဒသမ၇အထိရှိသည်ဟု ဖော်ပြခဲ့သော်လည်း ငလျင်၏ပြင်းအားမှာ ၆ဒသမ၄သာရှိသည်ဟု အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့(USGS)က ပြောသည်။

ငလျင်မှာ လူဦးရေ နှစ်သန်းနီးပါးရှိ တယ်နန်မြို့၏ အရှေ့တောင်ဘက် ၄၃ ကီလိုမီတာအကွာတွင် ဗဟိုပြုသည်ဟု သိရသည်။ ငလျင်မှာ အနက် ၁၀ကီလိုမီတာသာရှိ၍ အလွန်တိမ်ကာ သက်ရောက်မှု ကြီးမားသည်ဟု USGS ကဆိုသည်။ ပျက်စီးမှုရှိသော ဆူနာမီဖြစ်ပေါ်နိုင်ဖွယ်မရှိဟု ပစိဖိတ်ဆူနာမီသတိပေးစင်တာက ပြောသည်။

ပြိုကျရာသို့ မီးသတ်များ၊ ရဲများနှင့် စစ်သားများရောက်လာချိန် ပြိုကျသော တိုက်ခန်းအဆောက်အဦးကြီးအတွင်းမှ ပိတ်မိနေသော လူများ၏ အော်ဟစ်အကူအညီတောင်းသံများ၎င်း၏ သတင်းထောက်များက ကြားရသည်ဟု ဖော်မိုဆာရုပ်သံက အစီရင်ခံသည်။

ထိုင်ဝမ်သည် တိုက်မြေထုချပ်ကြီးနှစ်ခုဆုံရာအနီးတွင် တည်ရှိသဖြင့် ငလျင်များ ပုံမှန် လှုပ်လေ့ရှိသည်။ ၂၀၁၃ ဇွန်လက ထိုင်ဝမ်အလယ်ပိုင်းတွင် ၆ဒသမ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ လေးဦးသေဆုံးပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ ၁၉၉၉ စက်တင်ဘာကလည်း ၇ဒသမ၆ပြင်းအားရှိ ငလျင်ကြောင့် လူ ၂,၄၀၀ခန့်သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly