ဗဟိုဆာဗာအတွင်း အခြေခံမဲစာရင်း ၂၉သန်း ရောက်ရှိနေပြီဟု ဦးတင်အေးပြော

ဗဟိုဆာဗာအတွင်း အခြေခံမဲစာရင်း ၂၉သန်း ရောက်ရှိနေပြီဟု ဦးတင်အေးပြော

ရန်ကုန် ဇွန် ၂၆ ။        ။ ၂၀၁၄ခုနှစ် နိုဝင်ဘာမှ စတင်ပြုစုသည့် အခြေခံမဲဆန္ဒရှင် ပေါင်း ၂၉ သန်းထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နေပြည်တော် ဗဟိုဆာဗာ (အချက်အလက်စုဆောင်းထားသည့်နေရာ) အတွင်းရောက်ရှိနေပြီးဖြစ်သည်ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဇွန်လ ၂၆ရက်တွင် ပြောသည်။

ကမာရွတ်မြို့နယ် နိုဗိုတယ်ဟိုတယ်၌ ဇွန်လ ၂၆ရက်က ပြုလုပ်သည့် 'နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲအခမ်းအနား' တွင် ဖြေကြားခြင်းဖြစ်သည်။

"အခုကျွန်တော့်မိန်းဆာဗာထဲမှာ မဲစာရင်းပေါင်း ၂၉သန်း ရောက်နေပြီ။ ဒါတွေကို အင်တာနက်က ကြည့်နိုင်အောင် လုပ်နေတယ်။ မဲစာရင်းကို ၆လ တစ်ကြိမ်၊ ၃လတစ်ကြိမ် update လုပ်မှာ။ နောက်ရွေးကောက်ပွဲတွေအထိ သုံးရအောင်။ အမှားတွေပဲ ထောက်ပြနေရင်တော့ ကောင်းကျိုးက ရမှာမဟုတ်ဘူး။" ဟု ဦးတင်အေးက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုရှယ်လစ်အစိုးရခေတ်တွင် ပြုစုထားသည့် အိမ်ထောင်စုစာရင်းများကို အခြေခံကာ ကောက်ယူထားခြင်းကြောင့် မှားယွင်းမှု ရာခိုင်နှုန်းများပြားနေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောထားသည်။

"ကျွန်တော်အနေနဲ့တော့ မဲစာရင်းတွေကို ၂၀၁၄ခုနှစ်က သန်းခေါင်စာရင်းနဲ့ သေချာကိုက်ညီလုပ်တာ အမှန်ကန်ဆုံး ဖြစ်မယ်လို့ အကြုံပြုချင်တယ်။ ရာနှုန်းပြည့်မှန်ရမယ်ပြောတာ မဟုတ်ပေမယ့် ၉၀ရာခိုင်နှုန်း ကျော်တော့ မှန်ရမယ်။" ဟု ၎င်းကဆိုထားသည်။

၂၀၁၄ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကို ပယ်ဖျက်ကြောင်း ကြေငြာသည့် ၂၀၁၄ခုနှစ် သြဂုတ်လတွင်မူ ရွေးကောက်ပွဲ ကော်မရှင် အဖွ့ဲဝင် ဦးဝင်းကြည်က ၂၀၁၅ခုနှစ်တွင် မဲဆန္ဒပေးနိုင်သူ သန်း ၃၀ကျော် ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုထားသည်။

မဲစာရင်းများတွင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ အရေအတွက် မပါရှိသေးဟု ဆိုသော်လည်း ၎င်းတို့ မူလနေထိုင်ရာမြို့နယ် များရှိ အိမ်ထောင်စု စာရင်းဝင် ဖြစ်နေသေးပါက လက်ရှိကော်မရှင်ဗဟိုဆာဗာအတွင်း ရောက်ရှိနေသည့် မဲဆန္ဒရှင်စာရင်းများတွင် မူလနေထိုင်ရာမြို့နယ်ကိုအခြေခံ၍ ၎င်းတို့အမည်များ ပါရှိမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိသည့် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကလည်း ဆန္ဒမဲပေးခွင့်ရှိသူမှာ ၂၉သန်း ကျော် ထိရှိခဲ့သည်ဟု ၂၀၁၀ ၌ တာဝန်ယူခဲ့သည့် ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly